စစ်တပ်စစ်ဆေးရေးဂိတ်များတွင်ပျောက်ဆုံးနေသော ရခိုင်ဒေသခံသုံးဦးနှင့် အဆက်အသွယ် ပြတ်တောက်နေ

ရခိုင်ပြည်၊ကျောက်တော်နှင့်မောင်တောမြို့နယ်ရှိ မြန်မာစစ်တပ်စစ်ဆေးရေးဂိတ်များတွင် ပျောက်ဆုံးနေသော ဒေသခံသုံးဦးနှင့်ပတ်သက်ပြီး လက်ရှိအချိန်ထိ သတင်းအစအနမရရှိသေးကြောင့် မိသားစုဝင်များ စိုးရိမ်ပူပန် နေကြသည်။

By Admin 01 Dec 2022

စစ်တပ်စစ်ဆေးရေးဂိတ်များတွင်ပျောက်ဆုံးနေသော ရခိုင်ဒေသခံသုံးဦးနှင့် အဆက်အသွယ် ပြတ်တောက်နေ

မြန်မာစစ်တပ်ဂိတ်များတွင် ပျောက်ဆုံးသွားသော ဦးစိုးမိုးကျော်နှင့် မအေးမြစန္ဒာ ။ဓာတ်ပုံ-ပေးပို့

DMG | ဒီဇင်ဘာ ၁

ရခိုင်ပြည်၊ကျောက်တော်နှင့်မောင်တောမြို့နယ်ရှိ မြန်မာစစ်တပ်စစ်ဆေးရေးဂိတ်များတွင် ပျောက်ဆုံးနေသော ဒေသခံသုံးဦးနှင့်ပတ်သက်ပြီး လက်ရှိအချိန်ထိ သတင်းအစအနမရရှိသေးကြောင့် မိသားစုဝင်များ စိုးရိမ်ပူပန် နေကြသည်။

မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပြင်းထန်နေစဥ် ကျောက်တော်မြို့၊တပ်မစစ်ဆေးရေးဂိတ်တွင် စစ်သားများစစ်ဆေးနေသည့်ကြားမှ ပျောက်ဆုံးခဲ့သော ဓာတ်ပုံဆရာ ဦးစိုးမိုးကျော်နှင့်လည်း လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးဟု မိသားစုဝင်များက ဆိုသည်။

၄င်းမှာ နိုဝင်ဘာလ ၈ ရက်နေ့က မင်းပြားမြို့မှ စစ်တွေမြို့သို့သွားစဥ် အဆိုပါစစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံရ ပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ထိုဂိတ်မှ စစ်သားများကို သွားရောက်မေးမြန်းရာတွင် ၄င်းကို ဖမ်းဆီး ထားခြင်းမရှိဟု ပြောဆိုလိုက်ကြောင်း မိသားစုဝင် ဦးမောင်ရွှေသန်းက ပြောသည်။

"သူဂိတ်မှာ မှတ်ပုံတင်စစ်ခံနေတာကို မြင်ခဲ့တဲ့မိန်းကလေးကနေပြီးတော့ မိသားစုတွေဆီ အကြောင်းကြာ လာတယ်။ကားသမားကလည်း အစစ်အဆေးခံပြီးတဲ့လူတွေ ကားပေါ်တက်လာတဲ့အချိန်မှာ သူမပါလားလို့ ဆင်းမေးတော့ မသိဘူးလို့ပြောတယ်တဲ့။ကျနော်တို့နောက်တနေ့လိုက်သွားတော့လည်း ဂိတ်ကလူတွေက မသိဘူးလို့ဘဲ ငြင်းပါတယ်။အဲဒီအချိန်ကတည်းက ဘာသတင်းမှမရတော့ဘဲ ပျောက်နေတာပါ။ သူအစစ် ခံနေ ရတာကို မြင်ခဲ့သူရှိတော့ ဂိတ်ကဖမ်းထားတာလို့ပဲ မိသားစုတွေကထင်တယ်။ဒါကြောင့် အပြစ်ရှိလို့ဖမ်းတာ ဆိုရင်လည်း ရဲလက်ကိုအပ်စေချင်တယ်။အခုညီကိုမောင်နှမတွေလည်း စိတ်သောကဖြစ်နေရတယ်" ဟု၄င်းကပြောသည်။

အလားတူ မင်းပြားမြို့နယ်၊ပြိုင်းတောရွာမှ အသက် ၂၅ နှစ်အရွယ် မအေးမြစန္ဒာနှင့် မောင်တောဒေသခံ ကို မောင်မောင်ကျော်တို့မှာလည်း နိုဝင်ဘာလ ၁ ရက်နေ့က ကြိမ်ချောင်း အမှတ် ၂၄ စစ်‌ဆေးရေးဂိတ်တွင် ပျောက်ဆုံးခဲ့သည်။

မအေးမြစန္ဒာသည် မောင်တောမြို့နယ်၊မင်္ဂလာညွန့်ကျေးရွာသို့ အလည်လာပြီးနောက် မိမိကျေးရွာသို့ ပြန်ရန် အတွက် ကိုမောင်မောင်ကျော်ဆိုင်ကယ်ဖြင့် မောင်တောမြို့သို့ သွားရောက်ရာတွင် ကြိမ်ချောင်းစစ်ဆေးရေး ဂိတ်တွင် စစ်ဆေးခံရစဥ် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များထံက သိရသည်။

ယင်းနောက် ယနေ့အချိန်ထိ လုံးဝစုံစမ်း၍ မရေတာ့ဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု မအေးမြစန္ဒာ၏ မောင်ဖြစ်သူ မောင်မျိုးငြိမ်းချမ်းက ပြောသည်။

"အဖေနဲ့အမေကလက်ရှိ မောင်တောဖက်ကို သွားပြီးစုံစမ်းနေကြပါတယ်။ကျနော့်အစ်မတို့စစ်ဆေးခံခဲ့ရတဲ့ ကြိမ်ချောင်းဂိတ်ကိုသွားစုံစမ်းတော့လည်း သူတို့ဆီမှာ အဲဒီလိုဖမ်းထားတဲ့သူတွေမရှိဘူးလို့ဘဲ ပြောလွှတ် လိုက်တယ်တဲ့။တပ်ရင်းတွေအထိသွားစုံစမ်းဖို့ကလည်းအဆင်မပြေဘူး။အဆက်အသွယ်တစ်ခုခုဖြစ်ဖြစ်၊သတင်းအစအနတစ်ခုခုဖြစ်ဖြစ် ရခဲ့ရင်တောင် တစ်နည်းတစ်ဖုံစိတ်သက်သာရာရောက်မှာ။အခုလုံးဝစုံစမ်းလို့မရဘဲ ပျောက်နေတာတစ်လရှိနေပြီ။အရမ်းစိတ်ပူရပါတယ်" ဟု၄င်းကပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီတပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

လက်ရှိတွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် အပစ်အခတ်ရပ်စဲထားသောကြောင့် ဖမ်းဆီးခံနေရ သူများလွတ်မြောက်ရေးနှင့်ပျောက်ဆုံးနေသူများကို ရှာဖွေပေးရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုစလုံးမှ လုပ် ဆောင်ရန် လိုအပ်သည်ဟု မိသားစုဝင်များက ထောက်ပြကြသည်။

မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် ပြီးခဲ့သည့် သြဂုတ်လမှစတင်ကာ တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ ရာမှ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အလွတ်သဘောအပစ်အခတ်ရပ်စဲခဲ့ကြသည်။မြန်မာစစ်တပ်က ဖမ်းဆီးထား သူများ လွတ်မြောက်ရေးအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြော ဆိုထားသည်။

ဗီဒီယိုများ