ရခိုင်တွင် အပစ်ရပ်ပြီး ရေလမ်းအချို့ဖွင့်ပေးသော်လည်း ကုန်းလမ်းမဖွင့်သေး

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ လူသား ချင်းစာနာမှုဆိုင်ရာ ယာယီ အပစ်ရပ်မှုကို အလွတ်သဘောတူခဲ့ကြသည်။

By Admin 01 Dec 2022

ရခိုင်တွင် အပစ်ရပ်ပြီး ရေလမ်းအချို့ဖွင့်ပေးသော်လည်း ကုန်းလမ်းမဖွင့်သေး

ပုဏ္ဏားကျွန်း ကားလမ်းမပေါ်တွင် ပိတ်မိနေသော ရန်ကုန်-စစ်တွေကား ကြီးများ နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၁

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ လူသား ချင်းစာနာမှု ဆိုင်ရာ ယာယီ အပစ်ရပ်မှုကို အလွတ်သဘောတူခဲ့ကြသည်။

ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားမှုကြောင့် စားနပ်ရိက္ခာများ ပြတ်တောက်နေမှု၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့် လယ်သမားများ စပါးမရိတ်သိမ်းနိုင်မှုကို ကျော်လွှားနိုင်ရန်အတွက် ထိုသို့ အပစ်ရပ်စဲကြခြင်း ဖြစ်သည်။

ထို့နောက် ရခိုင်ဒေသခံများမှာ ကုန်းလမ်း၊ ရေလမ်းများကို ပြန်လည်ဖွင့်ပေးမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း လက်ရှိတွင် ရေလမ်းကြောင်းအချို့ကို ပြန်ဖွင့်ပေးလာသော်လည်း ကုန်းလမ်းများကို ပိတ်ထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီအနေဖြင့် မောင်တော- အငူမော်ကားလမ်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးခဲ့သော်လည်း လက်ရှိတွင် လမ်းပိတ်ထားလိုက်ကြောင်း အငူမော်- မောင်တော ကားသမားတစ်ဦးက DMG သို့ ပြောသည်။

“မောင်‌တော - အငူမော် ကားလမ်းလည်း မဖွင့်သေးပါဘူး။ ဂိတ်တွေ ပိတ်ထားတုန်းပဲ။ ခရေပျံရွာ၊ သရေကုန်းဘောင်ကရွာက ဒေသခံတွေဆိုရင် ဂိတ်ပိတ်ထားလို့ လာလို့တောင်မရဘူး။ ၃၀ ရက်နေ့ လမ်းဖွင့်မယ် ဆိုပြီးတော့ မောင်တောက ခရီးသည်ကားတွေတောင် ပြေးဆွဲတော့မယ်ဆိုပြီး သူတို့ pageမှာ ကြော်ငြာထားတယ်။ သူတို့လည်း မပြေးဆွဲဘူး။ သူတို့မှာ တင်ထားတာကတော့ ဇက်ရေယာဉ်အချိန်နဲ့ မကိုက်တာကြောင့်ဆိုပြီး မပြေးဆွဲတော့ဘူးဆိုပြီးတင်ထားတယ်” ဟု သူကပြောသည်။

ထို့အပြင် ရေချမ်းပြင်နှင့် အငူမော် ရေလမ်းကြောင်းကို စစ်ကောင်စီမှ နိုဝင်ဘာလ ၂၈ ရက်နေ့မှစ၍ နှစ်ရက်ကြာဖွင့်ခဲ့ပြီး ပစ္စည်းများကို ကန့်သတ်ခဲ့ကာ လက်ရှိတွင် ရေလမ်းကြောင်းကို ပြန်လည်ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း ရေချမ်းပြင် - အငူမော် ကူးတို့သည်တစ်ဦးက DMG သို့ပြောသည်။

“၂၈ ရက်နဲ့ ၂၉ ရက်နေ့ကတော့ လိုင်းဘုတ်ရော Speed ဘုတ်ရော ပြေးဆွဲခွင့်ရလိုက်ပါတယ်။ ၃၀ ရက်နေ့ကျတော့ သူတို့ မရတော့ဘူးလို့ပဲ ပြောတယ်။ ဘာလို့လဲတော့ မသိဘူး။ ပြေးဆွဲခွင့် ရလိုက်တဲ့နေ့ကလည်း ခရီးသည်တွေကို မှတ်ပုံတင်တွေ စစ်တယ်။ ပြီးရင် ဘိလပ်မြေတွေ လောင်စာဆီတွေ မတင်ရဘူး။ ဒီနေ့ထိတော့ လမ်းက ပိတ်ထားတုန်းပါပဲ။ ရသေ့တောင်၊ ဘူးသီးတောင်ဘက်ကလာတဲ့ ဘုတ်တွေကျ သွားလို့ရတယ်။ မောင်တောကိုပဲ သူတို့က ပိတ်ထားတာ” ဟု သူကပြောသည်။

ထို့အတူ စစ်တွေ- ပုဏ္ဏားကျွန်း- ရသေ့တောင် ကားလမ်းကို ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ကပင် ပိတ်ထားခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက်နေ့က ကားအချို့ကို သွားခွင့်ပေးပြီး နောက်တွင် လမ်းပြန်ပိတ်လိုက်သည်ဟု ရသေ့‌တောင်မြို့ခံ ကားသမားတစ်ဦးက DMG သို့ပြောသည်။

“ နိုဝင်ဘာလ ၂၈ ရက်နေ့ကတော့ ကားသုံးလေးစီးလောက် အစစ်အဆေးခံပြီး သွားလို့ရသေးတယ်။ နောက်ပိုင်းကျတော့ သွားခွင့်မပေးတော့ဘူး။ အဲဒီနေ့က ကားတွေ အစစ်အဆေးခံပြီး သွားခွင့်‌ပေးတော့ လမ်းဖွင့်ပေးတော့မယ်ထင်တာ။ နောက်ပိုင်းကျ မသွားရတော့ဘူး။ အခုထိလည်း လမ်းမဖွင့်ပေးသေးဘူး” ဟု သူကပြောသည်။

ထို့အပြင်စစ်တွေ- ပုဏ္ဏားကျွန်း- ရသေ့တောင် ကားလမ်းကို ၆လ ကြာပိတ်ထားသောကြောင့် ခရီးသည် ကားပြေးဆွဲနေသည့် ကားသမားအချို့မှာ အလုပ်လက်မဲ့ဖြစ်ကာ နိုင်ငံခြားသို့ ထွက်သွားကြကြောင်း ၄င်းက ဆက်ပြောသည်။

“ လမ်းတွေပိတ်ထားတော့ ကားသမားတွေ အကုန်လုံး အခက်အခဲရှိတာပေါ့။ တစ်ချို့ကားသမားတွေဆိုရင် ကားတွေကိုထားပြီး နိုင်ငံခြားထွက်သွားကြတာတွေ ရှိတယ်။ ဒီဘက်မှာက ကားလိုင်းဆွဲပြီးတော့ စားသောက်နေကြတာ။ အခု လမ်းတွေပိတ်ထား ကားလိုင်းလည်း မဆွဲရတော့ နောက်ထပ်အလုပ်အသစ်ရှာကြရတာပေါ့ ” ဟု သူကပြောသည်။

စစ်တွေ- ပုဏ္ဏားကျွန်း အဝေးပြေးကားလမ်းမကြီးကို စစ်ကောင်စီမှ လက်ရှိ အချိန်ထိဆက်လက် ပိတ်ထားပြီး စစ်တွေတပ်နယ် တပ်ထိန်းဂိတ်ဖွင်လှစ်ပေးသည်ဆိုသော်လည်း ကျောက်တန်းဂိတ်နှင့် ပုဏ္ဏားကျွန်းဘက်မှ ပိတ်ထားဆဲဖြစ်ကြောင်း စစ်တွေ- ကျောက်တော် ခရီးသည်များပြေးဆွဲနေသည့် ကားသမားတစ်ဦးက DMG သို့ပြောသည်။

“တပ်ထိန်း ဂိတ်တော့ ဖွင့်ပေးတယ်။ ကျောက်တန်းဂိတ် မဖွင့်ပေးသေးဘူး။ တပ်ထိန်းဂိတ်ဖွင့်ပေမယ့် ကျောက်တန်း ဂိတ်ပိတ်ထားတော့ ကားတွေ သွားလို့ မရသေးဘူး။ ပုဏ္ဏားကျွန်းကားလမ်းလည်း မဖွင့်ပေးသေးဘူး” ဟု သူကပြောသည်။

စစ်ကောင်စီမှ ပိတ်ထားသည့် လမ်းများမှာ စစ်တွေ - ပုဏ္ဏားကျွန်းအဝေးပြေး လမ်းမကြီး၊ မင်းပြား - မြေပုံ ကားလမ်း၊ စစ်တွေ- ပုဏ္ဏားကျွန်း- ရသေ့တောင်ကားလမ်း၊ မောင်တော- အငူမော်ကားလမ်းတို့ဖြစ်ကြသည်။

လက်ရှိ ရွှေပြည်တန်အမြန် ရေယာဉ်အနေဖြင့် စစ်တွေ- ပေါက်တော၊ စစ်တွေ -မင်းပြား၊ စစ်တွေ- ရသေ့တောင်- ဘူးသီးတောင် တို့ကို ပြေးဆွဲနေပြီးဖြစ်သော်လည်း စစ်တွေ- မြောက်ဦးရေ လမ်းကြောင်းကို ပြေးဆွဲခွင့်မရသေးကြောင်း ရွှေပြည်တန်တာဝန်ရှိသူထံမှ သိရသည်။

မင်းပြားမြို့နယ် ဖလောင်းပြင်ရွာသားတစ်ဦးက “ အခုတော့ ရွှေပြည်တန်တစ်ခုတည်း သွားလာခွင့်ရနေတာကို တွေ့ရတယ်။ ဒေသခံတွေကတော့ ဘယ်သူမှ မသွားရဲကြသေးဘူး။ ဘာလို့လဲဆိုတော့ အပစ်အခတ် ရပ်စဲထားလို့ စက်လှေတွေသွားရင် ပစ်မှာလား ကျနော်တို့ မသိဘူး။ စစ်သားတွေက ကြပ်စင်တံတားပေါ်မှာရော၊ တံတားအောက်မှာရော အများကြီး ရှိနေလို့ မသွားရဲကြဘူးဖြစ်နေတာ” ဟု ပြောသည်။

ထို့ပြင် မင်းပြား- မြေပုံ ကုန်းလမ်း၊ ရေလမ်းများမှာလည်း ပိတ်ထားဆဲဖြစ်ကြောင်း မင်းပြားဒေသခံတစ်ဦးက DMG သို့ပြောသည်။

“ လမ်းဖွင့်ပေးတာတော့ မရှိပါဘူး။ အရင်အတိုင်းပါဘဲ။ ဘာမှ ထူးခြင်းမှုတော့ မရှိပါဘူး။ မင်းပြား-မြေပုံ ကားလမ်းလည်း မဖွင့်သေးဘူး။ ရေလမ်းလည်း မဖွင့်သေးပါဘူး ” ဟု သူကပြောသည်။

ထိုသို့ လမ်းများပြန်လည်ဖွင့်ပေးမည့် ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းနှင့် ပြည်နယ်ဝန်ကြီးများကို ဆက်သွယ်ခဲ့သော်လည်း တုန့်ပြန်ချက် တစုံတရာ မရရှိသေးပေ။

ထိုသို့ ကုန်းလမ်းများကို ဆက်လက်ပိတ်ထားဆဲဖြစ်သဖြင့် ပြည်သူတို့မှာ စီးပွားရေး၊ ကျန်းမာရေးစသည့် ကဏ္ဍတို့တွင် ထိခိုက်နစ်နာမှုများ ရှိနေသည်။

ဗီဒီယိုများ