ရခိုင်တွင် ကုန်စည်ပြတ်တောက်မှုမဖြစ်ပေါ်စေရန် ဒေသတွင်းစိုက်ပျိုးထုတ်လုပ်မှုများကို ပိုမိုလုပ်ဆောင်ရန် လိုအပ်

ရခိုင်ပြည်တွင် ကုန်စည်ပြတ်တောက်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုများ မဖြစ်စေရန်အတွက် ဒေသအတွင်း စိုက်ပျိုး ထုတ်လုပ်မှုများကို ပိုမိုလုပ်ဆောင်ကြရန် လိုအပ်ကြောင်း ရက္ခိုင့်တပ်တော်(AA)နှင့် စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။

By Admin 30 Nov 2022

ရခိုင်တွင် ကုန်စည်ပြတ်တောက်မှုမဖြစ်ပေါ်စေရန် ဒေသတွင်းစိုက်ပျိုးထုတ်လုပ်မှုများကို ပိုမိုလုပ်ဆောင်ရန် လိုအပ်

စစ်တွေမြို့နယ် အောင်ဒိုင်ကျေးရွာရှိ ငရုတ်ခင်းများအားတွေ့ရစဉ်/ဓာတ်ပုံ - DMG

DMG | နိုဝင်ဘာ ၃၀

ရခိုင်ပြည်တွင် ကုန်စည်ပြတ်တောက်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုများ မဖြစ်စေရန်အတွက် ဒေသအတွင်း စိုက်ပျိုး ထုတ်လုပ်မှုများကို ပိုမိုလုပ်ဆောင်ကြရန် လိုအပ်ကြောင်း ရက္ခိုင့်တပ်တော်(AA)နှင့် စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ရခိုင်တွင် မြန်မာစစ်တပ်မှ စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းအား ပိတ်ထားမှုကြောင့် ကုန်စည်ပြတ်တောက်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့်ပတ်သက်၍ မေးမြန်းရာတွင် ဦးခိုင်သုခက အောက်ပါအတိုင်းပြောဆိုခဲ့သည်။

“ သွင်းကုန်၊ပို့ကုန်တွေနဲ့ပတ်သက်လို့ အနာဂတ်မှာ တစ်ဖက်တည်းကို မှီခိုတာထက် အဖက်ဖက်က ကုန်သွယ်ရေးလမ်းကြောင်းတွေဖွင့်ပြီးတော့ ဆက်ဆံရေးတွေကို စဉ်းစားထားရမှာဖြစ်ပါတယ်။ ပြီးရင် ကိုယ့်ကိုကိုယ် ရပ်တည်နိုင်အောင် စိုက်ပျိုးထုတ်လုပ်မှုတွေကိုလည်း လုပ်ကြရမှာဖြစ်ပါတယ်။ အဲဒါတွေကို ULA အစိုးရအနေနဲ့ ပြည်သူတွေကို ဦးဆောင်ဦးရွက် စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့အတွက် လုပ်နေတယ်ဆိုတာကိုလည်း အသိပေးလိုတယ်” ဟု သူကဆိုသည်။

မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA) တို့သည် နိုဝင်ဘာ ၂၆ ရက်နေ့မှစတင်ကာ ယာယီ အပစ်ရပ်စဲထား ကြသည်။သို့သော် ဒေသခံများအသုံးပြုမှုအများဆုံးဖြစ်သည့် ပုဏ္ဏားကျွန်း-စစ်တွေ လမ်းပိုင်းနှင့် ရသေ့တောင်-ပုဏ္ဏားကျွန်း လမ်းတို့ကို ပိတ်ပင်ထားဆဲဖြစ်သည့်အတွက် ဒေသခံများမှာ အခက်ကြုံနေကြရသည်။

ယင်းသို့ပြည်သူများ၏ အခက်အခဲများကိုပြေလည်ရန်အတွက် ရက္ခိုင့်တပ်တော်အနေဖြင့် လုပ်ဆောင်နေ သည်ဟုလည်း ဦးခိုင်သုခက ပြောသည်။

“ အခုလတ်တလော ကြုံနေရတဲ့အခက်အခဲတွေ ပြေလည်ဖို့ အတွက် ကျနော်တို့လုပ်ဆောင်နေတာလည်း ရှိပါတယ်။ အဲဒါတွေကို ပြည်သူတွေမကြာခင်သိလာ ကြပါလိမ့်မယ်လို့ ဖြေကြားလိုပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။

မြန်မာစစ်တပ်နှင့် AA တို့တကျော့ပြန်စစ်ရေးတင်းမာနေချိန်တွင် မြန်မာစစ်တပ်သည် ဘူးသီးတောင်၊မောင်တော၊ ရသေ့တောင်၊ပေါက်တောစသည့်မြို့နယ်တို့မှ ကုန်းလမ်း/ရေလမ်းအပါအဝင် ရန်ကုန်- စစ်တွေ ကားလမ်းရှိ စစ်တွေ-ပုဏ္ဏားကျွန်းမြို့ ကားလမ်းပိုင်းတို့ကို သွားလာခွင့်များပိတ်ပင်ခဲ့သည်။

ယင်းကြောင့် ရခိုင်ပြည်သူများမှာ ကုန်စည်ပြတ်တောက်မှု၊ကုန်ဈေးနှုန်းမြင့်တက်မှုစသည့် အခက်အခဲများကို ကြုံတွေ့ကြရသည်။လမ်းခရီးများကန့်သတ်ပိတ်ပင်ထားချိန်တွင် ကုန်စည်ပြတ်တောက်မှု၊ ကုန်ဈေးနှုန်း မြင့်တက်မှုစသည့်အခက်အခဲများနှင့်ကြုံတွေ့ရခြင်းမှာ ရခိုင်ဒေသတွင် ကုန်ထုတ်လုပ်မှု၊စိုက်ပျိုးထုတ်လုပ်မှု အားနည်းသည့်အတွက်ကြောင့်ဟု ရခိုင်မှဝါရင့်စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက ပြောသည်။

“တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် စိုက်ပျိုးရေးထွက်ကုန်တွေ၊စက်မှုထုတ်ကုန်တွေ၊နောက်ရေထွက်ကုန် ပစ္စည်းတွေကို ကိုယ့်ဒေသနဲ့ လိုက်လျောညီထွေစွာနဲ့ တန်းဖိုးမြှင့်ထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေက မရှိဘူး။ အဲတော့ ရခိုင်ပြည်ဟာ ဘာဖြစ်သွား သလဲဆိုတော့ သူများကိုပဲ အမြဲတမ်းမှီခိုပြီးစားသောက်နေရတဲ့ အခွေ အနရေောက်သွားတယ်။ ဒါတွေကို တော်လှန်ရေးတစ်ရပ်လို ပြုပြင်ပြောင်းလဲပစ်နိုင်မှ ဒီအခြေအနေက ပြန်ပြီး ကောင်းလာနိုင်တယ်။ အခုလိုမျိုး ဘက်စုံကပိတ်ဆို့ခံလိုက်ရတဲ့ဥစ္စာက ရခိုင်လူမျိုးတွေအတွက် သင်ခန်းစာပေါ့” ဟု သူက ဆိုသည်။

ယင်းအပြင် ရခိုင်ဒေသတွင် စိုက်ပျိုးရေးလုပ်ကိုင်သူများနည်းပါးလာသည့်အပြင် နည်းပညာမရှိခြင်း၊ ငွေကြေး အရင်းအနှီးမရှိခြင်းတို့ကြောင့် စိုက်ပျိုးရေးကို စီးပွားဖြစ်လုပ်ကိုင်ခြင်းထက် တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြသည့် အတွက် စားသောက်ကုန်များကိုလည်း ပြည်မဖက်မှ အများဆုံးဝယ်ယူစားသုံးနေကြရခြင်း ဖြစ်သည်ဟု လည်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

ရခိုင်ပြည်တွင် စိုက်ပျိုးရေးဧက ၁၂ သိန်းခွဲကျော်အထိရှိပြီး ယင်းထဲတွင် ဆောင်းသီးနှံစိုက်ပျိုးသည့်ဧကမှာ ၅ သိန်း ၄ သောင်းကျော်သာရှိကြောင်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူ လယ်သမား သမဂ္ဂ၏ စာရင်းအရ သိရသည်။

ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များတွင် ခရမ်း၊ အားလူး၊ ငရုတ်၊ သခွါး၊ မြေပဲ၊ မုံညင်း၊ ဖရဲ၊ ဂေါ်ဖီ၊ မတ်ပဲ စသည့် ဆောင်းသီးနှံကို အဓိကစိုက်ပျိုးကြသည်။ လက်ရှိတွင် သွားလာခွင့်များ ကန့်သတ်ထားသဖြင့် ဓာတ်မြေသြဇာဈေးနှုန်းမြင့်တက်မှုအပါအဝင် အခက်အခဲများကြားမှ စိုက်ပျိုးထားသည့် ဆောင်းသီးနှံများမှာ ရောင်းအားကျဆင်းလာနေသည်ဟု မြောက်ဦးမြို့နယ် တောင်သူတစ်ဦးက ပြောသည်။

"အရင်နှစ်တွေလိုတော့ မကောင်းဘူး။အရင်နှစ်တွေကဆိုရင် ဒီကို ရသေ့တောင်၊ပုဏ္ဏားကျွန်းက ကားသမားတွေက ဒီကိုတိုက်ရိုက်လာကြတယ်။ဆိုတော့ ဟင်းသီးဟင်းရွက်တွေလည်းရောင်းကောင်းတယ်။ ဒီနှစ်တော့ အဲဒီလိုမရောက်တော့ဘူး။ဆိုတော့ ဟင်းသီးဟင်းရွက်တွေက ဈေးကျသွားတယ်။ မျှော်လင့်ထားတဲ့ဈေးမရဘူး" ဟု သူကဆိုသည်။

ယင်းအပြင် ဆောင်းသီးနှံ စိုက်ပျိုးမှုမှာလည်း ကျဆင်းလာနေပြီး ဈေးကွက်အာမခံချက်မရှိခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူ နည်းပါးလာသည်ဟု တောင်သူများကဆိုကြသည်။

သီးနှံစိုက်ဧကနည်းလာသည်နှင့်အမျှဒေသထွက်ကုန်ကျဆင်းလာကာ လက်ရှိရခိုင်ပြည်အတွင်း ဒေသခံများမှာ ပြည်မမှဝင်ရောက်လာသော သစ်သီးဝလံများကို ဈေးပိုပေး၍ဝယ်ယူစားသုံးနေကြရသည်။

ဗီဒီယိုများ