ရခိုင်တွင် အပစ်ရပ်ထားသော်လည်း နေရပ်မပြန်ရဲသေးဟု စစ်ဘေးရှောင်များပြော

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား လက်ရှိတွင် နှစ်ဘက်နားလည်မှုဖြင့် အပစ်အခတ် ရပ်စဲထားသော်လည်း နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်များမှာ မိမိတို့နေရပ်သို့ မပြန်ရဲသေးကြောင်း ပြောဆိုကြသည်။

By Admin 29 Nov 2022

ရခိုင်တွင် အပစ်ရပ်ထားသော်လည်း နေရပ်မပြန်ရဲသေးဟု စစ်ဘေးရှောင်များပြော

ရခိုင်ပြည်အတွင်းမှ စစ်ဘေးရှောင်များကို တွေ့ရစဉ်။

DMG | နိုဝင်ဘာ ၂၉

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား လက်ရှိတွင် နှစ်ဘက်နားလည်မှုဖြင့် အပစ်အခတ် ရပ်စဲထားသော်လည်း နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်များမှာ မိမိတို့နေရပ်သို့ မပြန်ရဲသေးကြောင်း ပြောဆိုကြသည်။

၂၀၂၂ ခုနှစ် သြဂုတ်လမှစတင်ကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ကာ ယခုနိုဝင်ဘာလ ၂၆ ရက်နေ့တွင် နှစ်ဖက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲခဲ့သည်။

ထိုသို့ရပ်စဲခြင်းမှာ ရခိုင်ပြည်မှာ ရာသီဥတုဖျက်ဆီးမှု၊ မြေသြဇာစျေးကြီးမှု၊ လောင်စာဆီစျေးကြီးမှုများကြောင့် စပါးစိုက်ဧက ၃၀ ရာခိုင်နှုန်းလောက် လျှော့သွားကြောင်း၊ ထို့ပြင် မြန်မာစစ်တပ်မှ လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်မှုကြောင့် စပါးရိတ်သိမ်းခြင်းများ မပြုလုပ်နိုင်သဖြင့် “ပြည်သူတွေဟာ ကြီးမားတဲ့အခက်အခဲတွေနဲ့ ဆိုးဆိုးဝါးဝါး ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။

ထိုသို့ အပစ်ရပ်ထားသော်လည်း ကျေးရွာအနီးတွင် မြန်မာစစ်တပ်က တပ်စွဲထားသဖြင့် နေရပ်မပြန်ရဲသေးကြောင်း မြောက်ဦးမြို့နယ်၊ ဘောင်းဒွတ်ကျေးရွာမှ စစ်ဘေးရှောင်တိမ်းနေသည့် မဌေးဌေးကပြောသည်။

“ကျမတို့ ဘောင်းဒွတ်ရွာနားမှာ ၃၇၇ နဲ့ ၃၇၈ တပ်ရင်း နှစ်ခုရှိပါတယ်။ အရင်တုန်းကလည်း သူတို့က ရွာထဲကို ဝင်ပစ်တာတွေကြောင့် ကျမတို့ပြေးလာရတာပါ။ သူတို့ရှိနေသရွှေ့ ရွာကို ပြန်ရဲမှာမဟုတ်ဘူး။ တကယ်လို့ ပြန်မယ်ဆိုရင်တောင် တိုက်ပွဲတွေလည်း ထပ်မဖြစ်တော့ဘူး။ စစ်သားတွေ ရွာထဲကိုဝင်ပြီး ဒုက္ခမပေးပါဘူးဆိုတဲ့ လုံခြုံရေး အာမခံချက်လေးတစ်ခုရမှ ပြန်ရဲမှာပါ”ဟု ၎င်းကဆိုသည်။

မြောက်ဦးမြို့နယ်၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတွင် ပေါက်တောပြင်၊ ဘောင်းဒွတ်၊ အုတ်ဖိုကန်၊ ဘုရားအုပ်၊ ကြာချေ၊ ပန်းမြောင်းစသည့် ကျေးရွာအသီးသီးမှ စစ်ဘေးရှောင် ၁၀၀၀ ကျော် ခိုလှုံလျက်ရှိနေကြသည်။

အလားတူ ရသေ့တောင်မြို့ပေါ်တွင်ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာလည်း နေရပ်ပြန်သူမရှိသေးဘဲ စပါးရိတ်သိမ်းရန်အတွက် ခေတ္တသွားရောက်သူ အချို့သာရှိကြောင်း စစ်ဘေးရှောင်များကပြောသည်။

“မိသားစုလိုက် နေရပ်ကို ပြန်သွားကြတာတော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ တိုက်ပွဲအခြေနေကလည်း သေချာတာ မဟုတ်သေးဘူးလေ။ ဒါကြောင့် အပစ်အခတ်ရပ်စဲထားတဲ့ အချိန်လေးအတွင်းမှာပဲ ရွာမှာကျန်ခဲ့တဲ့ စပါးတွေကို ရိတ်သိမ်းဖို့ သွားကြရုံပဲရှိပါတယ်။ အကုန်လုံးစုပြီး ပြန်ဖို့ဆိုတာက မဖြစ်နိုင်သေးပါဘူး”ဟု မြို့လယ်ချောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ မဦးမြရီကပြောသည်။

ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရီဖြူကန်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များမှာလည်း တိုက်ပွဲများ အချိန်မရွေး ထပ်ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် မိမိတို့နေရပ်ကို မပြန်နိုင်ကြသေးကြောင်းပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ရွာမှ စစ်ဘေးရှောင်တစ်ဦးက “ကျနော်တို့ရွာထဲကို ၅၅၀ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်တော့ အကုန်လုံးကြောက်ပြီး ပြေးလာရတာ။ အခုလက်ရှိမှာ အပစ်ခတ်ရပ်စဲထားလို့ အေးချမ်းနေပေမယ့် ဘယ်နေ့၊ဘယ်ရက် ထဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ အပစ်အခတ်ရပ်စဲထားတာကလည်း အချိန်အကန့်အသတ် မရှိဘူး။ တကယ်လို့ ရွာကိုပြန်သွားပြီးမှ တိုက်ပွဲတွေထဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ကျနော်တို့ မိသားစုတွေ၊ ကလေးတွေနဲ့ စိတ်ပူတာပေါ့”ဟု ပြောသည်။

လူဦးရေ (၃၄၀၀)ကျော်ခိုလှုံနေသည့် ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှလည်း လက်ရှိအချိန်ထိ နေရပ်ပြန်သူ တစ်ဦးတစ်ယောက်မျှ မရှိသေးကြောင်း စခန်းတာဝန်ခံ ကိုသန်းအေးကပြောသည်။

“အပစ်အခတ်ရပ်စဲထားလို့ နေရပ်ပြန်မယ်ဆိုပြီး ပြောလာတဲ့သူ လက်ရှိအချိန်ထိ တစ်ယောက်မှ မရှိသေးပါဘူး။ ဘာလို့လဲ ဆိုတော့ ပြန်စရာ ရွာလည်းမရှိသလို အိမ်လည်းမရှိတော့ဘူးလေ။ အကုန်လုံးက ရွာတွေမီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ တင်းမ ဒေသခံတွေနဲ့ ပြိုင်းတိုင်းဒေသခံတွေချည်းပဲ။ ဒါကြောင့် တိုက်ပွဲမရှိလည်း နေရပ်ပြန်နိုင်တဲ့သူ ဒီမှာ တစ်ယောက်မှ မရှိသေးပါဘူး”ဟု ၄င်းကပြောသည်။

အဆိုပါကျေးရွာသားများမှာ ယခင်တိုက်ပွဲကာလကပင် နေအိမ်များမီးရှို့ခံရမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်ပြီး ယနေ့အချိန်ထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးပေ။

ယင်းကြောင့် ယခင်တိုက်ပွဲကာလအတွင်းက နေအိမ်မီးလောင်ပျက်စီးသွားရသည့် စစ်ဘေးရှောင်များပါ နေရပ်ပြန်နိုင်ရန်အတွက် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများနှင့် မိုင်းရှင်းလင်းပေးမှုများပြုလုပ်ပေးရန် စစ်ဘေးရှောင်များ တောင်းဆိုကြသည်။

လက်ရှိတွင် စစ်ဘေးရှောင်များမှာ မိမိနေရပ်သို့ပြန်ကာ လုပ်ကိုင်စားသောက်ရန် အဆင်မပြေသလို ကူညီထောက်ပံ့မှုများလည်း မရရှိဘဲ စစ်ဘေးရှောင်စခန်းများတွင် စားဝတ်နေရေး ခက်ခဲကျပ်တည်းစွာ နေထိုင်နေကြရသည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နားလည်မှုနှင့် အပစ်ခတ်ရပ်နားထားသော်လည်း စာချုပ်၊ ကတိကဝတ်များဖြင့် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သည့်အတွက် တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်ကြောင်း ULA/AA ၏ နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုက ပြောဆိုထားသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လအတွင်းမှ စတင်၍ ဖြစ်ပွားခဲ့သည့် တစ်ကျော့ပြန်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် စစ်ဘေးရှောင်ဦးရေ (၉၀၀၀၀)ကျော်အထိ ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ