ဘဝကို လောင်းကြေးထပ်၍ စွန့်စားကြသူများ

တရားမဝင်လမ်းကြောင်းများမှ သွားရောက်သူများမှာ ပွဲစားများ၏ ငွေလိမ်လည်မှုများကိုလည်း မကြာခဏ ကြုံတွေ့နေကြရသည်။ ငွေကြေးလိမ်လည်မှုများကို ဖြေရှင်းပေးရန် ယခုနှစ်တွင် ရခိုင်ပြည်အတွင်းမှ ငွေလိမ်လည်ခံရသူများ တိုင်ကြားလာသည့်အမှုပေါင်း ၃၀ ခန့်ရှိကြောင်း အလုပ်သမားရေးရာကိစ္စများကို ကူညီဖြေရှင်းပေးနေသည့် ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသားကွန်ရက်မှ သိရသည်။

By Admin 31 Oct 2022

ဘဝကို လောင်းကြေးထပ်၍ စွန့်စားကြသူများ

DMG ၊ အောက်တိုဘာ ၃၁

(ဆောင်းပါး)

တောနက်ကြီးများတွင် ညအိပ်ရခြင်း၊ ကြိုးများကိုသုံးကာ တောင်အတက်အဆင်းပြုလုပ်ပြီး သွားခဲ့ရသည်မှာ ဘဝ၏ အခက်အခဲဆုံး အချိန်များဖြစ်ခဲ့ရသည်ဟု ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ အသက် ၂၂ နှစ်အရွယ် ကိုထွန်းနိုင်(အမည်လွဲ)ကပြောသည်။

ယခု ၂၀၂၂ ခု အစောပိုင်းတွင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် အလုပ်လုပ်ကိုင်ရန် တရားမဝင်လမ်းကြောင်းမှ သွားရောက်ခဲ့ကြသည့် မြန်မာနိုင်ငံသားဦးရေ ၄၀ ကျော်ထဲတွင် ကိုထွန်းနိုင်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

“ထိုင်းဘက်ကို ကူးတဲ့အချိန်မှာ တောင်အောက်ကို ကြိုးနဲ့ဆင်းရတာက အခက်အခဲဆုံးဖြစ်တယ်။ တောင်က မတ်စောက်နေတော့ ကြိုးနဲ့တောင် မနည်းကြိုးစားပြီး ဆင်းခဲ့ရတယ်။ သတိမထားမိဘဲ လွဲချော်သွားမယ်ဆိုရင် အသက်အန္တရာယ်တောင် စိုးရိမ်ရတယ်လို့ပြောရမယ်”ဟု ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းမှသွားရောက်ခဲ့သည့် ကိုထွန်းနိုင်(အမည်လွဲ)က ၎င်းတို့၏ စွန့်စားခန်းခရီးစဉ် အပိုင်းအစကို ပြောပြသည်။

ကိုထွန်းနိုင်မှာ ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ သွားရောက်ကာ သုံးရက်ခန့် စောင့်ဆိုင်းခဲ့ရသည်။ ထိုမှတစ်ဆင့် ကရင်ပြည်နယ်သို့သွားရောက်ကာ ထိုင်းနိုင်ငံဘက်သို့ ကူးလာခဲ့ခြင်းဖြစ်သည်။ ထိုသို့သွားရောက်ရာတွင် တစ်ပတ်ခန့် ကြာမြင့်ခဲ့ကြောင်းဆိုသည်။

ပွဲစားကောင်း၍ အဖမ်းအဆီးတစ်စုံတစ်ရာမရှိဘဲ အချိန်တိုအတွင်း ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ကိုထွန်းနိုင်ကပြောသည်။ ရခိုင်မှ ထိုင်းနိုင်ငံသို့အရောက် မြန်မာကျပ်ငွေ ၂၄ သိန်းခန့် ကုန်ကျမှုရှိခဲ့ပြီး ထိုငွေများကို ထိုင်းတွင် အလုပ်လုပ်ရသည့်အခါမှ ပေးဆောင်ရကြောင်းဆိုသည်။ လက်ရှိ ကိုထွန်းနိုင်မှာ ထိုင်းနိုင်ငံတွင် ငါးဖမ်းလှေတစ်စီး၌ အလုပ်လုပ်ကိုင်လျက်ရှိနေသည်။ ၎င်းမှာ တစ်လလျှင် မြန်မာကျပ်ငွေ ၈ သိန်းခန့် ရရှိကြောင်းပြောသည်။

ရခိုင်ပြည်အတွင်းမှ ပြည်ပနိုင်ငံထွက်ခွာရာတွင် အဓိကအားဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ သွားရောက်ကြသည်။

လက်ရှိတွင် တရားမဝင်လမ်းကြောင်းမှ ထိုင်းနိုင်ငံသို့ သွားရောက်မည်ဆိုပါက ပွဲစားများကိုပေးဆောင်ရသည့် ငွေအပါအဝင် စုစုပေါင်းငွေကျပ် သိန်း ၃၀ ကျော်ခန့် ပျဉ်းမျှကုန်ကျနိုင်သည်။ မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ သွားရောက်မည်ဆိုပါက ပျဉ်းမျှကုန်ကျငွေမှာ စုစုပေါင်းငွေကျပ် သိန်း ၅၀ ခန့်ရှိသည်။ ကုန်ကျစရိတ်မှာ ပွဲစားများအပေါ်မူတည်ပြီး ပွဲစားခမှာ အပြောင်းအလဲရှိသည်။

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်သူထဲမှာ အချို့က မိမိပိုင်ဆိုင်မှုများကို ပေါင်နှံရောင်းချပြီး ပွဲစားများထံ ငွေပုံအောပေးကြရသည်။ အချို့ကလည်း အတိုးနှင့်ငွေချေးကာ ပွဲစားထံပေးအပ်ကြသည်။ ထိုသို့ ရှာကြံထားသောငွေများကိုပေးကာ တရားမဝင်လမ်းမှသွားရောက်နေရခြင်းမှာ အလျော်အစားကြီးမားလွန်းသည်။

ပြည်ပနိုင်ငံများသို့ တရားမဝင် သွားရောက်သူများမှာ ဖမ်းဆီးခံရမှုများကို ဒုနှင့်ဒေး ကြုံတွေ့နေရသော်လည်း အလောင်းအစားကြီးလွန်းသည့် တရားမဝင်လမ်းကြောင်းကိုသာ ရွေးချယ်သွားလာနေကြဆဲဖြစ်သည်။

“အောက်လမ်းက သွားတာကမြန်တယ်။ တရားဝင်လမ်းကဆိုရင် စောင့်ရတယ်။ ပြီးရင် သွားရဖို့၊ မသွားရဖို့က မသေချာဘူး။ ကံကောင်းရင် သုံးလနဲ့သွားရမယ်။ ကံမကောင်းရင် သုံးလလောက်စောင့်ရမယ်။ အောက်လမ်းကဆိုရင် ကံမကောင်းရင် အဖမ်းခံပေါ့။ ဒီလောက်ပဲရှိတယ်”ဟု မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ခဲ့သည့် အသက် ၂၃ နှစ်အရွယ် ကိုနိုင်ချေ(အမည်လွဲ)က ပြောသည်။

ကိုနိုင်ချေသည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ဇာတိဖြစ်ပြီး ၎င်းသည် စစ်တွေတက္ကသိုလ်မှ မြန်မာစာဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသူတစ်ဦးဖြစ်သည်။

မလေးရှားသို့သွားရောက်ရာတွင် အချို့မှာ ထိုင်းနိုင်ငံသို ၁၄ ရက်ကြာ အလည်ဗီဇာဖြင့်သွားရောက်ပြီး ထို့မှတစ်ဆင့် မလေးရှားနိုင်ငံသို့ ကူးကြခြင်းဖြစ်သည်။

တရားမဝင်လမ်းကြောင်းမှ ပြည်ပထွက်ခွာသူများမှာ နယ်စပ်ကိုဖြတ်ကျော်ရာ၌ ကားများ၏ အံဝှက်အောက်တို့တွင် ကျပ်သိပ်စွာ လိုက်ပါကြရသည်။ အချို့မှာလည်း ကုန်ပစ္စည်းများ၏အောက်တွင် လိုက်ကြရသည်။ စက်လှေဝမ်းဗိုက်ထဲတို့တွင်လည်း ပုန်းခို၍လိုက်ပါကြရသည့်အတွက် အသက်ရှူကျပ်ကာ အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်ကြရသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ အသက်(၂၉)နှစ်အရွယ် တတိယနှစ်(အဝေးသင်)တက္ကသိုလ် ကျောင်းသားတစ်ဦးမှာ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် တရားမဝင်လမ်းကြောင်းမှသွားရောက်စဉ် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းက သေဆုံးမှုဖြစ်ပွားခဲ့သည်။ လူဦးရေ ၃၀ ခန့်မှာ ကားတစ်စီးပေါ်ပုန်းခို၍ နယ်စပ်ဖြတ်ကျော်ဖြတ်ကြချိန်တွင် အသက်ရှုပ်ကျပ်ကာ အဆိုပါ အသက်(၂၉)နှစ်အရွယ်လူငယ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ယခုနှစ် သြဂုတ်လအတွင်းတွင် မလေးရှားနိုင်ငံသို့ သွားရောက်ပြီး အလုပ်လုပ်ကိုင်နေသည့် ကိုနိုင်ချေ(အမည်လွဲ)က “ကိုယ့်နိုင်ငံမှာက လုပ်လို့ရတဲ့ပိုက်ဆံနဲ့ စားသောက်ဖို့အတွက် အဆင်မပြေဘူး။ ဝင်ငွေနဲ့ထွက်ငွေက မညီမျှဘူး။ ဒီနိုင်ငံခြားကို ထွက်လိုက်တဲ့အားဖြင့် ပိုက်ဆံလည်းရမယ်။ အတွေ့အကြုံလည်းရမယ်။ အသိအမြင်တွေလည်း ပိုပြီးတိုးလာမယ်လို့ မျှော်လင့်ပြီး သွားတာဖြစ်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ နောက်ပိုင်းမှစ၍ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာမှုနှင့်အတူ ဘဝအာခံမချက်မရှိခြင်းများသည် ပြည်သူအများအပြားကို ပြည်ပနိုင်ငံများသို့ ထွက်ခွာရန် တွန်းအားပို့နေသကဲ့သို့ ဖြစ်လာသည်ဟု အလုပ်သမားအရေးကိစ္စများ ဆောင်ရွက်ပေးနေသည့် ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကပြောသည်။

“ထွက်ခွာမှု ဘာကြောင့်များရလဲဆိုရင် အဓိက အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလို့ဖြစ်တယ်။ နောက်တစ်ခုက သက်မွေးဝမ်းကျောင်းအတွက် ဘဝအာမခံချက်မရှိလို့ဖြစ်တယ်။ လူမှုစီးပွား၊ နိုင်ငံရေး အစစအရာရာအားလုံး ဘဝအာမခံချက်မရှိဘူး။ (ရခိုင်)ဒေသတွင်းမှာတော့ အရင်ထက်စာရင် ပြည်ပထွက်ခွာမှုဟာ ပိုပြီးများလာတယ်”ဟု ၎င်းကဆိုသည်။

တရားမဝင်လမ်းကြောင်းများမှ သွားရောက်သူများမှာ ပွဲစားများ၏ ငွေလိမ်လည်မှုများကိုလည်း မကြာခဏ ကြုံတွေ့နေကြရသည်။ ငွေကြေးလိမ်လည်မှုများကို ဖြေရှင်းပေးရန် ယခုနှစ်တွင် ရခိုင်ပြည်အတွင်းမှ ငွေလိမ်လည်ခံရသူများ တိုင်ကြားလာသည့်အမှုပေါင်း ၃၀ ခန့်ရှိကြောင်း အလုပ်သမားရေးရာကိစ္စများကို ကူညီဖြေရှင်းပေးနေသည့် ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသားကွန်ရက်မှ သိရသည်။

အမှုတွဲတစ်ခုတွင် ငွေလိမ်လည်ခံရသူ ၁၅ ဦးမှ ၂၀ ဦးအထိပါဝင်ပြီး အချို့သော အမှုတွဲများတွင် ရာနှင့်ချီပြီး ပါဝင်သည်ဟု ဆိုသည်။ တိုင်ကြားလာသည့်အမှုများထဲမှ အများစုကို ဖြေရှင်းပြီးပြီဖြစ်သော်လည်း ငွေလိမ်လည်သည့် ပွဲစားများ၏ နေရပ်လိပ်စာ၊ အထောက်အထား မခိုင်လုံသည့်အမှုအချို့ကို ဖြေရှင်းရန်အခက်ကြုံရသည်ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကပြောသည်။

“ပွဲစားနဲ့ အကျိုးဆောင်တွေ လိမ်တာပေါ့။ နီးစပ်ရာကိုယုံလိုက်တဲ့အတွက် ငွေလိမ်ခံရတာဖြစ်တယ်။ အဓိက အယုံလွယ်လို့ဖြစ်တယ်။ နောက်တစ်ခါ လုပ်ငန်းနဲ့ပတ်သက်တဲ့ အသိပညာအားနည်းလို့ဖြစ်တယ်”ဟု သူကဆိုသည်။

ပြည်ပနိုင်ငံများကို သွားရောက်မည်ဆိုပါက ပွဲစားများ၏ နာမည်၊ နေရပ်လိပ်စာ၊ ငွေပေးငွေယူရှင်းတမ်း စသဖြင့် ခိုင်မာသည့်အထောက်အထားများကို ယူထားရန်လိုအပ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်မှ အကြံပြုသည်။ ယင်းမှသာ တိုင်ကြားလာသည့်အမှုများကို ဖြေရှင်းရန်အတွက် ပို၍အထောက်အကူပြုမည်ဖြစ်ကာ မြန်မြန်ဆန်ဆန်ဖြင့် ဖြေရှင်းနိုင်မည်ဖြစ်သည်ဟုလည်းဆိုသည်။

တစ်ဖက်တွင်လည်း လက်ရှိရခိုင်ပြည်အတွင်း စစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား တကျော့ပြန်စစ်ရေး ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလျက်ရှိနေသည်။ ထို့ကြောင့် အကျပ်အတည်းများနှင့့်ကြုံတွေ့နေရသည့် ရခိုင်ပြည်သူများမှာ ပြည်ပထွက်ခွာရေးကို ပိုပြီးရွေးချယ်လာနိုင်သည်ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကပြောသည်။

“အခုက အကျပ်အတည်းဖြစ်နေကြတော့ (ပြည်ပထွက်ခွာမှုက) ပိုများလာတယ်။ နောက်တစ်ခါ ရခိုင်မှာ စစ်ပွဲတွေဖြစ်နေတယ်။ အလုပ်အကိုင် အခွင့်အလမ်းလည်းမရှိဆိုတော့ ပိုပြီးတော့များလာနိုင်တယ်”ဟု သူကဆိုသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ်ဖြစ်ကျော် ဝင်ရောက်ကာအလုပ်လုပ်ကိုင်ရန် ကြိုးပမ်းခဲ့မှုကြောင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကိုခံနေရသူ မြန်မာနိုင်ငံသား သောင်းချီအထိရှိနေကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခု ၂၀၂၂ ခုနှစ် ဇွန်လကုန်အထိ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကိုခံရသူ မြန်မာနိုင်ငံသား ၂၀၀၀၀ ကျော်အထိရှိနေပြီး ထိုအထဲတွင် တချို့က ထောင်ဒဏ်ချမှတ်ခံရခြင်းရှိပြီး တချို့မှာလည်း မြန်မာဘက်ခြမ်းသို့ ပြန်လည်လွှဲပြောင်းပေးမှုများရှိခဲ့ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားရေး ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

လက်ရှိတွင်လည်း ရခိုင်ပြည်အတွင်းက နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့(စစ်တွေ)ရုံးတွင် ရခိုင်ပြည်အနှံ့မှ အသက် ၁၈ နှစ်အထက်မှ ၄၀ ဝန်းကျင် လူငယ်၊လူလတ်ပိုင်းများသည် နိုင်ငံကူးလက်မှတ်စာအုပ်၊ အလည်ဗီဇာ၊ အလုပ်သမားဗီဇာ လာလုပ်သူများနှင့် ပြည့်နက်လျက်ရှိနေသည်။ ထိုရုံးသို့ တစ်နေ့လျှင် လူဦးရေ ၃၀၀ နှင့်အထက် လာရောက်ပြီး ပြည်ပနိုင်ငံသို့ထွက်ခွာရန် အားထုတ်လျက်ရှိနေကြသည်။

“ဒီမှာက ဘွဲ့ရတဲ့သူတွေတောင်မှ အလုပ်အကိုင်ရှားနေတဲ့အချိန်မှာ ကျနော်တို့လို ဆယ်တန်းမအောင်တဲ့ သူတွေအတွက် ပိုပြီးခက်ခဲတာပေါ့။ ဒါကြောင့် မလေးကိုသွားမလို့ (passport)လာလုပ်တာဖြစ်ပါတယ်”ဟု ရမ်းဗြဲမြို့နယ်မှ မလေးရှားနိုင်ငံသို့ သွားရောက်ရန် နိုင်ငံကူးလက်မှတ်လာလုပ်သည့် အသက်(၂၁)နှစ်အရွယ် လူငယ်တစ်ဦးကပြောသည်။

သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် ရခိုင်ပြည်သည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးနေခြင်းကြောင့် လူငယ်အများစုမှာ ထွက်ပေါက်တစ်ခုအနေဖြင့် ပြည်ပနိုင်ငံများကို ဆက်လက်ထွက်ခွာနေကြအုံးမည်ပင်ဖြစ်သည်။

“ပြောရမယ်ဆိုရင် ဘယ်သူကမှ ကိုယ့်အိမ်၊ ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံကို စွန့်ခွာပြီးမသွားချင်ကြဘူး။ ဒါပေမယ့် ကိုယ့်နိုင်ငံမှာက အခွင့်အရေးမပေးတာ”ဟု အသက်(၂၂)နှစ်အရွယ် ကိုနိုင်ချေက စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။

မင်းထွန်း - ရေးသည်။

ဗီဒီယိုများ