ရခိုင်က မြို့နယ်အချို့တွင် မိုးထောင်ငရုတ်နှင့် ကျောက်စိမ်းငရုတ် စမ်းသပ်စိုက်ပျိုးမှု ၇၅ ရခိုင်နှုန်းအောင်မြင်

ရခိုင်ပြည်အတွင်းက စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော စသည့်မြို့နယ်များတွင် မိုးထောင်ငရုတ်နှင့် ကျောက်စိမ်းငရုတ် စမ်းသပ်စိုက်ပျိုးမှုမှာ ၇၅ ရာခိုင်နှုန်းခန့် အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း တောင်သူများထံမှ သိရသည်။

By Admin 01 Dec 2022

ရခိုင်က မြို့နယ်အချို့တွင် မိုးထောင်ငရုတ်နှင့် ကျောက်စိမ်းငရုတ် စမ်းသပ်စိုက်ပျိုးမှု ၇၅ ရခိုင်နှုန်းအောင်မြင်

DMG ၊ ဒီဇင်ဘာ ၁

ရခိုင်ပြည်အတွင်းက စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော စသည့်မြို့နယ်များတွင် မိုးထောင်ငရုတ်နှင့် ကျောက်စိမ်းငရုတ် စမ်းသပ်စိုက်ပျိုးမှုမှာ ၇၅ ရာခိုင်နှုန်းခန့် အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း တောင်သူများထံမှ သိရသည်။

ငရုတ်စိုက်တောင်သူများမှာ မျိုးစေ့အခက်အခဲ၊ သီးနှံဖြစ်ထွန်းမှုအားနည်းခြင်းနှင့် သီးနှံပေါ်ချိန်တွင် ဈေးကောင်းမရရှိခြင်း စသည့်အခက်အခဲများကို နှစ်စဉ်ကြုံတွေ့နေကြရသည်။

ထို့သို့ တောင်သူများလိုအပ်နေသည့်မျိုးစေ့များကို အော်ဂဲမြေအဖွဲ့မှ နည်းပညာများနှင့် စမ်းသပ်စိုက်ပျိုးခဲ့ရာတွင် အောင်မြင်မှုများရရှိခဲ့သည်ဟု စစ်တွေမြို့နယ်၊ အောင်ဒိုင်ကျေးရွာမှ ငရုတ်စိုက်တောင်သူတစ်ဦးဖြစ်သည့် ဒေါ်လှမေကပြောသည်။

“မိရိုးဖလာ ဒေသငရုတ်ကို စိုက်ပျိုးတာထက် ဒီငရုတ်ကို စိုက်ပျိုးရတာက ကုန်ကျရိတ်ပိုသက်သာတယ်။ သီးထွက်နှုန်းလည်း ပိုကောင်းတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်စိုက်ပျိုးရေးကာလအတွင်းက ဝ ဒသမ ၂ ဧက စိုက်ခင်းတွင် အရင်းငွေကျပ် ၈ သိန်းခန့်ရင်းနှိးခဲ့ရာမှ ကျပ်သိန်း ၃၀ ခန့် အမြတ်ငွေရရှိခဲ့သည့်အတွက် ယခုနှစ်တွင်လည်း စိုက်ပျိုးထားကြောင်း ဒေါ်လှမေကဆက်ပြောသည်။

အဆိုပါကျောက်စိမ်းငရုတ်ကို စိုက်ပျိုးရသည်မှာ ဒေသငရုတ်ကို မိရိုးဖလာအတိုင်း စိုက်ပျိုးခြင်းထက် ပိုပြီးကောင်းမွန်ကာ ပင်စည်ကြီးထွားမှုရှိသဖြင့် အသီးထွက်နှုန်းကောင်းသည်ဟု တောင်သူများကပြောဆိုကြသည်။

ဒေသတွင်စိုက်ပျိုးသည့် ငရုတ်ပင်များမှာ ရာသီဥတုဒဏ်ကို အကြမ်းခံနိုင်သော်လည်း သီးနှံထွက်နှုန်းနည်းပြီး လက်ရှိစိုက်ပျိုးထားသည့် မိုးထောင်နှင့် ကျောက်စိမ်းငရုတ်မျိုးများ စိုက်ပျိုးသည့်အခါ သီးထွက်နှုန်းပိုကောင်းသောကြောင့် အောင်မြင်မှုရှိနေသည်ဟု ပေါက်တောမြို့နယ်၊ ကန်ချောင်းကျေးရွာက ငရုတ်စမ်းသပ်စိုက်ပျိုးနေသည့် ဦးရွှေမောင်ကပြောသည်။

“လက်ရှိစိုက်ပျိုးထားတဲ့ ငရုတ်တွေကတော့ မိုးရာသီမှာ ပင်စည်အားကောင်းတယ်လေ။ အသီးအပွင့်တွေ အားကောင်းတယ်။ ထွက်နှုန်းလည်းကောင်းတယ်။ ဆောင်းရာသီမှာလည်း မိုးရာသီလိုဘဲ ထွက်နှုန်းကောင်းသေးတယ်။ နွေရာသီပိုင်းကျရင်တော့ ရေရှားတာကြောင့် အခက်အခဲတော့ရှိတယ်”ဟု ၎င်းကဆိုသည်။

ကန်ချောင်းကျေးရွာက မြေများမှာ ရွံ့မြေများဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ထွန်းမှုနည်းကြောင်း သိရသည်။ သို့သော် နည်းပညာသစ်များနှင့် စမ်းသပ်စိုက်ပျိုးသည့်အခါ အောင်မြင်မှုရှိကာ နွေရာသီတွင်စိုက်ပျိုးရာ၌ ရေပေးဝေမှုစနစ်အတွက် အခက်အခဲတချို့ရှိနေသေးကြောင်း ဦးရွှေမောင်ကဆိုသည်။

ကျောက်စိမ်းငရုတ်ကို စိုက်ပျိုးပြီး ၂ လအကြာတွင် စတင်ခူးဆွတ်နိုင်ပြီး သီးထွက်နှုန်းပုံမှန် အခြေအနေရောက်ချိန်တွင် တစ်လလျှင်လေးကြိမ်အထိ ခူးဆွတ်နိုင်ကြောင်း သိရသည်။

လက်ရှိစိုက်ပျိုးထားသည့် ငရုတ်ပင်များမှာ အမြင့် ၃ ပေကျော်အထိ ကြီးထွားမှုရှိပြီး အပင်သက်တမ်းမှာလည်း ၇ လ၊ ၈ လ ကြာမြင့်ကာ ရာသီဥတုဒဏ်ကို စနစ်တကျနှင့်ကာကွယ်နိုင်မည်ဆိုပါက နှစ်တချို့တိုင်အောင် သီးနှံများခူးဆွတ်နိုင်သည်ဟု အော်ဂဲမြေအဖွဲ့မှ လေ့လာထားသည်။

ရခိုင်ပြည်အတွင်းက တောင်သူများအနေဖြင့် အကျိုးအမြတ်ဖြစ်ထွန်းစေရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ယခုကဲ့သို့လုပ်ဆောင်နေခြင်းဟု အော်ဂဲမြေစိုက်ပျိုးရေးနည်းပညာပေးအဖွဲ့မှ တာဝန်ခံ ကိုရဲထွန်းမြင့်ကပြောသည်။

“ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုအတွက်ကို အကျိုးအမြတ်အများကြီးရစေချင်တယ်။ စိုက်တော့စိုက်ချင်တယ်၊ နည်းစနစ်မသိတဲ့အတွက် ဆုံးရှုံးသွားတဲ့စိုက်ခင်းတွေ အများကြီးရှိပါတယ်။ အဲ့လိုဆုံးရှုံးမှုမဖြစ်ရအောင် ကျနော်တို့နဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ စိုက်ပျိုးမယ်ဆိုရင် ပိုပြီးတော့အကျိုးအမြတ်ဖြစ်ထွန်းမှာကို ကျနော်တို့ကလိုလားပါတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ လုပ်ဆောင်နေသည့် မိုးထောင်ငရုတ်နှင့် ကျောက်စိမ်းငရုတ် စမ်းသပ်စိုက်ပျိုးရေးလုပ်ငန်းများကို ဓာတုကင်းလွတ်သည့် နည်းစနစ်များ အသုံးပြုထားကြောင်းလည်း အော်ဂဲမြေအဖွဲ့ တာဝန်ရှိသူကပြောသည်။

ရခိုင်ပြည်အတွင်း တောင်သူများမှာ နည်းပညာအခက်အခဲ၊ ကုန်ကျစရိတ်ကြီးမားမှုနှင့် ဈေးကွက်အာမခံချက်များ မရှိသောကြောင့် ပြည်နယ်၏ စိုက်ပျိုးရေးလုပ်ငန်းများမှာ တဖြည်းဖြည်း ကျဆင်းလျက်ရှိနေသည်။

ဗီဒီယိုများ