ကြားဖြတ်သတင်း

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းဒေသက တောင်သူများရဲ့သောက

ကျောက်ဖြူအထူးစီးပွားရေးဇုန် နယ်နိမိတ်တိုင်းတာသတ်မှတ်ခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ဆောင်ရွက်ပြီးစီးခဲ့ပါတယ်။ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ရဲ့ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့ ထုတ်ပြန်ချက်အရ ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် မြေဧရိယာ (၄၂၈၉.၃၂) ဧက (၁၇၃၅.၈၃ ဟတ်တာ) ကို နယ်နမိတ်သတ်မှတ်ထားပြီး အထူးစီးပွားရေးဇုန်လုပ်ငန်းစဉ် (၃) ခုဖြစ်တဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ၆၀၇ ဒသမ ၈၈ ဧက၊ စက်မှုဇုန်စီမံကိန်းအတွက် ၂၄၄၆ ဒသမ ၀၇ ဧက နဲ့ အဆင့်မြင့်အိမ်ရာစီမံကိန်းအတွက် ၁၂၃၅ ဒသမ ၃၇ ဧက အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်

Admin 15 Nov 2022

DMG ၊ နိုဝင်ဘာ ၁၆

(ဆောင်းပါး)

အပိုင်း (၁)

အသက်(၂၀)အရွယ်ကပင် လုပ်ယာလုပ်ငန်းခွင်ထဲ ရောက်ရှိလာခဲ့တဲ့ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာအုပ်စု၊ ပျားတဲကျေးရွာက ဒေါ်မေလတ်ကြည်ဟာ မိဘတွေအမွေပေးခဲ့တဲ့ လယ်ယာမြေ၊ ဥယျာဉ်တွေကို လုပ်ကိုင်လာခဲ့တာ အခုဆိုရင် သူမအသက် ၅၈ နှစ်တောင် ရှိလာခဲ့ပါပြီ။ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေရတာကြောင့် မကြီးပွားပေမဲ့ မနိမ့်ကျတဲ့အဆင့်မှာ သူမတို့မိသားစုက ရပ်တည်နေနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကစပြီး သူမအတွက် စိုးရိမ်စရာကိစ္စရပ်တစ်ခုက မမျှော်လင့်ဘဲ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာခဲ့တဲ့ သူမတို့ရဲ့လယ်ယာမြေတွေဟာ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာအတွင်း ပါဝင်နေတယ်ဆိုတာကို သိရှိလိုက်ရတာကြောင့် ဖြစ်ပါတယ်။

“အရီးတို့လယ်က စီမံကိန်းကြောင့် မြေသိမ်းမယ့်ထဲမှာပါတယ်လို့ ပြောကြတယ်။ အတိအကျတော့ မသိဘူး”လို့ ဒေါ်မေလတ်ကြည်က ဆိုပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ရဲ့ ကနဦး စတင်အကောင်အထည်ဖော်မယ့် စက်မှုဉယျာဉ်ခေါ် စက်မှုဇုန် ဧရိယာအတွက် မြေဧက (၂၅၀)သတ်မှတ်ထားတာမှာ ဒေါ်မေလတ်ကြည်ပိုင်ဆိုင်တဲ့ လယ်ယာမြေ ၇ ဧကကျော် ပါဝင်နေတာ ဖြစ်ပါတယ်။ အဲဒီမြေဧက (၂၅၀)မှာ ၂၀၁၅ မှ ၂၀၂၀ ခုနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရမှာဖြစ်တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်က မြေသိမ်းဖို့ ပြင်ဆင်မှုတချို့ရှိခဲ့ပေမဲ့ ကမ္ဘာတဝှမ်းဖြစ်ပွားခဲ့တဲ့ ကိုဗစ်နိုင်တင်း ရောဂါအခြေအနေတွေကြောင့် ရပ်ဆိုင်းနေခဲ့တာလည်း ဖြစ်ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် နယ်နိမိတ်တိုင်းတာသတ်မှတ်ခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ဆောင်ရွက်ပြီးစီးခဲ့ပါတယ်။ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ရဲ့ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့ ထုတ်ပြန်ချက်အရ ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် မြေဧရိယာ (၄၂၈၉.၃၂) ဧက (၁၇၃၅.၈၃ ဟတ်တာ) ကို နယ်နမိတ်သတ်မှတ်ထားပြီး အထူးစီးပွားရေးဇုန်လုပ်ငန်းစဉ် (၃) ခုဖြစ်တဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ၆၀၇ ဒသမ ၈၈ ဧက၊ စက်မှုဇုန်စီမံကိန်းအတွက် ၂၄၄၆ ဒသမ ၀၇ ဧက နဲ့ အဆင့်မြင့်အိမ်ရာစီမံကိန်းအတွက် ၁၂၃၅ ဒသမ ၃၇ ဧက အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။

စီမံကိန်းဧရိယာထဲမှာ မဒေးကျွန်းနဲ့ ရမ်းဗြဲကျွန်းက ကြတ္တိန်၊ ကန္ဒီး၊ ချောင်းဝ၊ သိုင်းချောင်း၊ စစ်တော၊ ကပ်သပြေ၊ မင်းပြင်၊ ဒိုးမတောင်၊ မဒေးကျွန်း စတဲ့ ကျေးရွာအုပ်စု(၉)ခုက ဒေသခံတွေ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်ယာမြေ၊ ဉယျာဉ်မြေ၊ စားကျက်မြေတွေနဲ့ မြစ်ချောင်းအင်းအိုင်တွေ ပါဝင်နေတာပါ။ ဒါကြောင့် စီမံကိန်းအကောင်အထည် ဖော်လိုက်လို့ရှိရင် သူတို့လုပ်ကိုင်စားသောက်နေတဲ့ လုပ်ကွက်တွေ ဆုံးရှုံးပျောက်ကွယ်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

“သူတို့သာ စီမံကိန်းစတင်လိုက်ရင် ကျမတို့မဒေးကျွန်းသားတွေက ဘာလုပ်စားရတော့မလဲ။ ကုမ္ပဏီတွေ ဝင်လာရင်လည်း ကျမတို့အလုပ်ရမယ်မထင်ဘူး။ သူတို့မှာက အလုပ်သမားတွေ အကုန်လုံးပါလာကြတယ်။ ဒေသခံတွေက အလုပ်မရဘူး။ သူတို့မှာက အလုပ်သမားငါးဆယ်လိုရင် ငါးဆယ်ပါလာတယ်။ သုံးဆယ်လိုရင် သုံးဆယ်ပါလာတယ်”လို့ မဒေးကျွန်းဒေသခံ မတင်ဝေခိုင်က ပြောပါတယ်။

စီမံကိန်းတာဝန်ရှိသူတွေကတော့ ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမယ်လို့ ပြောဆိုထားကြပေမဲ့ ရှေ့မှာလည်း ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတို့လို စီမံကိန်းတချို့ကို ကြုံဖူးတာကြောင့် အယုံအကြည်မရှိ ဖြစ်နေကြပါတယ်။ ဒါ့အပြင် ဒေသခံတွေကို အုတ်ပြောင်း၊ သဲထမ်းစတဲ့ အခြေခံလုပ်သားနေရာ တစ်ခုတည်းအတွက် မဟုတ်ဘဲ စီမံခန့်ခွဲမှုနဲ့ တခြားလုပ်ငန်းပိုင်းဆိုင်ရာတွေမှာပါ အသုံးပြုပေးဖို့ လိုလားနေကြတာပါ။

ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင်ရေး Master Plan ထဲမှာတော့ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနဲ့ ကျွမ်းကျင်လုပ်သားတွေ ဖြစ်မြောက်လာစေရေးအတွက် ထည့်သွင်းရေးဆွဲ ထားတယ်လို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေဆီက သိရပါတယ်။

အပိုင်း (၂)

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ အသုံးပြုကာ တရုတ်နိုင်ငံပိုင် ကော်ပိုရေးရှင်း CITIC ဦးဆောင်တဲ့ ကုမ္ပဏီအစုအဖွဲ့က ဆောက်လုပ်အကောင်အထည်ဖော်ဆောင် သွားမှာဖြစ်ပြီး ဒီစီမံကိန်းဟာ ဒီမိုကရေစီအစိုးရနှစ်ဆက်နဲ့ ၂၀၂၁ ခုနှစ်မှာ နိုင်ငံတော်ကို စစ်တပ်က အာဏာသိမ်းလိုက်ချိန်အထိ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်လာနေပြီလည်း ဖြစ်ပါတယ်။ ကျောက်ဖြူ SEZ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ BRI ခေါ် ခါးပတ်လမ်းစီမံကိန်းရဲ့ တစိတ်တပိုင်းအဖြစ် ပုံဖော်လေ့ရှိပေမဲ့ ကျောက်ဖြူ SEZ စတင် သန္ဓေတည်ချိန်ဟာ BRI ကို စတင်အဆိုပြုချိန်ထက် များစွာစောနေခဲ့တာကို တွေ့ရပါတယ်။

၂၀၀၉ ခုနှစ် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများ စတင်ချိန်ကပင် တရုတ်နဲ့မြန်မာတို့ အကြား ကျောက်ဖြူမြို့မှာ ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်ကို ချိတ်ဆက်ပေးမည့် ရထားလမ်းစီမံကိန်းဆွေးနွေးချက်များ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ကျောက်ဖြူ SEZ ရဲ့ စီမံကိန်းသုံးခုထဲက တစ်ခုဖြစ်တဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းဟာဆိုရင် တရုတ်နိုင်ငံကို ရေနံတင်ပို့ရာမှာ မလေးကျွန်းဆွယ်ရှိ မလက္ကာရေလက်ကြားကို အသုံးပြုရန်မလိုတော့ဘဲ အိန္ဒိယသမုဒ္ဒရာအား တိုက်ရိုက်အသုံးပြုခွင့်ရရှိစေမယ့် မဟာဗျူဟာစီမံကိန်းတစ်ခုဖြစ်ပြီး တရုတ်ကုန်းတွင်းပိတ်ပြည်နယ် တစ်ခုဖြစ်တဲ့ ယူနန်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အရေးပါတဲ့စီမံကိန်းတစ်ခုလည်း ဖြစ်နေပါတယ်။

ဦးသိန်းစိန်အစိုးလက်ထက် ၂၀၁၃ ခုနှစ်မှာ ကနဦးသဘောတူညီချက်အရ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်ဘက်မှ အစုရှယ်ယာ ၈၅ ရာခိုင်နှုန်းပိုင်ဆိုင်မှာဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းကို မြန်မာဘက်က မြေနေရာထည့်ဝင်ရာမှာ ဖြစ်ပါတယ်။ NLD အစိုးရတက်လာပြီးနောက်မှာတော့ အစုရှယ်ယာ ခွဲဝေမှုဆိုင်ရာ ကိစ္စရပ်တွေကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး တရုတ်က ၇၀ ရာခိုင်နှုန်း၊ မြန်မာက ၃၀ ရာခိုင်နှုန်းနဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ မူဘောင်သဘောတူညီမှုစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းပြီးနောက် မေလ (၃) ရက်နေ့မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီကို ပြန်လည်ဖွဲ့စည်းလိုက်ပြီး ကော်မတီဉက္ကဌအဖြစ် ရထားပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဟောင်း ဦးမြင့်သိန်းကို တင်မြှောက်လိုက်ပါတယ်။ ဒုတိယဉက္ကဌအဖြစ် ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးစံရွှေမောင်ကို တင်မြှောက်ကာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာက တာဝန်ရှိသူများနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရခိုင်ပြည်နယ်)မှ တာဝန်ရှိသူများ ပါဝင်လာတာကို တွေ့ရပါတယ်။

အပိုင်း (၃)

လက်ရှိမှာတော့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုစစ်တမ်းနဲ့ လူမှုစီးပွား ထိခိုက်နိုင်မှုစစ်တမ်း (ESIA)လုပ်ငန်းတကို တရုတ်ကုမ္ပဏီ(CITIC)ဆီက လုပ်ပိုင်ခွင့်ရရှိထားတဲ့ Myanmar Survey Research (MSR)အဖွဲ့က ကောက်ယူလျက်ရှိနေပါတယ်။

MSR အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့သြဂုတ်လ နောက်ဆုံးအပတ်မှာ ဒေသခံတွေနဲ့တွေ့ဆုံပွဲကို ကျောက်ဖြူမြို့နယ်မှာ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပြီး ကျန်လုပ်ငန်းစဉ်တွေကိုလည်း လာမယ့် ၂၀၂၃ ခုနှစ်မကုန်မီ အပြီးသတ် ဆောင်ရွက်သွားမယ်လို့ MSR အဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

ESIA လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ ဒေသခံတစ်ဦးချင်းစီရဲ့ သဘောထားမှတ်ချက်တွေကို တွေ့ရှိချက်အတိုင်း တင်ပြသွားမှာဖြစ်ကြောင်းနဲ့ ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း စစ်တမ်းမှာ ဖော်ပြသွားမယ်လို့ ဆိုပါတယ်။

လက်ရှိ စီမံကိန်းအတွင်းဇုန်မှာ ကျေးရွာ ၁၆ ရွာပါဝင်နေပြီး အိမ်ထောင်စုပေါင်း ၂၃၀၀ ရှိကြောင်းနဲ့ စီမံကိန်း အပြင်ဇုန်မှာ ကျေးရွာပေါင်း ၅၀ ကျော်ပါဝင်ပြီး အဲဒီနေရာတွအားလုံးကို ကွင်းဆင်းစစ်တမ်းကောက်သွားမယ်လို့ MSR အဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

စာချုပ်ပါ သဘောတူညီချက်တွေအရဆိုရင် မဒေးကျွန်းရေနက်ဆိပ်ကမ်းနဲ့ ရမ်းဗြဲကျွန်းရေနက်ဆိပ်ကမ်းစီမံကိန်း အစိတ်အပိုင်းတွေ၊ စီမံကိန်းတည်ရှိတဲ့ ကျွန်းနှစ်ကျွန်းကိုဆက်သွယ်မယ့် ၁၅-ကီလိုမီတာအရှည်၊ ၄-လမ်းမောင်းလမ်းနဲ့ တံတားတည်ဆောက်ရေးလုပ်ငန်းတွေအတွက် ESIA လေ့လာဆန်းစစ်ချက်တွေကိုလည်း Myanmar Survey Research အဖွဲ့က လုပ်ဆောင်ရမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စီမံကိန်းဧရိယာထဲက လယ်ယာမြေတွေကို စီးပွားရေးလုပ်ငန်းရှင်များက ဝယ်ယူမှုတွေရှိနေပြီး တချို့တောင်သူတွေကတော့ ရောင်းချထားကြပြီးဖြစ်ပါတယ်။ တချို့ကလည်း လုပ်စားစရာမရှိဖြစ်သွားမှာကို စိုးရိမ်သလို ကြိုက်ဈေးမရတဲ့အတွက် မရောင်းချကြသေးတာတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတုန်းကလို မတရားမြေသိမ်းခံရမှာကို စိုးရိမ်တဲ့အတွက် အထူးစီးပွားရေးဇုန် တည်ဆောက်မယ့်အကြောင်းကို ကြားသိတာနဲ့ လယ်ယာမြေတွေကို အောက်ဈေးနဲ့ရောင်းလိုက်ကြရပြီး လက်ရှိမှာ လုပ်စားစရာမရှိဖြစ်နေတဲ့ ဒေသခံတွေလည်း အများအပြားရှိနေပါတယ်။

“သူဌေးတွေက ကွင်းဆင်းပြီးတော့ ဝယ်နေကြပြီ။ ဒီရွာကိုလာဝယ်တာ နှစ်ခေါက်လောက်တောင် ရှိပြီ။ ကျနော်တို့က ဈေးမရလို့ မရောင်းသေးဘူး။ သူတို့ကတော့ စားကျက်မြေကို ၁၄၀၊ ဉယျဉ်မြေကို ၁၇၀ ၊ လယ်ယာမြေကို ၁၂၀ ပေးတယ်။ ကျနော်တို့ကတော့ တစ်ဧကကို သိန်း ၂၅၀ မရရင် မရောင်းဘူးလို့ တွေးထားတယ်။ လယ်ပဲဖြစ်ဖြစ်၊ ဉယျဉ်ပဲဖြစ်ဖြစ်၊ စားကျက်မြေပဲဖြစ်ဖြစ် တစ်ဧကကို သိန်း ၂၅၀ ရမှ ကျနော်တို့အတွက် အဆင်ပြေနိုင်မယ်”လို့ မဒေးကျွန်းဒေသခံ ဦးမောင်မောင်ဝင်းက ပြောပါတယ်။

ဦးမောင်မောင်ဝင်း တို့မိသားစု လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေ (၅) ဧကဟာ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းမှာ တည်ဆောက်မယ့် ရေနက်ဆိပ်ကမ်း အမှတ်(၁) နယ်နိမိတ်ဧရိယာမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။

အပိုင်း (၄)

ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်မယ် နယ်နိမိတ်ဧရိယာတွေထဲမှာ လယ်ယာမြေပြဿနာတွေလည်း ဖြစ်ပေါ်လျက်ရှိနေပါတယ်။ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာတဲ့ လယ်ယာမြေတွေအတွက် ပိုင်ဆိုင်မှုအထောက်အထား မပြည့်စုံမှုတွေ၊ မြေယာပိုင်ဆိုင်မှု လျောက်ထားတာကို ဌာနဆိုင်ရာတွေက ပယ်ချမှုတွေနဲ့ ဥပဒေကို တတ်သိနားလည်သူတွေက ဌာနဆိုင်ရာတွေနဲ့ပေါင်းပြီး မြေယာအမည်ပေါက် ရယူထားမှုတွေ ဖြစ်ပေါ်နေတာပါ။

စက်မှုဇုန်စီမံကိန်းတည်ဆောက်ဖို့အတွက် NLD အစိုးရလက်ထက်က ကနဉီးသိမ်းဆည်းဖို့ တိုင်းတာခဲ့တဲ့ ကျောက်ဖြူ-ရန်ကုန်ကားလမ်းမ စစ်တောလမ်းဆုံအနီးက မြေဧက(၂၅၀)အတွင်းမှာ ဒေသခံလယ်ပိုင်ရှင် (၇၂)ဦးရဲ့ လယ်ယာမြေတွေ ပါဝင်နေပါတယ်။ အဲဒီလယ်ယာမြေတွေထဲမှာ ဒေသခံလယ်ပိုင်ရှင်တွေ မသိဘဲ အခြားဒေသနေ ဦးလှမျိုး၊ ဦးဇော်မိုးဝင်းနဲ့ ဦးသိန်းစိန် တို့သုံးဦးဟာ (လ/န-၃၉)လက်မှတ်ဖြစ်တဲ့ မြေကို အခြားမြေအဖြစ် သုံးစွဲပိုင်ခွင့်ရရှိထားကြတာကို တွေ့ရပါတယ်။

မြေဧက (၂၅၀)ထဲမှာ လယ်ယာမြေ (၉၀.၄၀)ဧက၊ ဥယျာဉ်မြေ (၂၉.၃၃)ဧက၊ မြေလွတ်မြေရိုင်း (၆၈.၆၆) ဧက၊ (လ/န-၃၉)ကျပြီးမြေ (၆၁.၆၀)ဧကပါရှိတယ်လို့ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ (လ/န-၃၉)ကျပြီးမြေဧက (၆၁.၆၀)ကို ပိုင်ဆိုင်ထားသူ သုံးဦးရဲ့မြေမှာ ကျူးကျော်လုပ်ကိုင်သူ (၂၂)ဦးရှိနေတယ်လို့ ပါရှိတာကြောင့် မိရိုးဖလာလုပ်ကိုင် စားသောက်လာကြတဲ့ လယ်သမား(၂၂)ဦးဟာ ဘာမှမသိဘဲ ပြစ်ဒဏ်ကျခံရနိုင်တဲ့ အခြေအနေထိ ဖြစ်ပေါ်နေပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေးအဖွဲ့မှာ လုပ်ကိုင်နေတဲ့ ကိုခင်ဦးကတော့ “အခုလက်ရှိ ဥပဒေက ဘယ်လိုဖြစ်နေလဲဆိုရင် အမှန်တကယ် နှစ်ပေါင်းမြောက်မြားစွာ လုပ်ကိုင်စားသောက်လာတဲ့ လယ်သမားတွေက ကိုယ့်လယ်မှာကိုယ်လုပ်ရင်း ကျူးကျော်ပုံစံမျိုး ဖြစ်နေကြတယ်။ ဒါတွေကမဖြစ်သင့်ဘူး။ ဒီဟာတွေကို သက်ဆိုင်ရာကုမ္ပဏီပဲဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ်၊ လူမှုအဖွဲ့အစည်းတွေကပဲဖြစ်ဖြစ် ပွင့်လင်းမြင်သာစွာချပြပြီး အဲဒီပြဿနာတွေကို ဖြေရှင်းသင့်တယ်”လို့ ပြောပါတယ်။

လက်ရှိမှာတော့ စီမံကိန်းဧရိယာထဲမှာပါဝင်နေတဲ့ ဒေသခံတောင်သူတွေကို စီမံကိန်းနဲ့ပတ်သက်ပြီး ပွင်လင်းမြင်သာစွာချပြမှု အားနည်းနေသေးပြီး အရင်တုန်းက ဖော်ဆောင်ခဲ့တဲ့ ရွှေသဘာဝဓာတ်ငွေ့ပိုင်လိုင်း စီမံကိန်းတုန်းကလိုမျိုး ဒေသခံတွေပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို တခြားသူတွေက အမည်ပေါက်ရယူပြီး လျော်ကြေးထုတ်ယူသွားမှုတွေ၊ လျော်ကြေးငွေအနည်းငယ်သာပေးပြီး မြေသိမ်းမှုတွေဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။

“ဒေသခံတောင်သူတွေရဲ့ အခက်အခဲကတော့ သိမ်းဆယ့်မယ့်ဧက ၂၅၀ ထဲမှာက ဧကကိုးဆယ်လောက်ပဲ လျှော်ကြေးငွေရမယ့် အခြေအနေရှိတယ်။ ကျန်တဲ့ဧက ၁၆၀ လောက်ကို ပေးဖို့အစီအစဉ်မရှိဘူးလို့ သိရတယ်။ အဲ့ဒါကို ကျနော်တို့တောင်သူတွေက လုံးဝလက်မခံဘူး။ နောက်ပိုင်း ကျောက်ဖြူက အဖွဲ့အစည်းတွေနဲ့ ဦးမြင့်သိန်းတို့ ရောက်လာပြီး တစ်ဧကကို ၁၈ သိန်းပေးမယ်ဆိုပြီး ကျနော်တို့ရုံးမှာတွေ့ပြီးတော့ ပြောကြတယ်။ ပိုက်ဆံပါတစ်ခါတည်းချေမယ်လုပ်တော့ ကျနော်တို့လယ်သမားတွေက လုံးဝလက်မခံကြလို့ သူတို့လည်း နောက်ဆုတ်သွားကြတယ်။ ဒီနေ့အထိတော့ အေးအေးဆေးဆေးပဲ ကိုယ့်လယ်မှာကိုယ်လုပ်စားနေကြတယ်”လို့ ကျောက်ဖြူ SEZ ဒေသ တောင်သူလယ်သမားများ လူမှုစီးပွားဖွံ့ဖြိုးမှုအသင်း (ဥက္ကဌ) ဦးလှသိန်းက ပြောပါတယ်။

စီမံကိန်းအတွက် လယ်ယာမြေတွေ သိမ်းဆည်းသွားရင်လည်း အလုပ်အကိုင်အခွင့်အလမ်း ဆိုတာထက် လယ်ယာမြေတွေပဲ ပြန်အစားထိုးပေးဖို့အတွက် တောင်သူတွေက အလိုရှိနေကြတယ်လို့ ဦးလှသိန်းက ဆက်ပြောပါတယ်။

“ဒီနေရာမှာက မိဘဘိုးဘွားစဉ်ဆက်ကတည်းက လယ်ပဲလုပ်စားလာကြတာဆိုတော့ တခြားလုပ်ငန်းတွေကို မလုပ်တတ်ကြဘူး”လို့ သူကဆိုပါတယ်။

အပိုင်း(၅)

မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းက ဘင်္ဂလားပင်လယ်အော်ကို မှေးတင်ထားတဲ့ ကျောက်ဖြူမြို့ဟာ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာ စိုးမိုးနိုင်ရေးအတွက် အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်သလို တရုတ်ထုတ်ကုန် ပစ္စည်းတွေ ကမ္ဘာတလွှားဖြန့်ချိနိုင်ရေးအတွက် အရေးပါတဲ့နေရာတစ်ခုလည်း ဖြစ်နေပါတယ်။

ကျောက်ဖြူ SEZ အကောင်အထည်ဖော်ဆောင်ရေးမှာ ပါဝင်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းဟာ ရခိုင်ပြည်အတွက် များစွာအကျိုးရှိနိုင်ပြီး ပြည်ပရောက်ရခိုင်တွေ အိမ်ပြန်လာနိုင်ရေးအတွက် မျှော်လင့်ချက်တစ်ခုဖြစ်တယ်ဆိုပြီး ထောက်ခံကြိုဆိုနေကြပါတယ်။

“စီမံကိန်းတစ်ခုလာလို့ရှိရင် ကောင်းကျိုးနဲ့ဆိုးကျိုးက ဒွန်တွဲရှိနေတတ်တဲ့အတွက်ကြောင့် ကျနော်တို့က ဆိုးကျိုးများများရနိုင်လား၊ ကောင်းကျိုးများများရနိုင်လား ပြန်စဉ်းစားတဲ့အခါကျတော့ ကောင်းကျိုးများများရနိုင်တာကို တွေ့ရတယ်။ ဘာလို့လဲဆိုတော့ အခုလက်ရှိ ကျောက်ဖြူမြို့ဟာ အရင်ကထက် အများကြီး တိုးတက်လာတာဟာ စီမံကိန်းကြောင့်ဖြစ်ပါတယ်”လို့ မြေပြင်လယ်ယာမြေစာရင်းကောက်ယူရေးနဲ့ လယ်ယာမြေအသုံးချရေးကော်မတီ အဖွဲ့ဝင် ဦးကျော်ကျော်စိုးက ပြောပါတယ်။

ဦးကျော်ကျော်စိုးဟာ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရဲ့ တာဝန်ပေးထားခြင်းခံရတဲ့ မြေပြင် လယ်ယာမြေစာရင်းကောက်ယူရေးနဲ့ လယ်ယာမြေအသုံးချရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ သူဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ကျောက်ဖြူမြို့ရဲ့ မြို့မိမြို့ဖ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ကျောက်ဖြူအထူးစီးပွားရေးကို SEZ ဖော်ဆောင်လိုက်တာနဲ့ ဒေသခံထောင်ပေါင်းများစွာရဲ့ စီးပွားရေးလုပ်ကွက်တွေ ပျောက်ကွယ်သွားမှာကြောင့် သူတို့တွေရဲ့ အသက်မွေးဝမ်းကျောင်းအတွက် အာမခံချက်ရှိဖို့လိုအပ်တယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

“စီမံကိန်းကြောင့် ထိခိုက်လာနိုင်ခြေရှိတဲ့ Impact တွေကို ထည့်သွင်းစဉ်းစားပြီး ထိခိုက်မှုနည်းအောင် ဆောင်ရွက်သင့်တယ်။ ကျနော်တို့ယဉ်ကျေးမှုတွေနဲ့လည်း ကိုက်ညီတဲ့ စီမံကိန်းဖြစ်ဖို့လိုတယ်။ အဓိကတော့ စီမံကိန်းဖော်ဆောင်မယ့် ဒေသမှာရှိတဲ့ လူထုရဲ့သဘောထားတွေကို ဦးစားပေးပြီးတော့ ဒေသဖွံ့ဖြိုးရေးအတွက် စဉ်းစားပေးဖို့လိုတယ်။ နောက်တစ်ခုက ရခိုင်ပြည်ရဲ့အကျိုးစိးပွား၊ မြန်မာနိုင်ငံရဲ့အကျိုးစီးပွား နှစ်ဖက်အကျိုးရှိစေမယ့် Win-Win Situation စီမံကိန်းမျိုး ဖြစ်စေချင်တယ်”လို့ ကျောက်ဖြူဒေသခံ ကိုခင်ဦးက ပြောပါတယ်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းမူဘောင်သဘောတူညီချက်ကို နေပြည်တော်မှာ ချုပ်ဆိုတဲ့အခါ CITIC Group ဥက္ကဋ္ဌ၊ Mr.Chang Zhenming (မစ္စတာရှောင်းကျန်းမင်း) က CITIC Consortium အနေဖြင့် မြန်မာအစိုးရရဲ့ အားပေးထောက်ခံမှုအရ မြန်မာပြည်သူလူထု အကျိုးစီးပွားအတွက် ၊ မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အောင်မြင်စွာ တည်ဆောက်ကြမည် ဖြစ်ကြောင်း၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လာတာနဲ့အညီ မြန်မာဒေသခံများကိုလည်း တဖြည်းဖြည်းနှင့် စီမံခန့်ခွဲမှုအလုပ်နေရာ ခန့်အပ်ပေးမည် ဖြစ်ကြောင်း၊ စီမံကိန်းအကုန်လည်ပတ်ပြီး ၁၀ နှစ် အကြာမှာတော့ အခြေအနေအပေါ်မူတည်ပြီး စီမံခန့်ခွဲမှု အလုပ်နေရာ ၉၀ ရာခိုင်နှုန်းခန့်ကို ဒေသခံများအား ခန့်အပ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံအစိုးရရဲ့ အလုပ်အကိုင်အခွင့်အလမ်း၊ ဒေသဖွံ့ဖြိုးရေးစတဲ့ မက်လုံးတွေနဲ့အတူ တဖြည်းဖြည်းရွေ့နေတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းဟာ အမှန်တကယ်ကော သူတို့ပြောဆိုထားသလို ဖြစ်လာပါ့မလား ဆိုတဲ့ မေးခွန်းတွေကလည်း အသင့်စောင့်ကြိုလျက်ရှိနေသလို အထူးစီးပွားရေးဇုန်ဆိုတာ ဘာမှန်းကိုမသိသေးတဲ့ ဒေါ်မေလတ်ကြည်တို့လို တောင်သူတွေအတွက်ကတော့ ……

“အရီးတို့တော့ မသိမ်းလေကောင်းလေပဲ။ မသိမ်းစေချင်ဘူး။ မြေသိမ်းရင်လည်း ပိုက်ဆံဘယ်လောက်ပေးမလဲ အရီးတို့မသိဘူး။ အားဓမ္မသိမ်းချင်ရင်လည်း သိမ်းကြမှာပဲလေ”

ညိုထွန်း၊ မြတ်ဆွေ ပူးပေါင်းရေးသားသည်။

ဗီဒီယိုများ