ကြားဖြတ်သတင်း

လက်ငင်းအကျိုးစီးပွားနဲ့ ရုရှား-မြန်မာဆက်ဆံရေး ကောက်ကြောင်း

လိုအပ်ချက်အရ တရုတ်ဘက်ကို ဒီလိုခြေဦးလှည့်ခဲ့ရပေမယ့် မြန်မာဗိုလ်ချုပ်ကြီးတွေဟာ တရုတ်လက်နက်တွေကို စိတ်တိုင်းကျမဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။

Admin 27 Oct 2022

၂၀၂၂ ခုနှစ် စက်တင်ဘာလက ဗလာဒီဗော့စတော့မှာ ကျင်းပတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သမ္မတဗလာဒီမာပူတင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံ။ (ဓာတ်ပုံ - President of Russia Website)

လင်းခိုင် မြန်မာပြန်ဆိုသည်။

မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ စက်တင်ဘာလ အစောပိုင်းက ဗလာဒီဗော့စတော့မှာ ကျင်းပတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုမှာ နှစ်ဦးသားဟာ ရုရှား-မြန်မာ ဆက်ဆံရေး ၇၅ နှစ်ပြည့်မြောက်မှုကို အမွှမ်းတင်ပြောကြားခဲ့ကြပါတယ်။

တကယ်တမ်းတော့ မော်စကိုနဲ့ နေပြည်တော်အကြား အပြန်အလှန် ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုခန့်ကမှ စတင်ပြီး လမ်းကြောင်းသင့်လာကြတာ ဖြစ်ပါတယ်။

“ဒီကာလ (နှစ်နိုင်ငံဆက်ဆံရေး ၇၅ နှစ်တာ) အတွင်း အနိမ့်အမြင့်တွေ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုခန့်ကစလို့ မြန်မာနဲ့ ရုရှားအကြား ဆက်ဆံရေးဟာ သိသိသာသာ တိုးတက်လာနေပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတပူတင်ကို မှတ်ချက်ပေးပြောကြားတာ တွေ့ရပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ တရုတ်နဲ့နီးစပ်တယ်လို့ အများက ယူဆကြပါတယ်။ ဒါဆိုရင် မြန်မာ့တပ်မတော်ဟာ ဘာကြောင့် ကရင်မလင်နဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးကို လိုလားနေတာပါလဲ။ ဒီအနေအထားကို စကားလုံးနှစ်လုံးတည်းနဲ့ အနှစ်ချုပ် ပြောရမယ်ဆိုရင် လက်ငင်းအကျိုးစီးပွားနဲ့ ပထဝီနိုင်ငံရေး ဖြစ်ပါတယ်။

■ တပ်မတော်ရဲ့ လက်နက်လိုအင်

တပ်မတော်က သူ့ရဲ့လက်နက်လိုအပ်ချက်အတွက် တောက်လျှောက်ဆိုသလို ကြံဆနေရတဲ့အရေးမှာ အဓိကကျတဲ့ တွန်းအား တစ်ရပ်ရှိနေပါတယ်။ ဒါကတော့ လက်နက်ကိုင်ပုန်ကန်မှုတွေကို ချေမှုန်းရေးနဲ့ နိုင်ငံကို ပြည်ပခြိမ်းခြောက်မှုတွေကနေ ကာကွယ်ရေးတို့အတွက် လက်နက်လိုအင်ပဲ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာ အနောက်နိုင်ငံတွေက လက်နက်ရောင်းချမှု တားမြစ်ခြင်းအပြင် ပိုမိုကျယ်ပြန့်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ရှိလာတဲ့အတွက် တပ်မတော်ဟာ တရုတ်ဘက်ကို ယိမ်းခဲ့ရပါတယ်။

လိုအပ်ချက်အရ တရုတ်ဘက်ကို ဒီလိုခြေဦးလှည့်ခဲ့ရပေမယ့် မြန်မာဗိုလ်ချုပ်ကြီးတွေဟာ တရုတ်လက်နက်တွေကို စိတ်တိုင်းကျမဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။

“တရုတ်ဟာ တိုက်လေယာဉ်တွေ အပါအဝင် မြန်မာဆီ ရောင်းချတဲ့ သူ့ရဲ့ လက်နက် အရည်အသွေးတွေကို လျှော့ချလိုက်တယ်လို့ ကျွန်တော်တို့ ခံစားရတယ်” ဆိုပြီး အမည်မဖော်လိုသူ အငြိမ်းစား ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောပါတယ်။

ဒီအချက်ကြောင့်ပဲ ဗိုလ်ချုပ်ကြီးတွေဟာ လက်နက်အရင်းအမြစ် အသစ်အတွက် ခြေလှမ်းကျယ်ကျယ် ချဲ့ဖို့ဖြစ်လာပါတော့တယ်။ မြန်မာဟာ ရုရှားတင်မက အရှေ့ဥရောပနိုင်ငံတွေနဲ့ မြောက်ကိုရီးယားအထိ ချဉ်းကပ်ခဲ့ပါတယ်။

၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလမှာ ထိုင်းနိုင်ငံနဲ့ နယ်စပ်ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့အချိန်မှာ ထိုင်းတို့သုံးနေတဲ့ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေကို တရုတ်လုပ် လေယာဉ်တွေဖြစ်တဲ့ F-7 IIK နဲ့ ယှဉ်ဖို့ မဖြစ်နိုင်မှန်း ပေါ်လွင်လာတဲ့အတွက် မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ ရုရှားဆီကနေ MiG-29 တိုက်လေယာဉ်တွေ ဝယ်ယူခဲ့ပါတော့တယ်။

၂၀၀၁ အတွင်း နယ်စပ်ပဋိပက္ခဖြစ်ပြီး သိပ်မကြာခင်မှာပဲ MiG-29 ၁၂ စင်း ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ MiG-29 အစင်း ၂၀ ထပ်ဝယ်ဖို့ ဆွေးနွေးပါတယ်။ ဒီဝယ်ယူမှုဟာ အယ်ဂျီးရီးယားက MiG-29 ၃၄ စင်းဝယ်ယူဖို့ စီစဉ်ခဲ့မှုနောက်ပိုင်း ရုရှားအတွက် အကြီးဆုံး ရောင်းချမှုလို့ ပြောကြပါတယ်။

တပ်မတော်ဟာ စစ်တပ်ကို ခေတ်မီအောင်လုပ်ဖို့နဲ့ စစ်သင်တန်းတွေအတွက်လည်း ရုရှားဘက်ကို ဦးလှည့်ခဲ့ပါတယ်။ ဒါကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့ ၂၀၁၁ ခုနှစ် မတိုင်မီတည်းက ရှိနေခဲ့တာပါ။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ဒု-ဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးဟာ SPDC ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ညွှန်ကြားချက်နဲ့ ဦးဦးဖျားဖျား သွားရောက်ခဲ့သူဖြစ်ကြောင်း စစ်တပ်နဲ့ဆက်နွယ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မောင်အေးတို့ နှစ်ဦးလုံးဟာ တရုတ်ကျောထောက်နောက်ခံပေးထားတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို တိုက်ခိုက်ခဲ့ကြသူတွေဖြစ်ကြောင်း တရုတ်လက်နက်တွေနဲ့ တပ်မတော် မရောင့်ရဲနိုင်ကြောင်း ပြောခဲ့တဲ့ အဆိုပါဗိုလ်ချုပ်ကြီးကပဲ ပြောကြားပါတယ်။ “ပြည်ပရန်စွယ် အစစ်အမှန် ဘယ်မှာရှိသလဲ” ဆိုတာကို သူတို့နှစ်ဦးလုံးက သဘောပေါက်ကြတယ်လို့လည်း သူကပြောပါတယ်။

■ တရုတ်-မြန်မာ ဆက်ဆံရေးမှာ ရှိနေတဲ့ အဖုအထစ်တွေ

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာ မြန်မာနိုင်ငံတွင်းမှာ ရှိနေတဲ့ တရုတ်ပိုင် အကျိုးစီးပွားတွေအတွက် တရုတ်ဘက်က စိုးရိမ်လာတဲ့အချက်က တရုတ်နဲ့ မြန်မာအကြား ဆက်ဆံရေးရဲ့ အဖုအထစ်ကို ထင်ရှားလာစေပါတယ်။ ဒီအချက်ကြောင့်ပဲ လက်ရှိစစ်ဗိုလ်ချုပ်ကြီးတွေဟာ ရုရှားကနေ လက်နက်ရင်းမြစ်အသစ် ရှာဖွေလိုတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ စိတ်ကူးကို တစ်ကျော့ပြန် အမှတ်ရလာဟန် တူပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးတစ်ချို့ဟာ တရုတ်ပြည်ကို အလည်အပတ်သွားရောက်ခဲ့တာ ရှိပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တရုတ်ကို လုံးဝမရောက်သေးပါဘူး။ အာရှရေးရာ တရုတ်အထူးသံတမန် ဆွန်ကော့ရှင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ တရုတ်အစိုးရက တောင်းဆိုတာကိုလည်း မြန်မာစစ်တပ်က ငြင်းပယ်ခဲ့ပါတယ်။

ရုရှားနဲ့ မြန်မာနှစ်ဘက်လုံးက ဗိုလ်ချုပ်ကြီးတွေဟာ ဆယ်စုနှစ်နှစ်ခုစာ ရှည်ကြာခဲ့ပြီဖြစ်တဲ့ ရောင်းသူ-ဝယ်သူ ဆက်ဆံရေးအပေါ် အထူးပဲ ကျေနပ်ကြဟန်ရှိပါတယ်။

၂၀၂၀ ခုနှစ် ဇွန်လမှာ ရုရှားအစိုးရပိုင် Russiz Today ရုပ်သံအစီအစဉ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံမေးမြန်းမှုတစ်ရပ် တင်ဆက်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟာ အဲဒီတုန်းက ရုရှားနိုင်ငံရဲ့ ၇၅ နှစ်မြောက် နိုင်ငံတော်အောင်ပွဲနေ့ အခမ်းအနား တက်ရောက်ဖို့ မော်စကိုမှာ ရောက်နေတာပါ။

ရုရှားလုပ် လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကို သဘောကျရဲ့လားလို့ မေးတော့ ဗိုလ်ချုပ်မှူးကြီးက “သိပ်ကောင်းပြီး အရည်အသွေးမြင့်တယ်” လို့ ထောက်ခံဖြေကြားခဲ့ပါတယ်။

တပ်မတော်ဟာ မြန်မာ့နိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်ကို ခေတ်မီအောင် လုပ်ရာမှာလည်း ရုရှားရဲ့ အကူအညီကို ရယူခဲ့ပါတယ်။

၁၉၉၇ ခုနှစ်မှာ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံးကို စတင်ထူထောင်ပြီး ၁၉၉၉ ကစလို့ အပြည့်အဝ လည်ပတ်ပါတယ်။

ဒီအချက်ကို မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ပင်မစီးပွားရေးဒေါက်တိုင် ခရိုနီတစ်ဦးဆီက သိရတာဖြစ်ပါတယ်။ တပ်မတော်ရဲ့ လေကြောင်းရန်ကာကွယ်ရေး အင်အားကို ခေတ်မီအောင်လုပ်ဖို့အတွင် ရုရှားဆီက လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ဝယ်ယူဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မောင်အေးတို့ကို သူအကြံပြုခဲ့တာလို့ အဆိုပါစီးပွားရေးသမားက စာရေးသူကို ပြောပါတယ်။

■ မြန်မာရဲ့ လက်တစ်ဆုပ်စာ မိတ်ဆွေစာရင်းမှာ ပါနေတဲ့ ရုရှား

စွမ်းရည်တည်ဆောက်မှု အပိုင်းလည်း ရှိနေပါတယ်။ သက္ကရာဇ် ၂၀၀၀ ခုနှစ် အစောပိုင်းကာလတွေတည်းက မြန်မာစစ်တပ် အရာရှိတွေဟာဟာ ရုရှားဆီက စစ်ရေးသင်ကြားမှုတွေ ရနေပါပြီ။ ဒီအစီအစဉ်တွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပိုကောင်းအောင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားမှာ သင်ယူရတဲ့ ဘာသာရပ်တွေထဲမှာ စစ်ရေးလေ့လာမှု၊ သတင်းအချက်အလက် နည်းပညာအပြင် ဒုံးကျည်နဲ့ နျူကလီးယားနည်းပညာတို့လည်း ပါဝင်ပါတယ်။

ရုရှားပြန်တွေထဲက တစ်ချို့ဟာ ယခုအခါ နေပြည်တော်စစ်ရုံးချုပ်မှာ ထိပ်တန်းဗိုလ်ချုပ်တွေကို အကြံပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မဟာဗျူဟာလေ့လာရေးရုံးမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ ဒီလိုအရည်အချင်းရှိတဲ့ သူတို့ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ ရုရှားရေးရာမူဝါဒအပေါ် လွှမ်းမိုးမှု ရှိနေပါတယ်။ ဒီမူဝါဒထဲမှာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ထောက်ခံအားပေးမှုလည်း ပါဝင်ပါတယ်။

ရုရှားဟာ မြန်မာနိုင်ငံကို လက်နက်တွေ ဆက်လက်ရောင်းချနေသလို ၂၀၂၁ မှာ အာဏာသိမ်းလိုက်တဲ့ မြန်မာစစ်အုပ်စုကိုလည်း အသိအမှတ်ပြု ထောက်ခံပါတယ်။ နိုင်ငံတကာနဲ့ အနောက်ဒီမိုကရေစီနိုင်ငံကြီးတွေ၊ မိတ်ဆွေအဖြစ် လက်သင့်ခံထားရတဲ့ တရုတ်နဲ့ အာဆီယံအဖွဲ့ကြီးတို့ရဲ့ ဖိအားတွေကြားမှာ ရောက်ရှိနေတဲ့ မြန်မာဗိုလ်ချုပ်ကြီးတွေအတွက်ကတော့ ရုရှားဟာ လက်တစ်ဆုပ်စာ မိတ်ဆွေနိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် အခိုင်အမာ ကျန်နေဆဲပါ။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး စေ့စပ်ညှိနှိုင်းကြဖို့ တောင်းဆိုမှုတွေကို ရင်ဆိုင်နေရတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာအသုံးပြုနိုင်တဲ့ ရုရှားကို သူတို့ရဲ့ အာဏာချိန်ခွင်လျှာ ထိန်းညှိရေးဗျူဟာရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရှုမြင်ကြပါတယ်။

ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲလိုက်လို့ ကမ္ဘာ့တံတွေးခွက်မှာ ပက်လက်မျောနေတဲ့ ရုရှားအဖို့ကလည်း မိတ်ဆွေသစ်ရှာဖို့ စိတ်အားထက်သန်နေပါတယ်။ မြန်မာအာဏာသိမ်းမှု ဖြစ်ပြီးစကာလမှာ တိတိပပ ထုတ်ဖော်ပြောကြားဖို့ အထူးသတိထားနေခဲ့တဲ့ ကရင်မလင်ဟာ အခုအချိန်မှာတော့ နေပြည်တော်နဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးထားဖို့ ဆန္ဒရှိနေပါပြီ။

“ကမ္ဘာကြီးက ဝိုင်းပယ်ထားတာ ခံနေရတဲ့ ရုရှားနဲ့ မြန်မာတို့ဟာ ယူကရိန်းစစ်ပွဲ နောက်ပိုင်းမှာ ပိုနီးကပ်လာကြတယ်” လို့ မြန်မာစစ်တပ်ရဲ့ လက်ရှိ ရုရှားမူဝါဒနဲ့ အကျွမ်းတဝင်ရှိသူ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။ မြန်မာရဲ့ ရုရှားမူဝါဒကို အခုအချိန်မှာ ပထဝီနိုင်ငံရေးက ပဲ့ကိုင်မောင်းနှင်နေတာလို့ သူကသုံးသပ်ပါတယ်။

တပ်မတော်ရဲ့ ကရင်မလင်ကို ဆက်လက်အားပေးမှုနဲ့အတူ အရှေ့တောင်အာရှနဲ့ အိန္ဒိယသမုဒ္ဒရာမှာ ရုရှားရဲ့ ပထဝီနိုင်ငံရေး ချဲ့ထွင်မှုမှာ မြန်မာဟာ မဟာဗျူဟာခြေကုပ်ရာနေရာ ဖြစ်လာနိုင်ခြေရှိနေပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဒေသတွင်းတင်းမာမှုတွေလည်း ပေါ်လာနိုင်ခြေ ရှိပါတယ်။

ရုရှားဘက်ကို မြန်မာ့တပ်မတော် ခြေဦးလှည့်လာခြင်းဟာ မဟာဗျူဟာအလွဲတစ်ရပ် ဖြစ်နိုင်သလား။ ဒါကတော့ အဓိကပတ်သက်နေသူတွေ လတ်တလောမှာ အလျှော့ပေးဖို့ဆန္ဒ မရှိကြတဲ့ မျက်နှာစာအများအပြားမှာ ရှိနေတဲ့ သံတမန်ရေးရာ အပေးအယူတွေ အပေါ်မှာ မူတည်နေမယ်လို့ ယူဆရပါတယ်။

လင်းခိုင်

CNA တွင်ဖော်ပြထားသည့် ဆောင်းပါးရှင် Wai Moe ၏ Is Myanmar’s pivot to Russia pragmatic or ill-advised? ကို မြန်မာပြန်ဆိုပါသည်။ မူရင်းဆောင်းပါးရှင် ဝေမိုးသည် ISEAS – Yusof Ishak Institute ၏ မြန်မာ့အရေးလေ့လာမှုအစီအစဉ်မှ Visiting Fellow တစ်ဦးဖြစ်ပါသည်။

ဗီဒီယိုများ