ကျောက်ဖြူမှ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စမ်းသပ်လည်ပတ်

တစ်နှစ်လျှင် ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း ၁၀၀၀ ခန့်ထုတ်လုပ်နိုင်မည့် ကျောက်ဖြူ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးစက်ရုံမှ လျှပ်စစ်မီးရရှိရန် ကျောက်ဖြူဒေသခံများ လိုလားနေကြသည်။

By Admin 14 Oct 2022

ကျောက်ဖြူမှ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စမ်းသပ်လည်ပတ်

ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးစက်ရုံးအား တွေ့ရစဉ်။ / ဓာတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး

DMG ၊ အောက်တိုဘာ ၁၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကံ့ကော်တောဘုရားအနီးတွင် တည်ဆောက်ထားသည့် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို အောက်တိုဘာလ ၁၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး စမ်းသပ်ကာလအနေဖြင့် စတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

“ဖွင့်ပွဲလုပ်လိုက်တယ်ဆိုပေမယ့် အပြည့်အဝ လည်ပတ်နေတာတော့ မဟုတ်သေးဘူးပေါ့။ အခုက စက်ကို စမ်းသပ်လည်ပတ်ဆဲကာလပေါ့။ အပြည့်အဝ လည်ပတ်နိုင်ဖို့အတွက်က တစ်လလောက် ပြင်ဆင်ရဦးမယ်”ဟု ကျောက်ဖြူခရိုင် လျှပ်စစ်ဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းစိုးက DMG သို့ပြောသည်။

အဆိုပါ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စတင်လည်ပတ်ခြင်း ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai နှင့် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျတို့ တက်ရောက်ခဲ့ကြသည်။

ယင်းစက်ရုံမှ နိုင်ငံ‌တော်နှင့် ပြည်သူများ၏ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရွှေသဘာဝဓာတ်ငွေ့ တစ်ရက်လျှင် ကုဗပေ ၂၂ သန်း အသုံးပြု၍ ၁၃၅ မဂ္ဂါဝပ်စွမ်းအား၊ တစ်နှစ်လျှင် ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း ၁၀၀၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထိုစက်ရုံမှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် ဓာတ်အားစနစ်အား ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးသွားနိုင်မည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးစေနိုင်မည့် အရေးပါသော ဓာတ်အားပေးစက်ရုံတစ်ခု ဖြစ်သဖြင့် စီမံကိန်းကို အောင်မြင်စွာအကောင်အထည်ဖော်တည်ဆောက်ခဲ့သည့် ပုဂ္ဂိုလ်များအားလုံးက အထူးကျေးဇူးတင်ကြောင်းလည်း ဒုဝန်ကြီးက ဆက်ပြောခဲ့သည်။

ကျောက်ဖြူမြို့နယ်တွင် ကျေးရွာ(၃၇၄)ရွာရှိပြီး ယင်းအထဲမှ ကျေးရွာပေါင်း (၁၀၀)နီးပါးမှာ ယခုအချိန်ထိ လျှပ်စစ်မီးမရရှိသေးခြင်းကြောင့် ယင်းကျေးရွာများကို စစ်ကောင်စီအနေဖြင့် အဆိုပါ စက်ရုံနှင့်ချိတ်ဆက်ကာ လျှပ်စစ်မီး ဖြန့်ဖြူးပေးစေလိုကြောင်း ကျောက်ဖြူမြို့မှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက တောင်းဆိုသည်။

“လျှပ်စစ်မီး မရသေးတာကတော့ ကျေးရွာစုစုပေါင်း ၁၀၀ နီပါး ရှိသေးတယ်။ အခု စက်ရုံကပေးမယ်ဆိုရင်တော့ တစ်မြို့နယ်လုံး လျှပ်စစ်မီးရနိုင်တယ်။ အစိုးရ(စစ်ကောင်စီ)အနေနဲ့လည်း ရခိုင်ပြည်ကထုတ်တဲ့ ဓာတ်အားကို ရခိုင်ပြည်သူတွေ သုံးစွဲနိုင်အောင် လုပ်ပေးစေချင်တယ်”ဟု သူကပြောသည်။

ကျောက်ဖြူမှ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံသည် Power China Resources Co.,Ltd မှ ရင်းနှီးမြှုပ်နှံ တည်ဆောက်ခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ရရှိခဲ့ပြီး စက်တပ်ဆင်အင်အားမှာ ၁၃၅ မဂ္ဂါဝပ်ဖြစ်ကာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် စတင်လည်ပတ်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

ဗီဒီယိုများ