မလေးရှား ရက္ခိုင့်လူမှုကယ်ဆယ်ရေးရုံး(ARRC)ရုံးမှ တာဝန်ရှိသူများအပါအဝင် စုစုပေါင်း ၂၀ ဦးကို မလေးအာဏာပိုင်များ ဖမ်းဆီး

၄င်းတို့ကို အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်(မလေးစံတော်ချိန်)တွင် အရပ်ဝတ် ဝတ်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင် ၇ ဦးက ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးပေ။

By Admin 14 Oct 2022

မလေးရှား ရက္ခိုင့်လူမှုကယ်ဆယ်ရေးရုံး(ARRC)ရုံးမှ တာဝန်ရှိသူများအပါအဝင် စုစုပေါင်း ၂၀ ဦးကို မလေးအာဏာပိုင်များ ဖမ်းဆီး

မလေးရှားနိုင်ငံ တစ်နေရာကိုတွေ့ရစဉ်။ ဓာတ်ပုံ - Reuters

DMG ၊ အောက်တိုဘာ ၁၄

မလေးရှားရောက် ရခိုင်လူမျိုးများကို ကူညီဆောင်ရွက်ရာတွင် အဓိကကျသည့် ကွာလာလမ်ပူ၊ ပူဒူးမြို့အခြေစိုက် ရက္ခိုင့်လူမှုကယ်ဆယ်ရေးရုံး(ARRC)ရုံးကို မလေးရှားအာဏာပိုင်များက ဝင်ရောက်စီးနင်းပြီး ရုံးတာဝန်ရှိသူများ အပါအဝင် စုစုပေါင်း ၂၀ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

၄င်းတို့ကို အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်(မလေးစံတော်ချိန်)တွင် အရပ်ဝတ် ဝတ်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင် ၇ ဦးက ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးပေ။

ဖမ်းဆီးခံရသူများမှာ ARRC ရုံးမှ ဥက္ကဌ ဦးအေးကျော်၊ ဒု-ဥက္ကဌ ဦးအောင်မျိုးသူ၊ ဦးနိုင်ဇော်ဦး(စာရင်းစစ်)၊ မောင်စိုးသန်း(ကျန်းမာရေးမှူး)၊ ဦးကိုနိုင်ထွန်း(ကျန်းမာရေးတွဲဖက်တာဝန်ခံ)နှင့် ကိုခိုင်မောင်ဝင်း (ကဒ်တာဝန်ခံ)အပါအဝင် ARRC ကဒ်ပြုလုပ်ရန် ရောက်ရှိနေသူများ စုစုပေါင်း ၂၀ ဦးတို့ဖြစ်သည်ဟု အဖွဲ့ဝင်တစ်ဦးက DMG သို့ ပြောသည်။

“အဲဒီနေ့က ရုံးမှာ ARRC ကဒ်လုပ်ဖို့ လာလျှောက်တဲ့သူတွေလည်း ရောက်နေတယ်။ အဲဒီအချိန်မှာ လူတစ်စုက သူတို့ကိုယ်သူတို့ ရဲတွေပါဆိုပြီး ဖမ်းသွားတာ။ ရုံးမှာရှိတဲ့ ကွန်ပျူတာတွေ၊ လက်တော့ပ်တွေ၊ CCTV တွေလည်း အကုန်သိမ်းသွားတယ်။ ရုံးပစ္စည်းဆိုလို့ စာရွက်စာတမ်းတစ်ခုပဲ ကျန်ခဲ့တယ်။ ကျနော်တောင် အဲဒီနေ့က အိမ်သာထဲဝင်နေလို့ ကျန်ခဲ့တာပါ”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း ရှောင်တိမ်းနေရသည့် အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

“ထိန်းသိမ်းခံထားရတဲ့ ကျနော်တို့ရုံးကတစ်ယောက်က ရဲစခန်းကနေပြီး ဖုန်းဆက်လာတယ်။ လောလောဆယ် ရဲစခန်းကိုလာမကြည့်နဲ့ ၂ ပတ်လောက်စောင့်ကြည့်ဖို့ပြောလာတယ်။ ရုံးကလူတွေကတော့ UN ကဒ်တွေရှိလို့ ပြန်လွတ်လာနိုင်ခြေရှိပေမဲ့ တခြားကဒ်လုပ်ဖို့လာတဲ့သူတွေကျတော့ ကဒ်မရှိတာကြောင့် သူတို့အတွက် စိတ်ပူမိတယ်။ လက်ရှိကျနော်ကိုယ်တိုင်လည်း ရှောင်တိမ်းနေရတဲ့အတွက် သူတို့အတွက် ဘာမှမလုပ်ပေးနိုင်သေးဘူး”ဟု ၎င်းကဆိုသည်။

ARRC ရုံးမှ တာဝန်ရှိသူများအပါအဝင် ဖမ်းဆီးခံရပြီးနောက် ရခိုင်ဒုက္ခသည်များဗဟိုရုံး(CAR)ကိုလည်း ပိတ်ထားကြောင်း သိရသည်။ မလေးရှားနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေပြီး ယခုကာလအတွင်း အဖမ်းအဆီး၊ စစ်ဆေးခြင်းများ များပြားလာနိုင်သည့်အတွက် လုပ်ငန်းတာဝန်များအား ရပ်ဆိုင်းကာ ရုံးကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း ရခိုင်ဒုက္ခသည်များဗဟိုရုံး(CAR)က အောက်တိုဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရက္ခိုင့်လူမှုကယ်ဆယ်ရေးရုံး(ARRC)ရုံး တာဝန်ရှိသူများ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး DMG က ဆက်လက်စုံစမ်းလျက်ရှိပြီး အသေးစိတ်သိရလျှင် ထပ်မံတင်ပြပါမည်။

ဗီဒီယိုများ