မြန်မာစစ်ရာဇဝတ်မှုများနှင့်ပတ်သက်သည့် အချက်အလက်အမြောက်အများ ဖေ့စ်ဘုတ်ကုမ္ပဏီထံမှရရှိထားဟု ကုလပြော

စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များအတွက် အထောက်အပံ့ဖြစ်စေမည့် သန်းနှင့်ချီသည့် အချက်အလက်များကို ဖေ့စ်ဘုတ်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့အကြီးအကဲက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

By Foreign Desk 13 Sep 2022

ဓာတ်ပုံ - Reuters

DMG ၊ စက်တင်ဘာ ၁၃

စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များအတွက် အထောက်အပံ့ဖြစ်စေမည့် သန်းနှင့်ချီသည့် အချက်အလက်များကို ဖေ့စ်ဘုတ်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့အကြီးအကဲက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

“အထောက်အထားအမှားများကြောင့် ဖေစ်ဘုတ်ကုမ္ပဏီက ဖြုတ်ချခဲ့သည့် အကောင့်ကွန်ရက်များမှ သန်းပေါင်းများစွာရှိသော အချက်အလက်များကို ကုမ္ပဏီဘက်က မျှဝေခဲ့ပါတယ်”ဟု IIMM အကြီးအကဲ နီကိုလက်စ်ကူဂျန်က ကုလလူ့အခွင့်အရေးကောင်စီသို့ ပြောကြားသည်။

မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ မွတ်ဆလင်များအပေါ် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့မှုကြောင့် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)တွင် တရားစွဲဆိုခြင်းခံထားရသည်။ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အဆိုပါလုပ်ရပ်အတွင်း မွတ်ဆလင် ၇၃၀၀၀၀ ကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

မိခင်ကုမ္ပဏီ၏အမည်ကို Meta အဖြစ် ပြီးခဲ့သောနှစ်က ပြောင်းလဲထားသည့် ဖေ့စ်ဘုတ်က မွတ်ဆလင်များအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တာဝန်ယူမှုရှိစေရန် နိုင်ငံတကာ၏ ကြိုးပမ်းချက်များကို မိမိတို့ထောက်ခံကြောင်း ပြောကြားသည်။

ဖေ့စ်ဘုတ်ထံမှရရှိသော အချက်အလက်များနှင့် အခြားသော ရင်းမြစ် ၂၀၀ ကျော်ထံမှ ရရှိသည့် သတင်းအချက်အလက်များကို စုစည်းပြီး ရှင်းလင်းမြင်သာသည့် သက်သေအုပ်စု ၆၇ စုခွဲကာ ICC အပါအဝင် တရားစီရင်ရေး အာဏာပိုင်များထံသို့ ပေးပို့သွားမည်ဟု IIMM က ပြောကြားသည်။

မြန်မာ့အရေးအတွက် လွတ်လပ်စွာစုံစမ်းစစ်ဆေးရေး ယန္တရား (IIMM)ကို ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုမှုများအတွက် အထောက်အကူဖြစ်စေရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့ပြီး နောက်တစ်နှစ်တွင် လုပ်ငန်းစတင်လည်ပတ်ခဲ့သည်။

မြန်မာနိုင်ငံဘက်ကမူ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း စွပ်စွဲချက်ကို ငြင်းပယ်ထားပြီး တပ်မတော်သည် လက်နက်ကိုင်များကို ရှင်းလင်းရန်အတွက် တရားဝင်စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားထားသည်။

ဗီဒီယိုများ