ရခိုင်နှင့် ပလက်ဝရှိ တစ်ပတ်အတွင်း တိုက်ပွဲအခြေအနေများ AA ထုတ်ပြန်

တိုက်ပွဲများအတွင်း စစ်ကောင်စီမှ (၄၀)ဦး သေဆုံးခဲ့ပြီး (၂၅)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း AA က ဖော်ပြသည်။ သို့သော် AA မှ ထိခိုက်ကျဆုံးမှု အရေအတွက်ကို ဖော်ပြထားခြင်း မရှိပေ။

By Khin Tharaphy Oo 07 Oct 2022

DMG ၊ အောက်တိုဘာ ၇

ရခိုင်ပြည်အတွင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ယခုအောက်တိုဘာလ ပထမပတ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲကြီး(၁၀)ကျော်နှင့် တိုက်ပွဲငယ်(၁၀)ကျော် ဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့(အောက်တိုဘာလ ၇ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီမှ (၄၀)ဦး သေဆုံးခဲ့ပြီး (၂၅)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း AA က ဖော်ပြသည်။ သို့သော် AA မှ ထိခိုက်ကျဆုံးမှု အရေအတွက်ကို ဖော်ပြထားခြင်း မရှိပေ။

“မိမိတို့ဖက်မှလည်း ထိခိုက်ဒဏ်ရာရသူ အချို့နှင့် ကျဆုံးသူအချို့ ရှိခဲ့သည်”ဟု AA ကဆိုသည်။

ပြင်းထန်သောတိုက်ပွဲအဖြစ် AA က သတ်မှတ်သော ဘူးသီးတောင်မြို့နယ်၊ ကျောက်စာတိုင်(မြိုခမီ)ရွာ၏ တောင်ဖက် (၁ ဒသမ ၃)ကီလိုမီတာအကွာတွင် အောက်တိုဘာလ(၃)ရက်နေ့က တိုက်ပွဲဖြစ်ပွားမှုမှာ (၅)နာရီခန့် ကြာမြင့်ခဲ့ကြောင်း ဆိုသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၇)ဦးသေဆုံးကာ (၁၅)ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

အလားတူ အောက်တိုဘာလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ဘူးသီးတောင်မြိုနယ်၊ ဂူဒါပြင်(မူဆလင်)ရွာနှင့် တောင်ရွာ(မွတ်ဆလင်)အကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၁၀)ဦးသေဆုံးပြီး (၁၀)ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းလည်း AA က ဖော်ပြသည်။

ယနေ့(အောက်တိုဘာ ၇ ရက်) နေ့လယ်ပိုင်းတွင် မင်းပြားမြို၊ ကြပ်စင်တံတား၌ စခန်းချထားသည့် စစ်ကောင်စီတပ်ကို AA က ဝင်ရောက်တိုက်ခတ်ခဲ့ပြီး စစ်ကောင်စီဖက်မှ (၈)ဦးသေဆုံးကာ ဒဏ်ရာရသူအချို့လည်း ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ တိုက်ပွဲအတွင်း စစ်ကောင်စီမှ သေဆုံး၊ ဒဏ်ရာရရှိမှုများနှင့်ပတ်သက်ပြီး DMG အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

AA ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တုန့်ပြန်ချက် တစုံတရာရရှိနိုင်ရန် ပြည်နယ်စစ်ကောင်စီ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

လတ်တလောတွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များအသုံးပြု တိုက်ခိုက်မှုများရှိနေသည့်အပြင် ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်စခန်းနေရာ ၁၇ ခုခန့်မှ လက်နက်ကြီးပစ်ခတ်မှုများနှင့် ပလက်ဝမြိုနယ်တွင်လည်း မီးချောင်းဗျူဟာကုန်း၊ စကခ (၉) ၊ (၁၅) လက်အောက်ခံ တပ်ရင်းဌာနချုပ်များရှိသည့် နေရာများမှ လက်နက်ကြီးများ ပစ်ကူတိုက်ခိုက်မှုများရှိကြောင်းလည်း AA က ထုတ်ပြန်သည်။

မင်းပြားမြို့နယ်၊ ဖလောင်းပြင်ရွာထဲသို့ ယနေ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်တွင် သြဂုတ်လနှင် စက်တင်ဘာလအတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၂၃ ဦးအထိရှိခဲ့သည်။

ဗီဒီယိုများ