အမ်းတွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သည့် ULA/AA ဒုတိုက်နယ်မှူး သေဆုံး

အသက် ၄၀ အရွယ် ULA/AA ဒုတိုက်နယ်မှူးသည် ကုဇုကိုင်းတိုက်နယ်၊ တောင်မော်ရွာရှိ နေအိမ်တစ်အိမ်တွင် ရှိနေစဉ် စွေ့ချောင်းဗျူဟာကုန်းမှ ဗိုလ်ကြီးဝင်းသူအောင် ဦးဆောင်သော တပ်ဖွဲ့ဝင်ငါးဦး ရောက်ရှိလာကာ ပစ်ခတ်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

By Admin 15 Oct 2022

အမ်းတွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သည့် ULA/AA ဒုတိုက်နယ်မှူး သေဆုံး

ULA/AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၁၅

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းတိုက်နယ်၏ ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) တိုက်နယ်မှူး ကိုဗြားကြီး (ခ) ကိုမျိုးမင်းဇော်ကို မြန်မာစစ်တပ်က အောက်တိုဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသွားခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။

အသက် ၄၀ အရွယ် ULA/AA ဒုတိုက်နယ်မှူးသည် ကုဇုကိုင်းတိုက်နယ်၊ တောင်မော်ရွာရှိ နေအိမ်တစ်အိမ်တွင် ရှိနေစဉ် စွေ့ချောင်းဗျူဟာကုန်းမှ ဗိုလ်ကြီးဝင်းသူအောင် ဦးဆောင်သော တပ်ဖွဲ့ဝင်ငါးဦး ရောက်ရှိလာကာ ပစ်ခတ်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ထိုသို့ပစ်ခတ်ဖမ်းဆီးပြီးနောက် ၎င်းကို ကဇုကိုင်းတံတားဂိတ်သို့ ခေါ်ဆောင်သွားရမှ ညနေပိုင်းတွင် သေဆုံးသွားကြောင်းသိရသည်ဟု ဒေသခံတစ်ဦးပြောသည်။

“မနက် ၈ နာရီခွဲလောက်မှာ စွေ့ချောင်းဗျူဟာကုန်းက ဗိုလ်ကြီး ဝင်းသူအောင်ကားနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်တွေ အပြည့်အစုံနဲ့ရောက်လာတယ်။ ဒု-တိုက်နယ်မှူးအပါအဝင် တပည့်နှစ်ယောက်က သူတို့လာတာမြင်လို့ အိမ်နောက်ကိုထွက်ပြေးတော့ ဒုတိုက်နယ်မှူးကို သေနတ်နဲ့ပစ်လိုက်တာ ဘယ်ဘက်လက်မောင်းကို ထိသွားတယ်။ ပြီးရင် ဒု-တိုက်နယ်မှူးကို ကဇူကိုင်းတံတားဂိတ်ကို ဖမ်းဆီးခေါ်ဆောင်သွားဖို့အတွက် ဒေသခံ ၃ ယောက်ကို လိုက်ပို့ဖို့ပြောတယ်”ဟု ၎င်းကဆိုသည်။

သေနတ်ဖြင့်ပစ်ခတ်စဉ် ULA/AA ဒုတိုက်နယ်မှူးတွင် ရရှိသွားသည့်ဒဏ်ရာမှာ သေစေနိုင်လောက်သည့် ဒဏ်ရာမျိုးမဟုတ်ဘဲ ဆေးကုသလျှင် သက်သာနိုင်သည့် အခြေအနေတွင်ရှိသဖြင့် ယခုကဲ့သို့ သေဆုံးသွားခြင်းမှာ စစ်ဆေးရေးဂိတ်တွင် ရိုက်နှက်မှုများရှိ၍ သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

“ဒုတိုက်နယ်မှူးမှာ လက်မောင်းကိုကျည်ထိတာကျတော့ သေစေလောက်တဲ့ ဒဏ်ရာမဟုတ်ဘူးလေ။ ဆေးကုလို့ရတဲ့ အနေအထားရှိတယ်။ ဆေးကုလို့ရတဲ့ လူတစ်ယောက်ကို ၃ နာရီ ၄၇ မိနစ်လောက်မှာ သေဆုံးသွားတယ်လို့ သတင်းရတယ်။ သေဆုံးသွားတယ်ဆိုတာနဲ့ သူတို့က အလောင်းကို စွေ့ချောင်းဗျူဟာကုန်းကို ယူသွားကြတယ်”ဟု ၎င်းကပြောသည်။

လက်နက်မပါသူတစ်ဦးကို ယခုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခြင်းအပေါ် ရှုတ်ချကြောင်း ဒေသခံများက ပြောဆိုကြသည်။

“သေနတ်ပါတဲ့သူလည်း မဟုတ်ဘဲ ပြည်သူတစ်ယောက်လိုနေတာကို သေနတ်နဲ့ ပစ်ပြီးဖမ်းဆီးတာကတော့ သိပ်များတယ်လို့ထင်တယ်။ သူက အရပ်သားတစ်ယောက်လိုနေတာကို အရပ်သားတစ်ယောက်လို ခုခံမှုတောင် မရှိဘူး။ လူကိုအန္တရာယ်ပေးလောက်တဲ့ ပစ္စည်းတစ်ခုတောင်မရှိဘဲနဲ့ သေနတ်နဲ့ပစ်ပြီးဖမ်းတယ်”ဟု သူက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သိရှိနိုင်ရန်အတွက် မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မျူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ULA/AA မှ ဒု-တိုက်နယ်မှူး ကိုဗြားကြီး(ခ)ကိုမျိုးမင်းဇော်ကကို မြန်မာစစ်တပ်က ပစ်ခတ်ဖမ်းဆီးသွားပြီးနောက် သေဆုံးသွားသည်ဆိုသည့်အပေါ် ULA/AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ်နေဆဲဖြစ်ပြီး ယနေ့ ညနေ ၅ နာရီကျော်အချိန်ထိ အကြောင်းမပြန်သေးပေ။

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားလာပြီးနောက် မြန်မာစစ်တပ်က နေရာအနှံ့တွင် ဖမ်းဆီးမှုများပြုလုပ်လာနေပြီး အချို့မှာလည်း စိုးရိမ်စိတ်များကြောင့် တိမ်းရှောင်လျက်ရှိနေကြသည်။

ဗီဒီယိုများ