စစ်တွေမြို့နယ်တွင် ငါးလကျော်အတွင်း ကြိုးဆွဲချသေဆုံးသူ ၇ ဦးအထိရှိ

အောက်ခြေလူတန်းစားများမှာ စားဝတ်နေရေး ကျပ်တည်းမှုများကြောင့် ယခုကဲ့သို့ မိမိကိုယ်ကိုသတ်သေမှုများ ဖြစ်လာရခြင်းဟု ပြောဆိုမှုများလည်း ရှိနေသည်။ 

By Admin 13 Oct 2022

စစ်တွေမြို့နယ်တွင် ငါးလကျော်အတွင်း ကြိုးဆွဲချသေဆုံးသူ ၇ ဦးအထိရှိ

မင်းဂံအကွက်(၁၆)မှ ကြိုးဆွဲချသေဆုံးသွားသည့် အမျိုးသမီး၏ ရုပ်အလောင်းကို သယ်ယူနေစဉ်။ / ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

DMG ၊ အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် မေလမှ ယခု(အောက်တိုဘာလ) ဒုတိယပတ်အထိ ရှစ်လကျော်ကာလအတွင်း ကြိုးဆွဲချသေဆုံးသူ ၇ ဦးရှိကြောင်း စစ်တွေမြို့အခြေစိုက် လူမှုကူညီရေး အဖွဲ့တစ်ခုဖြစ်သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏ မှတ်တမ်းအရသိရသည်။

ကြိုးဆွဲချသေဆုံးသူ အများစုမှာ ဆင်းရဲမွဲတေမှုကြောင့် ငွေကြေးအခက်အခဲများကို မဖြေရှင်းနိုင်၍ အဆုံးစီရင်သွားကြသည်ကိုတွေ့ရကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုသာဂီဖြိုးကပြောသည်။

“ကြိုးဆွဲချသေဆုံးတဲ့သူတွေကတော့ ဆင်းရဲမွဲတေမှုတွေကြောင့် မိသားစုကြားထဲမှာ စကားများကြတာတွေရှိတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြတဲ့သူတွေ ရှိပါတယ်။ တစ်ချို့တွေဆိုရင် ငွေကြေးအခက်အခဲကြောင့်ပေါ့။ ငွေကြေးချေးထားတာတွေ ပြန်မဆပ်နိုင်တဲ့ အခက်အခဲတွေကြောင့် အဆုံးစီရင်သွားကြတာတွေရှိပါတယ်”ဟု ၎င်းက DMG သို့ပြောသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း စစ်တွေမြို့၊ မင်းဂံအကွက်(၁၆)ရပ်ကွက်မှ အသက် ၅၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့သည်။

“သူ့ယောက်ျား ပြောတာကတော့ ကြိုးဆွဲချပြီး ဆုံးလို့တွေ့တာကတော့ ညနေ ၉ နာရီခွဲလောက်ကလို့ပြောတယ်။ အဲဒီနေ့က သားအလတ် နောက်အိမ်ထောင်ပြုတဲ့ကိစ္စနဲ့ စကားများကြတယ်လို့ပြောတယ်။ နောက်ထပ် ထွေထွေထူးထူးကိစ္စတော့ မရှိဘူးလို့ သူ့ယောက်ျားကပြောတယ်။ ကျနော်တို့ကတော့ စစ်တွေဆေးရုံကြီးက ရင်ခွဲရုံကိုပို့ပေးခဲ့တယ်”ဟု ကိုသာဂီဖြိုးကဆိုသည်။

စစ်တွေမြို့နယ်တွင် ၂၀၂၂ ခုနှစ် မေလမှ အောက်တိုဘာလ ယနေ့အထိ ကြိုးဆွဲချသေဆုံးခဲ့မှုများမှာ စက်ရုံစုရပ်ကွက်မှ အမျိုးသားတစ်ဦး(၅၈)နှစ်၊ မင်းဂံ(ဝန်ထမ်းအကွက်-၃)မှ အမျိုးသမီးတစ်ဦး(၅၈)နှစ်၊ စက်ရုံစုရပ်ကွက်မှ အမျိုးသားတစ်ဦး(၃၀)နှစ်၊ ရွာကြီးမြောက်ရပ်ကွက်မှ အမျိုးသားတစ်ဦး(၂၄)နှစ်၊ ကံပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦး(၁၈)နှစ်နှင့် အမျိုးသားတစ်ဦး(၂၁)နှစ်နှင့် မင်းဂံအကွက်(၁၆)မှ အမျိုးသမီးတစ်ဦး(၅၃)နှစ်တို့ဖြစ်ကြသည်။

အောက်တိုဘာလ ၉ ရက်နေ့ကလည်း စစ်တွေမြို့နယ် နာရီကန်ကျေးရွာမှ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ နာရီကန်တံတားဟောင်းပေါ်မှ ခုန်ချမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်အခြေစိုက် Women Generation အဖွဲ့မှ ဒါရိုက်တာ မခင်မြင့်ဇော်က အောက်ခြေလူတန်းစားများမှာ စားဝတ်နေရေး ကျပ်တည်းမှုများကြောင့် ယခုကဲ့သို့ မိမိကိုယ်ကိုသတ်သေမှုများ ဖြစ်လာရခြင်းဟု ဆိုသည်။

“အဓိကတော့ စားဝတ်နေရေးကျပ်တည်းတာတွေအပါအဝင် ပတ်ဝန်းကျင်တွေကလည်း နွေးထွေးကြင်နာမှုတွေ လျော့နည်းလာတာကြောင့် Depression(စိတ်ဓာတ်ကျ)ပြီး သိပ်ကြောက်စရာကောင်းတဲ့ Suicide (မိမိကိုယ်ကိုသတ်သေ)တဲ့ ကိစ္စတွေအထိ ဖြစ်လာတာလို့ မြင်မိပါတယ်”ဟု ၎င်းကပြောသည်။

ထို့ကြောင့် NGO/INGO အဖွဲ့များ၊ ပရဟိတအဖွဲ့များအနေနဲ့ အောက်ခြေလူတန်းစားများနှင့် စစ်ဘေးရှောင်များကို စိတ်ပိုင်းဆိုင်ရာ ကုစားမှုများပေးအပ်ရန် လိုအပ်နေသည်ဟုလည်း မခင်မြင့်ဇော်က ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာနေပြီး လက်လုပ်လက်စား အခြေခံလူတန်းစားများမှာ ကုန်ဈေးနှုန်းဒဏ်ကို ပိုမိုခံစားနေကြရသည်။

ဗီဒီယိုများ