စစ်တွေတွင် ဓာတ်အားလိုင်းကြိုးများ အခိုးခံရလျှင် ကုန်ကျစရိတ်ကို ရပ်ကွက်နေသူများ ကျခံရမည်ဆိုသည့်အပေါ် ဝေဖန်မှုမြင့်တက်နေ

ရခိုင်ပြည်မြို့တော် စစ်တွေတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ကေဘယ်ကြေးကြိုးများ၊ ထရန်စဖော်မာကြေးကြိုးများ၊ ထရန်စဖော်မာ ခြံစည်းရိုးများ ခိုးယူခံရလျှင် ပြုပြင်မည့် ကုန်ကျစရိတ်ကို ခိုးယူခံရသည့် ရပ်ကွက်မှ ဒေသခံများ ကျခံရမည်ဆိုသဖြင့် ဝေဖန်မှုများ ထွက်ပေါ်နေသည်။

By Admin 30 Nov 2022

စစ်တွေတွင် ဓာတ်အားလိုင်းကြိုးများ အခိုးခံရလျှင် ကုန်ကျစရိတ်ကို ရပ်ကွက်နေသူများ ကျခံရမည်ဆိုသည့်အပေါ် ဝေဖန်မှုမြင့်တက်နေ

ပြီးခဲ့သည့် ၂၆ ရက်နေ့က မိဇံရပ်ကွက် ထရန်စဖော်မာရှိ ကေဘယ်ကြေးကြိုးများနှင့် ခြံစည်းရိုးများ ဖျက်ဆီးခံခဲ့ရပြီးနောက် ပြန်လည်ပြုပြုင်ထားသည်ကို တွေ့ရစဉ်

DMG | နိုဝင်ဘာ ၃၀

ရခိုင်ပြည်မြို့တော် စစ်တွေတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ကေဘယ်ကြေးကြိုးများ၊ ထရန်စဖော်မာကြေးကြိုးများ၊ ထရန်စဖော်မာ ခြံစည်းရိုးများ ခိုးယူခံရလျှင် ပြုပြင်မည့် ကုန်ကျစရိတ်ကို ခိုးယူခံရသည့် ရပ်ကွက်မှ ဒေသခံများ ကျခံရမည်ဆိုသဖြင့် ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့၊ ညဥ့်အချိန်ခန့်က မိဇံရပ်ကွက်၊ ရူပမြောက်ရပ်ကွက်တို့မှာ ကေဘယ်ကြေးကြိုး များ၊ ထရန်စဖော်မာကြေးကြိုးများ အခိုးခံလိုက်ရသဖြင့် မီးပြန်လည်ရရှိရန်အတွက် ပြုပြင်ခအဖြစ် လျှပ်စစ်မီးပြုပြင်သူများကို တစ်အိမ်လျှင် တစ်သောင်းကျစီ ပေးလိုက်ရကြောင်း မိဇံရပ်ကွက်မှ ဒေသခံတစ်ဦးကဆို သည်။

“သူခိုးတွေက ခိုးပြီးတော့ သတ္တုပစ္စည်းတွေကို ရောင်းစားဖို့ လုပ်တဲ့အခါ သူခိုးတွေကိုပဲ ဘယ်လို အမြစ် ပြတ်နှိမ်နင်းနိုင်မလဲဆိုတာပဲ စဉ်းစားသင့်တယ်။ သူတို့ခိုးတိုင်း လိုက်ပြီး ငွေပေးနေရမယ်ဆိုရင် ဘယ်လို လုပ်ရမလဲ။ လူတိုင်းစောင့်ကြည့်နေဖို့ကလည်း မဖြစ်နိုင်ဘူးလေ” ဟု ဆိုသည်။

ယင်းအပြင် အဆိုပါ အခိုးခံရသည့်ကိစ္စကို ကိုင်တွယ်ရေးမှာ ရဲတပ်ဖွဲ့ဝင်များနှင့်သက်ဆိုင်ပြီး ထပ်မံ မခိုးရအောင် သေချာစနစ်တကျ လုံခြုံရေးလုပ်ဆောင်သင့်ကြောင်း ၎င်းကဆိုသည်။

မိဇံရပ်ကွက်မှ အခြားအမျိုးသားတစ်ဦးကလည်း “သူခိုးတွေကို တစ်ခုမဟုတ်တစ်ခု လုပ်စေချင်ပါတယ်။ ပတ်လို့ ခိုးနေတိုင်း လူတွေက ငွေတွေအကုန်ကျခံပြီး ပေးနေရမှာလား။ ထရန်စဖော်မာရှိတဲ့ နေရာတွေကိုလည်း သေချာလုပ်သင့်တယ်။ အမှန်ဆို ဘားဝါယာတွေကာပြီး သေချာကာထားသင့်တယ်။ ခုက လူတိုင်းဝင်ထွက်လို့ရမယ့် အနေအထား ဖြစ်နေတယ်။ နောက်ဆို ရပ်ကွက်ကလူတွေစုပြီး ကင်းစောင့်ရမယ့် အခြေအနေတောင်ဖြစ်လာနိုင်ဖို့ထင်တယ်။ မလွယ်ဘူး ” ဟု ပြောသည်။

ထိုသို့ ဓာတ်အားလိုင်းကြိုးများ မကြာခဏ ဖျက်ဆီးခိုးယူမှုများ ဖြစ်ပေါ်လျက်ရှိသည့်အပေါ် နောင်တွင် ပြစ်မှု ကျူးလွန်သည့် တရားခံများ ဖမ်းမိမှသာ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးရန်၊ ဓာတ်အားလိုင်းကြိုးများအား သက်ဆိုင်ရာရပ်ကွက်သို့ အပ်နှံထိန်းသိမ်းစေပြီး ယခုကဲ့သို့ ဓာတ်အားလိုင်းကြိုးများ ခိုးခံရပါက ၄င်းလိုင်းကြိုးများ အစားထိုးတပ်ဆင် သွယ်တန်းနိုင်ရေး ကုန်ကျစရိတ်ကို ရပ်ကွက်မှ စုပေါင်းကျခံရမည်ဖြစ်ကြောင်း စစ်တွေမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးမှ လျှပ်စစ်အင်ဂျင်နီယာ ဦးသန်းမြတ်ဦး လက်မှတ်ရေးထိုး၍ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ရပ်ကွက်နေ ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းမရှိဟု စစ်တွေခရိုင် လျှပ်စစ်အင်ဂျင်နီယာက ငြင်းဆိုသည်။

“ ဝန်ကြီးရုံးရဲ့ ညွန်ကြားချက်ကို ထပ်ဆင့်ထုတ်ထားတာပါ ။ဒါပေမယ့် တကယ်တမ်း လုပ်နေတာက ဌာနကပဲ ပြန်လုပ်ပေးနေတာပါ။ ငွေတွေ ကောက်ခံတာတော့ မရှိပါ။ စစ်တွေမှာလည်း နေ့တိုင်းလို ကြိုးတွေ ခိုးခံရတာက များပါတယ်။ တစ်နိုင်ငံလုံးနဲ့ ခြုံပြီးတော့မှ ထုတ်တာပါ။ အဲဒါကို မြို့နယ်တွေက ထုတ်ပြန်ရတာ။ တကယ်တမ်း ဖြစ်ပြီဆိုရင် ဌာနကပဲ လုပ်ပေးကြတာပါ။ ရပ်ကွက်ကလည်း ဝိုင်းဝန်းပြီး ကူညီပေးစေချင်တယ်လို့ ထုတ်ပြန်တာပါ။ တကယ်တမ်း ငွေတွေ ကောက်ခံတာတွေတော့ မရှိပါ ” ဟု ၄င်းက ပြောသည်။

စစ်တွေမြို့တွင် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ ခိုးယူခံရသည့် ဖြစ်စဥ်အပြင် ဆိုင်ကယ်များခိုးယူခံရမှု၊ နေအိမ် များ ဖောက် ထွင်းခံရမှုများရှိသောကြောင့် တရားဥပဒေစိုးမိုးရေးအပေါ် ဒေသခံများပြစ်တင်ဝေဖန်နေကြသည်။

“ အဓိကတော့ ဒီလို အခိုးခံရတဲ့ ဖြစ်စဉ်တွေ ထပ်မဖြစ်အောင် ကိုယ့်ဟာကိုယ် ဂရုစိုက်ရဖို့ အမြင်တစ်ခုပဲ ပြောချင်ပါတယ်။ တခြားလူတွေကို အားကိုးနေလို့ မရဘူးလေ။ အခုက ခေတ်အနေအထားကလည်း မကောင်းတော့ ခိုးမှုတွေက ပိုပြီး ဖြစ်လာပါတယ်။ ကိုယ်တို့ပစ္စည်းကိုယ်တို့ပဲ ဂရုစိုက်ကြပါလို့ပဲ ပြောချင်ပါတယ် ” ဟု စစ်တွေမြို့ Wifi အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗီဒီယိုများ