သမ္မတပူတင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံ

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ဗုဒ္ဓဟူးနေ့၌ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် တွေ့ဆုံခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

By Foreign Desk 07 Sep 2022

ဗလာဒီဗော့စတော့တွင် ကျင်းပသည့် အရှေ့ပိုင်းစီးပွားရေးဖိုရမ်၌ သမ္မတပူတင်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက် ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ်။ဓာတ်ပုံ - AFP

DMG ၊ စက်တင်ဘာ ၇

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ဗုဒ္ဓဟူးနေ့၌ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် တွေ့ဆုံခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

သမ္မတပူတင်သည် ဗလာဒီဗော့စတော့တွင်ကျင်းပလျက်ရှိသည့် အရှေ့ပိုင်းစီးပွားရေးဖိုရမ်သို့ တက်ရောက်စဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သီးခြားတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံမှု၌ “မြန်မာဟာ အရှေ့တောင်အာရှမှာ ကျွန်တော်တို့ရဲ့ ကာလရှည်ကြာ ယုံကြည်စိတ်ချရတဲ့ မဟာမိတ်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ဖြစ်ထွန်းလျက်ရှိပါတယ်”ဟု သမ္မတပူတင်က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း သမ္မတပူတင်အာဏာရလာချိန်၌ ရုရှားသည် ကမ္ဘာ့နံပါတ်တစ် ဖြစ်လာသဖြင့် ပူတင်အတွင် အလွန်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်ဟု ကရင်မလင်ကထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ရုရှားဘာသာဖြင့် ရေးသား ဖော်ပြထားသည်။

ပူတင်သည် တစ်ကမ္ဘာလုံး၏တည်ငြိမ်မှုကို ထိန်းသိမ်းဆောင်ရွက်သူဖြစ်သဖြင့် မိမိတို့အနေဖြင့် ပူတင်အား ရုရှားခေါင်းဆောင်ဟုသာမက ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ်ပါ ခေါ်ဆိုထိုက်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း ကြေညာချက်တွင်ဖော်ပြသည်။

ယူကရိန်းအရေးကြောင့် အနောက်အုပ်စုနှင့် မကြေမလည်ဖြစ်နေသည့် ရုရှားသည် အရှေ့အလယ်ပိုင်း၊ အာရှနှင့် အာဖရိကနိုင်ငံများသို့ ဆက်ဆံရေးခြေဦးလှည့်လျက်ရှိသည်။

မြန်မာနှင့် ရုရှား နှစ်နိုင်ငံလုံးသည် သံတမန်ရေးရာအရ ကမ္ဘာ့အလယ်တွင် ဖယ်ထုတ်ခံထားရချိန်၌ ယခုကဲ့သို့ တွေ့ဆုံခဲ့ကြခြင်းလည်းဖြစ်သည်။ မြန်မာသည် ယမန်နှစ်က စစ်တပ်အာဏာသိမ်းမှုကြောင့် ကမ္ဘာ့သံတမန်အသိုင်းအဝိုင်းက ဖယ်ကြဉ်ထားကြသလို ရုရှားသည်လည်း ယူကရိန်းကျူးကျော်စစ်ကြောင့် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရင်ဆိုင်နေရသည်။

ဗီဒီယိုများ