စစ်ကောင်စီက လမ်းပိတ်ထားသဖြင့် မောင်တောနယ်စပ်ကုန်သွယ်မှု ရပ်တန့်မည့်အရေးနှင့် ကြုံနေရ

လမ်းပိတ်ထားသည့် နှစ်လတာအတွင်း မောင်တောမှ ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်မှု ၈၀ ရာခိုင်နှုန်းကျော်ခန့် ကျဆင်းသွားခဲ့ပြီး ကုန်သည်များနှင့် အလုပ်သမားများမှာ အခက်အခဲဖြစ်နေကြရသည်။

By Admin 14 Oct 2022

စစ်ကောင်စီက လမ်းပိတ်ထားသဖြင့် မောင်တောနယ်စပ်ကုန်သွယ်မှု ရပ်တန့်မည့်အရေးနှင့် ကြုံနေရ

မောင်တောနယ်စပ် ကုန်သွယ်ရေးဆိပ်ကမ်းတွင် ကုန်စည်များ သယ်ယူပို့ဆောင်နေသည်ကို တွေ့ရစဉ်။ / ဓာတ်ပုံ- ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း

DMG ၊ အောက်တိုဘာ ၁၄

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီမှ သွားလာခွင့်ကန့်သတ်ပိတ်ပင်ထားမှုများကြောင့် မောင်တောနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်တန့်မည့်အခြေအနေနှင့် ကြုံတွေ့နေရသည်ဟု ကုန်သွယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းများကို ကန့်သတ်ပိတ်ပင်ထားမှုများကြောင့် စစ်တွေဘက်မှ ကုန်ပစ္စည်းများ မရောက်ရှိသည့်အတွက် ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်မှုများ မရှိသလောက်ဖြစ်သွားသည်ဟု ကုန်သွယ်ရေးလုပ်ငန်းရှင်များက ဆိုသည်။

လက်ရှိတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို ပုံမှန်ဖွင့်လှစ်ထားသော်လည်း ဒေသရှိ လက်ကျန်ကုန်ပစ္စည်းများကို စုဆောင်းပြီး ဘင်္ဂလားဒေ့ရှ်သို့ ကုန်ပစ္စည်းများတင်ပို့နေခြင်းဖြစ်ပြီး ကုန်ပစ္စည်းများ ပြတ်လတ်သွားပါက ကုန်သွယ်မှုရပ်တန့်သွားနိုင်သည်ဟု မောင်တောမြို့မှ ကုန်သည်တစ်ဦးကပြောသည်။

“ဒီဘက်(မောင်တောဒေသ)ကို ကုန်ပစ္စည်းတွေ မရောက်တဲ့အတွက် ကုန်စည်စီးဆင်းမှုက မရှိသလောက် နည်းပါးတယ်။ မြို့တွင်းမှာရှိတဲ့ လက်ကျန်တွေကို ပို့နေတာတွေရှိတယ်။ ဒါကလည်း တစ်စီးနှစ်စီးလောက်ပဲ။ ကုန်သွယ်မှုက လုံးဝမရှိသလောက်ဆိုရမယ်။ မရှိတာတော့ မဟုတ်ဘူး။ ရှိတယ်။ လက်ကျန်တွေကုန်သွားရင် ရပ်တန့်သွားရမယ့် သဘောမျိုးပါ။ အခုက နည်းနည်းပါးပါးရှိတာတွေကို စုဆောင်းပြီး တစ်လမှာမှ တစ်စီး၊ နှစ်စီး ကုန်သွယ်ရတယ်”ဟု ၎င်းကပြောသည်။

မောင်တော-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါသည့် အငူမော်-မောင်တောကားလမ်းကို သြဂုတ်လ ၁၃ ရက်နေ့မှစတင်ကာ စစ်ကောင်စီမှ ရက်အကန့်အသတ်မရှိ ပိတ်ပင်ခဲ့သလို ရေလမ်းကြောင်းများကိုလည်း စစ်ဆေးမှုများ တင်းကျပ်စွာဖြင့် ကန့်သတ်ထားသည်။

ယင်းသို့ ဆက်လက်ပိတ်ပင်ထားမည်ဆိုပါက နယ်စပ်ကုန်သွယ်မှုများ ရပ်တန့်သွားနိုင်ကြောင်းနှင့် လက်ရှိတွင်လည်း ကုန်ပစ္စည်းများမရှိသည့်အတွက် လုပ်ငန်းလည်ပတ်ရန် အခက်ကြုံနေရသည်ဟု မောင်တောနယ်စပ်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောသည်။

“နယ်စပ်ကုန်သွယ်ရေးက အကန့်အသတ်မရှိ ဖွင့်ထားတယ်။ ဒါပေမယ့် ကုန်ပစ္စည်းမရှိလို့ ကုန်သည်တွေက မပို့နိုင်ကြဘူး။ ကုန်ပစ္စည်းတွေက မောင်တောကိုမရောက်နိုင်လို့ မပို့နိုင်ကြဘူး။ အရင်က တစ်ရက်မှာ စက်လှေသုံးစီးကနေ ငါးစီးအထိထွက်တယ်။ သြဂုတ်လ ၁၃ ရက် နောက်ပိုင်းကနေ တစ်ပတ်မှာ တစ်စီးလောက် ထွက်တယ်”ဟု ၎င်းကဆိုသည်။

ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ပင်ခံရသည့် သြဂုတ်လ ၁၃ ရက် နောက်ပိုင်းမှစတင်ကာ ယနေ့အထိ နှစ်လခန့်ကာလအတွင်းတွင် မောင်တောမှ ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်မှုမှာ ၈၀ ရာခိုင်နှုန်းကျော်ခန့် ကျဆင်းသွားသည်ဟု မောင်တောနယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

ယင်းအပြင် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပုံမှန်လည်ပတ်မှုမရှိသည့်အတွက် ကုန်သွယ်မှုကိုမှီခိုပြီး လုပ်ကိုင်နေရသည့် ကုန်သည်များနှင့် အလုပ်သမားများ ထိခိုက်မှုရှိလာနေသည်။ လမ်းပိတ်ပင်ထားမှုကြောင့် လုပ်ငန်းလည်ပတ်ခြင်း မရှိသည့်အတွက် အချို့သောအလုပ်သမားများမှာ အလုပ်ရပ်နားခြင်းများ ရှိလာသည်ဟု မောင်တောနယ်စပ်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းကဆိုသည်။

“လုပ်ငန်းလည်ပတ်ဖို့ ကြာမယ်ထင်ပြီး တချို့အလုပ်သမားတွေဆိုရင် အလုပ်ထွက်သွားကြတယ်။ အလုပ်သမားတွေ ထွက်သွားချင်တာနဲ့ လုပ်ငန်းရှင်ကလည်း အလုပ်သမားလျော့ချချင်တာနဲ့ အတူတူကျတယ်။ အလုပ်မဖြစ်ဘူးဆိုရင် လစာပေးနေရမယ့်အတူတူ အလုပ်မထွက်နဲ့လို့ မပြောတော့ပဲ ခွင့်ပြုပေးလိုက်တယ်။ အဲဒီလိုမျိုးတွေလည်းရှိတယ်”ဟု ၎င်းကပြောသည်။

ကုန်စည်ပို့ဆောင်ရာလမ်းကြောင်းများကို ပိတ်ပင်ထားမှုကြောင့် ကုန်သွယ်မှုကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေသည့် လုပ်ငန်းရှင်များနှင့် ဒေသခံများမှာ အခက်အခဲကြုံရသည့်အတွက် ပိတ်ထားသည့်လမ်းကြောင်းများကို ပြန်လည်ဖွင့်ပေးစေလိုကြောင်း မောင်တောမြို့မှ ကုန်သည်တစ်ဦးက တောင်းဆိုသည်။

“ကျနော်တို့မှာ ပုံမှန်လုပ်ကိုင်လည်ပတ်လို့မရတဲ့အတွက် ကျနော်တို့ကုမ္ပဏီနဲ့ သက်ဆိုင်ရာဝန်ထမ်းတွေ၊ အလုပ်သမားတွေ၊ စက်လှေတွေ ရပ်နားထားရတဲ့အတွက် အခက်အခဲအများကြီးရှိတယ်။ ကုန်စည်စီးဆင်းမှု မရှိတဲ့အတွက် အလုပ်သမားတွေရဲ့ မိသားစုစားဝတ်နေရေးတွေ၊ နောက်ဆက်တွဲရပ်တည်နိုင်ဖို့အတွက် အခက်အခဲအများကြီး ကြုံတွေ့ရတယ်။ ဆိုတော့ အတက်နိုင်ဆုံး လမ်းခရီးတွေကို ဖွင့်ပေးစေချင်တယ်။ အငူမော်လမ်းကိုဖွင့်ပေးမှ ကုန်စည်စီးဆင်းမှုက ဒီဘက်ကိုရောက်မှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံမှကုန်စည်များကို ရခိုင်ပြည်အတွင်းရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ (Teknaf)တက္ကနာဖ်ဆိပ်ကမ်းထိ ကုန်သွယ်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကပို့ဆောင်နေသည့် ကုန်စည်များမှာ ဂျင်း၊ ကြက်သွန်၊ ငရုပ်၊ ဇီးယိုနှင့် ရေထွက်ပစ္စည်းများကို ရခိုင်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တင်ပို့နေခြင်းဖြစ်သည်။

ဗီဒီယိုများ