စစ်တွေမြို့နယ်၊ မင်းချောင်းတံတားအနီးတွင် ဆိုက်ကပ်ထားသည့် စက်လှေ ၉ စီးနှင့် လူ ၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးထား

တစ်မြို့နှင့်တစ်မြို့၊ တစ်ရွာနှင့်တစ်ရွာ သွားလာခွင့်ပိတ်ထားသည့်အထဲမှ ကုန်ပစ္စည်းများကို ခိုး၍သယ်ဆောင်သည်ဟုဆိုကာ ထိုသို့ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် စက်လှေပိုင်ရှင်တစ်ဦးက DMG သို့ ပြောသည်။

By Admin 13 Oct 2022

စစ်တွေမြို့နယ်၊ မင်းချောင်းတံတားအနီးတွင် ဆိုက်ကပ်ထားသည့် စက်လှေ ၉ စီးနှင့် လူ ၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးထား

စစ်တွေမြို့နယ်၊ မင်းချောင်းတံတားကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၁၃

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ မင်းချောင်းတံတားအနီးတွင် ဆိုက်ကပ်ထားသည့် စက်လှေ ၉ စီးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး အဆိုပါစက်လှေများမှ တာဝန်ရှိသူ ၉ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

ရသေ့တောင်မြို့နယ်အပါအဝင် အခြားမြို့နယ်များမှာ လာရောက်ပြီး မင်းချောင်းတံတားအနီးတွင် ဆိုက်ကပ်ထားသည့် အဆိုပါစက်လှေ ၉ စီးနှင့် စက်လှေပိုင်ရှင်၊ မာစီ(ပဲ့ကိုင်) စုစုပေါင်း ၉ ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ရဲနှင့် စစ်တပ်က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တစ်မြို့နှင့်တစ်မြို့၊ တစ်ရွာနှင့်တစ်ရွာ သွားလာခွင့်ပိတ်ထားသည့်အထဲမှ ကုန်ပစ္စည်းများကို ခိုး၍သယ်ဆောင်သည်ဟုဆိုကာ ထိုသို့ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် စက်လှေပိုင်ရှင်တစ်ဦးက DMG သို့ ပြောသည်။

“စစ်သားတွေကော ရဲသားတွေကောပါတယ်။ အင်အား ၄၀ ကျော်လောက်ပါတယ်။ ဘုတ် ၉ စီးကို ဖမ်းတာပါ။ အများအားဖြင့်တော့ ပိုင်ရှင်ကိုယ်စား ဘုတ်မှာ မာစီ(ပဲ့ကိုင်)တဲ့သူတွေ ပါသွားတယ်။ ပါရင်လည်း ပိုင်ရှင်တွေ နည်းနိုင်တယ်။ အတိအကျတော့ပြောလို့မရဘူး”ဟု ဖမ်းဆီးရာတွင် စက်လှေပါဝင်သွားသူတစ်ဦးက ပြောသည်။

ထိုသို့ဖမ်းဆီးခံရသည့် စက်လှေများမှာ စစ်တွေမြို့နယ်မှ နှစ်စီး၊ ပေါက်တောမြို့နယ် တစ်စီးနှင့် ရသေ့တောင်မြို့နယ်မှ ခြောက်စီးတို့ဖြစ်ကြသည်။ အဆိုပါ စက်လှေများမှာ စစ်တွေမြို့မှ ကုန်ပစ္စည်းဝယ်ယူပြီး နေရာအသီးသီးသို့ သွားရောက်ရန်စီစဉ်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကို ပိတ်ထားသည့်အပြင် ယခုကဲ့သို့ရေလမ်းခရီးမှ စက်လှေများကိုပါ ဖမ်းဆီးခြင်းမှာ မဖြစ်သင့်ကြောင်း ယမန်နေ့ကဖမ်းဆီးမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ခရီးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

“မနေ့က ဘုတ်ပေါ်မှာထိုင်နေကြတာ။ လူတွေအားလုံးကိုဆင်းခိုင်းပြီးတော့ မင်းချောင်းတံတားပေါ် တက်ခိုင်းတယ်။ ပြီးတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားကြတော့ဆိုပြီးပြောတယ်။ ဟိုကူး၊သည်ကူးနဲ့ လေးဆင့်လောက်သွားပြီး ည ၉ နာရီခွဲမှ ရသေ့တောင်ကို ပြန်ရောက်တယ်”ဟု ရသေ့တောင်မှ ခရီးသည်အမျိုးသမီးကပြောသည်။

ဖမ်းဆီးခံရသည့် စက်လှေပေါ်ပါရှိသည့် တာဝန်ရှိသူ ၉ ဦးကို ယမန်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်းသို့ ခေါ်ယူကာ တစ်နာရီကျော်ကြာစစ်ဆေးခဲ့ပြီး ည ၈ နာရီခွဲအချိန်တွင် ၎င်းတို့ ၉ ဦးကို စစ်တွေမြို့မရဲစခန်းသို့ ကားဖြင့်ခေါ်ဆောင်သွားကြောင်း သိရသည်။ ထိုသို့စစ်ဆေးရာတွင် ဘုတ်လိုင်စင်များ ရှိ၊ မရှိနှင့် မည်သည့်ကုန်ပစ္စည်းများကို သယ်ယူသည်ဆိုသည်တို့ကို စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ ကုန်ပစ္စည်းတင်ဆောင်သည့် စက်လှေများကိုဖမ်းဆီးခြင်းကြောင့် ကုန်စည်စီးဆင်းမှုပြတ်တောက်ပြီး အားလုံးဒုက္ခရောက်နိုင်သည်ဟု အမည်မဖော်လိုသည့်စက်လှေပိုင်ရှင်က ပြောသည်။

“လူမှာတော့ ငတ်လာရင် တစ်နည်းမဟုတ် တစ်နည်းနဲ့ ရုန်းကြတာပါပဲ”ဟု ၎င်းကဆိုသည်။

၂၂ မိုင် ၆ ဖာလုံအရှည်ရှိသည့် ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကို ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့မှစ၍ သွားလာခွင့်ပိတ်ထားသည်မှာ ၄ လကျော်အထိ ကြာမြင့်လာနေပြီး အဆိုပါလမ်းမှာ ပုဏ္ဏားကျွန်းမြို့မှ ရသေ့တောင်မြို့နယ်သို့ ကုန်စည်သယ်ယူပို့ဆောင်ရာတွင် အရေးပါသည့်လမ်းတစ်ခုဖြစ်သည်။

ရခိုင်တွင် တိုက်ပွဲတကျော့ပြန်ဖြစ်ပွားလာပြီးနောက် ရေချမ်းပြင်-အငူမော်ကားလမ်း၊ အငူမော်- မောင်တောကားလမ်း၊ ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်း၊ မောင်တောမြောက်ပိုင်း ကားလမ်း၊ မြေပုံ-မင်းပြား ကားလမ်းတို့ကို စစ်ကောင်စီက သွားလာခွင့်ကန့်သတ်ထားပြီး ရေလမ်းခရီး သွားလာမှုများကိုလည်း ကန့်သတ်ပိတ်ပင်ထားသည်။

ဗီဒီယိုများ