ရခိုင်က ကျေးရွာအချို့တွင် ဆေးဝါးပြတ်လပ်မှုများနှင့် ကြုံနေရ

မြန်မာစစ်တပ်နှင့် AA တို့ တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာချိန် ရခိုင်က မြို့နယ်အချို့တွင် မြန်မာစစ်တပ်က သွားလာခွင့် ကန့်သတ်ပိတ်ပင်ထားသည်။

By Admin 13 Oct 2022

ရခိုင်က ကျေးရွာအချို့တွင် ဆေးဝါးပြတ်လပ်မှုများနှင့် ကြုံနေရ

 

DMG ၊ အောက်တိုဘာ ၁၃

ရခိုင်ပြည်အတွင်းက မြို့နယ်တချို့တွင် မြန်မာစစ်တပ်က သွားလာခွင့် ကန့်သတ်ပိတ်ပင်ထားသဖြင့် ကျေးရွာအချို့တွင် ဆေးဝါးပြတ်လပ်မှုများနှင့်ကြုံတွေ့နေရကြောင်း ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများရှိနေသည့် ဒေသခံများကပြောသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ရခိုင်တွင် တိုက်ပွဲတစ်ဖန်ဖြစ်ပွားလာချိန် ထိုသို့ သွားလာခွင့်များကို ပိတ်ပင်လာခြင်းဖြစ်သည်။ တိုက်ပွဲဧရိယာထဲမှ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး စသည့်မြို့နယ်များတွင် ပြည်သူများ အဓိကအသုံးပြုနေသည့် ကုန်းလမ်း၊ ရေလမ်းများကို သွားလာခွင့် ကန့်သတ်ခံထားရသည်။

သွားလာခွင့်ပိတ်ပင်ခံထားရမှုကြောင့် မောင်တောမြို့နယ်၊ သစ်တုံးနားကျေးရွာတွင် ဆေးဝါးများ မလုံမလောက်ဖြစ်နေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက DMG သို့ ပြောသည်။

“ရွာမှာက ဆေးဝါး လုံးဝပြတ်နေတယ်။ ပါရာဆီတာမော့တောင် မရှိဘူး။ ဟိုဖက်(စစ်ကောင်စီ)ကလည်း သယ်ခွင့်မပေးဘူး။ ဆေးဝါးသယ်မယ်ဆိုရင် ကန့်သတ်ထားတော့ အရမ်းအခက်အခဲဖြစ်တယ်”ဟု ၎င်းကဆိုသည်။

အရေးပေါ် ကျန်းမာရေးကိစ္စပေါ်ပေါက်ပါက စစ်ကောင်စီမှ သွားလာခွင့်ပြုသော်လည်း လမ်းခရီးတွင် အဆိုပါလူနာအတွက် အကူဆေးဝါးများ မရှိသဖြင့် ရောဂါပိုမိုဆိုးရွာသွားသည့် အခြေအနေများနှင့် ကြုံတွေ့ရကြောင်းလည်း အဆိုပါကျေးရွာသားက ဆက်ပြောသည်။

ကျေးရွာများတွင် ကျေးလက်ကျန်းမာရေး ဆေးခန်းများရှိသော်လည်း လိုအပ်သည့် ဆေးဝါးမပြည့်စုံသည့်အတွက် သာမန်နေမကောင်းဖြစ်ရာမှ အရေးပေါ်အခြေအနေအထိ ဖြစ်သွားခဲ့ရသူများလည်းရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

မောင်တောမြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းတစ်ဦးက “ကျန်းမာရေးနဲ့ ပတ်သက်လာရင် ရွာမှာရှိတဲ့ ဆေးဆရာတွေဆီမှာသွားပြီး ကုသကြတာတွေရှိတယ်။ သူတို့(ဆေးဆရာ)တွေမှာလည်း ဆေးဝါးမစုံတဲ့အတွက် အခက်အခဲတွေရှိတယ်။ ဒီလိုအခြေအနေတွေကြောင့် ဒီဖက်(မောင်တောမြောက်ပိုင်း)မှာ နေမကောင်းတစ်ခုဖြစ်လာရင် ဆေးဝါးရဖို့က အရမ်းခက်အခဲတယ်”ဟု ပြောသည်။

စစ်ကောင်စီက ဆေးဝါးနှင့်ပတ်သက်၍ ကန့်သတ်မှုကို တင်းကျပ်စွာဆောင်ရွက်နေသည့်အတွက် ဆေးဝါး ဖြန့်ဖြူးရောင်းချမှုအပိုင်းတွင် ၉၀ ရာခိုင်နှုန်းခန့် ရပ်တန့်နေသည်ဟု စစ်တွေမြို့မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက DMG သို့ပြောသည်။

“ဆေးနဲ့ပတ်သက်ရင် အရမ်းအတင်းအကျပ်များတယ်။ နယ်ဘက်တွေကိုဆို လုံးဝပို့လို့မရဘူး။ စစ်ဆေးမှုများတယ်။ ဆေးတွေ့ရင် သယ်လို့မရတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့လည်း မပို့ရဲဘူး”ဟု အဆိုပါ ဆေးဆိုင်ပိုင်ရှင်ကပြောသည်။

ရခိုင်က မြို့နယ်တချို့မှာ ကုန်းလမ်း၊ ရေလမ်းကို အကန့်အသတ်မရှိ ပိတ်ဆို့ထားခြင်းသည် ဒေသခံပြည်သူ လူမျိုးပေါင်းစုံ၏ အသက်ရှင်နေထိုင်ရေးကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)က စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။

ယင်းကြောင့် ဆေးဝါးနှင် စားနပ်ရိက္ခာသယ်ယူရေး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေကြသော INGO/NGO နှင့် လူမှုကူညီရေးအဖွဲ့များအား ခရီးသွားလာခွင့်ပိတ်ပင်ထားခြင်းကို ပြန်လည်ဖွင့်ပေးရန် ANP က တောင်းဆိုထားသည်။

တစ်ဖက်မှာလည်း ပြည်မဘက်မှ ရခိုင်အတွင်းသို့ တင်သွင်းနေသည့် ဆေးဝါးပစ္စများကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များမှ ဖြတ်သန်းခွင့်မပြုဘဲ ကန့်သတ်ပိတ်ပင်ခြင်းများရှိနေကြောင်း ဆေးကုမ္ပဏီများ၊ ဆေးဝါးပစ္စည်းများ ရောင်းချနေသူများထံမှ စုံစမ်းသိရှိရသည်။

ဆေးဝါးတင်သွင်းခြင်းကို ယခုကဲ့သို့ ဆက်လက်ကန့်သတ် ပိတ်ပင်ထားမည်ဆိုပါက ရခိုင်ကမြို့များတွင် ဆေးဝါးပြတ်လပ်သွားနိုင်ကြောင်းလည်း ဆေးရောင်းချနေသူများက ပြောဆိုကြသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက “တိုက်ပွဲတွေဖြစ်လာတိုင်း ဒီလိုလုပ်တာဟာ လူသားတွေအပေါ် ရာဇဝတ်မှုတစ်ခုမြောက်အောင် စားဝတ်နေရေး၊ စီးပွားရေး၊ ပညာရေး စတာတွေကို ပိတ်ပင်ထားတာဟာ နိုင်ငံတကာမှာပြဌာန်းထားတဲ့ဥပဒေတွေကိုလည်း ချိုးဖောက်ရာရောက်တယ်။ ကူညီမှုပေးမယ့်အစား လူထုအပေါ် ဒီလိုလုပ်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့မြင်တယ်”ဟု ပြောသည်။

ရခိုင်ပြည်အတွင်းက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ စသည့်မြို့နယ်တို့တွင် စစ်ဘေးရှောင်များအတွက် အဓိကထောက်ပံ့နေသည့် INGO/NGO အဖွဲ့အစည်းများကို (စက်တင်ဘာလ ၁၆ ရက်)နေ့မှစတင်ကာ စစ်ကောင်စီက ခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်ထားသည်။

ဗီဒီယိုများ