AA ကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် မင်းပြားမြို့နယ် ဒု-ပညာရေးမှူးအား မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်

အမှုဖွင့်ခံရသူမှာ မင်းပြားမြို့နယ် ဒုတိယပညာရေးမှူး ဦးတင်မျိုးဇော်(၄၂)နှစ်ဖြစ်သည်။ ၎င်းကို ပြီးခဲ့သည့် စက်တင်ဘာလ(၂၇)ရက်နေ့တွင် စစ်တွေမြို့ရှိ ပြည်နယ်ပညာရေးမှူးရုံးသို့ လာရောက်ရန်ခေါ်ယူကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်

By Admin 12 Oct 2022

AA ကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် မင်းပြားမြို့နယ် ဒု-ပညာရေးမှူးအား မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်

မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်ခံထားရသည့် မင်းပြားမြို့နယ် ဒုတိယပညာရေးမှူး ဦးတင်မျိုးဇော်။ / ဓာတ်ပုံ - Laymyo Media

DMG ၊ အောက်တိုဘာ ၁၂

ရခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ ကျောင်းဆရာ၊ ဆရာမများထံမှ လစာငွေများဖြတ်ထောက်ပြီး ရက္ခိုင့်တပ်တော်(AA)ကို ငွေကြေးထောက်ပံ့ပေးနေသည်ဟုဆိုကာ မင်းပြားမြို့နယ် ဒုတိယပညာရေးမှူးကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ- ၁၇(၁)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အမှုဖွင့်ခံရသူမှာ မင်းပြားမြို့နယ် ဒုတိယပညာရေးမှူး ဦးတင်မျိုးဇော်(၄၂)နှစ်ဖြစ်သည်။ ၎င်းကို ပြီးခဲ့သည့် စက်တင်ဘာလ(၂၇)ရက်နေ့တွင် စစ်တွေမြို့ရှိ ပြည်နယ်ပညာရေးမှူးရုံးသို့ လာရောက်ရန်ခေါ်ယူကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။

“သူကိုဖမ်းထားတာတော့ နည်းနည်းကြာနေပြီ။ ဖမ်းထားပြီးနောက်ပိုင်း ကျန်တဲ့သတင်းတွေတော့ ကျနော်တို့ မကြားသေးဘူး”ဟု မင်းပြားတွင် တာဝန်ကျနေသည့် ကျောင်းဆရာတစ်ဦးက DMG ကိုပြောသည်။

ထိုသို့ မင်းပြားမြို့နယ် ဒုတိယပညာရေးမှူး ဦးတင်မျိုးဇော်အား မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ- ၁၇(၁)ဖြင့် အမှုဖွင့်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်နှင့် ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

သို့သော် ပြည်နယ်စစ်ကောင်စီ၏ သတင်းများကို အသားပေးဖော်ပြနေသည့် ရခိုင်နေ့စဉ် Facebook စာမျက်နှာတွင် “မင်းပြားမြိုနယ်ပညာရေးမှူးရုံးမှ ဒု-မြိုနယ်ပညာရေးမှူး ဦးတင်မျိုးဇော် (ခ) ပွကြီးမှာ လစာထုတ်တိုင်း ကျောင်းဆရာ/ဆရာမများထံမှ လစာငွေများဖြတ်တောက်ပြီး AA အဖွဲအား ထောက်ပံ့ပေးနေသည်မှာ (၂)နှစ်ကျော်ကြာမြင့်လာပြီး လက်ရှိတွင် ၎င်းကိုဖမ်းဆီးကာ မတရားအသင်းဆက်သွယ်မှုအက်ဥပဒေပုဒ်မ- ၁၇(၁)အရ အမှုဖွင့်လှစ်ထားကြောင်း”ဖော်ပြသည်။

ရခိုင်ပြည်အတွင်းနှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ ဒေသခံများ၊ ပရဟိတလုပ်ဆောင်နေသူများအပြင် ဌာနဆိုင်ရာ ဝန်ထမ်းအချို့ကို မြန်မာစစ်တပ်ကဖမ်းဆီးကာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မတို့ဖြင့် တရားစွဲဆိုမှုများရှိလာသည်။

နောက်ထပ်လည်း ပညာရေးဝန်ထမ်းများ ဖမ်းဆီးအမှုဖွင့်ခံရသည့်ဖြစ်စဉ်များ ပေါ်ပေါက်လာမည်ကို စိုးရိမ်မိကြောင်း မောင်တောမြို့နယ်တွင် တာဝန်ကျနေသည့် ကျောင်းဆရာတစ်ဦးကပြောသည်။

“အခုလို ကျောင်းဆရာတွေကို ဖမ်းတယ်၊ အမှုဖွင့်တယ်ဆိုတာကတော့ မဖြစ်သင့်ဘူး။ အခုလို့ ဖမ်းဆီးအရေးယူနေတော့ စိုးရိမ်မှုရှိတာပေါ့။ အခုက ပညာရေးဝန်ထမ်းတွေပဲ အသတ်ခံရတွေရှိတယ်၊ ဖမ်းဆီးမှုတွေ ပိုများလာတယ်။ ဆိုတော့ နောက်ထပ်ပညာရေးဝန်ထမ်းတွေ အဖမ်းခံရမှာကို စိုးရိမ်မှုရှိပါတယ်”ဟု ၎င်းကဆိုသည်။

DMG က ကောက်ယူထားသည့် စာရင်းများအရ ရခိုင်ပြည်တွင် တကျော့တိုက်ပွဲဖြစ်ပွားလာပြီးနောက် မတရားအသင်းဆက်သွယ်မှုအက်ဥပဒေဖြင့် အမှုဖွင့်ခံရထားရသူ (၆)ဦးအထိ ရှိလာနေသည်။ ၎င်းတို့မှာ မင်းပြားမြို့နယ် ဒုတိယပညာရေးမှူး ဦးတင်မျိုးဇော်၊ သံတွဲမြို့၊ ဇီဖြူရပ်ကွက်မှ ALD ပါတီဝင် ကိုညီလေးကြီးနှင့် ဒေသခံ ကိုခင်မောင်အေး၊ ဘူးသီးတောင်မြို့နယ် မီးကျောင်းဈေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာမီဟူဆောင်းနှင့် တပ်မင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လှ၊ တောင်ကုတ်မြို့မှ ဆရာဝန် ဒေါက်တာ ကျော်သူရထွန်းတို့ဖြစ်ကြသည်။

ဗီဒီယိုများ