ကျောက်တော် စကခ(၉) ခြံစည်းရိုးတွင်ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် သားအမိနှစ်ဦး ဒဏ်ရာရ

စကခ(၉)ခြံစည်းရိုးတွင် နောက်ထပ် မိုင်းများလည်းရှိနေသေးသဖြင့် ထပ်မံပေါက်ကွဲမှုဖြစ်မည်ကို စိုးရိမ်နေရကြောင်း ခေါင်းတုပ်ပလောင်ကျေးရွာသားများက ပြောသည်။

By Admin 14 Oct 2022

ကျောက်တော် စကခ(၉) ခြံစည်းရိုးတွင်ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် သားအမိနှစ်ဦး ဒဏ်ရာရ

 

DMG ၊ အောက်တိုဘာ ၁၄

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ခြံစည်းရိုးတွင်ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အနီးရှိ ခေါင်းတုတ်ပလောင်ကျေးရွာမှ သားအမိနှစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (အောက်တိုဘာလ ၁၃ ရက်) ညနေ ၆ နာရီခွဲခန့်တွင် ထိုသို့မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နေအိမ်အတွင်းရှိနေသည့် အသက် ၃၅ နှစ်အရွယ် ပူချိုဘာနိုနှင့် ၄င်း၏သားဖြစ်သူ အသက်(၂)အရွယ် ရော်ချီးတို့မှာ မိုင်းစထိမှန် ဒဏ်ရာရရှိသွားခဲ့သည်။

ပူနိုဘာချိုမှာ ရင်ဘတ်တည်တည့်၌ ဒဏ်ရာရရှိခဲ့ပြီး ရော်ချီးတွင် ကျောကုန်း၌ ပွန်းပဲ့ဒဏ်ရာရသွားကြောင်း ခေါင်းတုတ်အုပ်စုမှ ဒေသခံတစ်ဦးက DMG သို့ပြောသည်။

“စကခ(၉)နဲ့ ကျနော်တို့ရွာရဲ့ အိမ်တွေနဲ့က လမ်းတစ်လမ်းပဲကွာတယ်။ ၁၂ ပေလောက်ပဲ ကွာတယ်။ သူက အိမ်ထဲမှာရပ်ပြီး အလုပ်လုပ်နေတာကြောင့် ရင်ဘတ်တည့်တည့် မိုင်းစထိသွားတာ။ သူ့သားက ထိုင်နေတာကြောင့် ကျောဘက်မှာ နည်းနည်းပွန်းသွားတယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် သားဖြစ်သူ ရော်ချီးအား ခေါင်းတုတ်ပလောင်ကျေးရွာမှ ကျန်းမာရေးလုပ်သားဖြင့် ဆေးကုသထားပြီး မိခင်ဖြစ်သူ ပူနိုဘာချိုအား ကျောက်တော်မြို့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း လူနာသွားကြည့်ခဲ့သည့် နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည်။

“ကလေးကတော့ ဒဏ်ရာမပြင်းတာကြောင့် ရွာက ကျန်းမာရေးလုပ်သားနဲ့ ဆေးကုသမှု ခံယူလိုက်တယ်။ သူ့အမေကျတော့ မိုင်းထိတာနဲ့ ချက်ချင်း(မြန်မာစစ်တပ်)တပ်က ဆရာဝန်ရောက်လာပြီး စစ်ဆေးတယ်။ ပြီးရင် ဆေးတစ်လုံးချိတ်ပြီး ကျောက်တော်ဆေးရုံ လွှတ်လိုက်တယ်။ လမ်းတွေလည်း ဖွင့်ပေးတယ်။ အခု ကျောက်တော်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်။ အခြေအနေကတော့ စိုးရိမ်ရတယ်။ ဆရာဝန် နှစ်ခါဝင်ပြီး စစ်ဆေးတယ်။ ဓာတ်မှန်တွေ ရိုက်ရတယ်။ ရင်ဘတ်တည့်တည့်ထိတာဆိုတော့ အသက်ရှူ မဝဘူးဖြစ်နေတယ်”ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ မိုင်းပေါက်ကွဲပြီး ဒဏ်ရာရသွားသောကြောင့် ဒေသခံများမှာ စကခ(၉)မှ မိုင်းတာဝန်ခံကို သွားပြောရာတွင် ဝါယာရှော့ဖြစ်သွားသဖြင့် ထိုသို့ပေါက်ကွဲမှုဖြစ်ပွားရခြင်းဟု တုန့်ပြန်ပြောဆိုသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက DMG သို့ပြောသည်။

“မနေ့ညက ကျနော်တို့ မျက်နှာချင်းဆိုင်သွားပြောတာ။ ခြံစည်းရိုးမှာရှိနေတဲ့ မိုင်းတွေကို မလိုအပ်ရင် ဖြုတ်ပေးပါပြောတော့ သူတို့က လိုအပ်တယ်လို့ပြောတယ်။ လိုအပ်ရင် ရွာနဲ့ဝေးတဲ့ နေရာမှာ ထောင်ပေးပါပြောတော့ သူတို့က ဘာမှပြန်မပြောဘူး။ ကျနော်တို့ကို ဂရုမစိုက်ဘူးပေါ့။ အခုလည်း ခြံစည်းရိုးမှာ မိုင်း၁၀ လုံးလောက် ချိတ်ထားတယ်”ဟု သူကပြောသည်။

ဒေသခံများ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ခေါင်းတုတ်ပလောင်ကျေးရွာသည် အိမ်ခြေ ၂၅၀ ရှိကာ လူဦးရေ ၁၄၀၀ ကျော်နေထိုင်သည့် ရွာဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း မြောက်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံတစ်ဦးမှာ မင်းသားကျွန်းတံတိုင်းအနီးရှိ တောင်ကုန်းပေါ်၌ မိုင်းနင်းမိမှုကြောင့် ခြေနှစ်ဖက်ပြတ်သွားကာ ဒဏ်ရာပြင်းထန်သောကြောင့် ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။

ဗီဒီယိုများ