လှည်းကူးတွင် မွတ်ဆလင် ၆၈ ဦး ဖမ်းဆီးခံရ

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင်ယမန်နေ့ (နိုဝင်ဘာ၂၈) နေ့က အထောက်အထားမဲ့ ခရီးသွား မွတ်ဆလင် ၆၈ ဉီးကို အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်းသိရသည်။

By Admin 29 Nov 2022

လှည်းကူးတွင် မွတ်ဆလင် ၆၈ ဦး ဖမ်းဆီးခံရ

လှည်ကူးမြို့နယ် ညောင်နှစ်ပင်ဇုန် (၁) ၌ဖမ်းဆီးခံခဲ့ရသည့် မွတ်ဆလင်များကို တွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့

DMG | နိုဝင်ဘာ ၂၉

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင်ယမန်နေ့ (နိုဝင်ဘာ၂၈) နေ့က အထောက်အထားမဲ့ ခရီးသွား မွတ်ဆလင် ၆၈ ဉီးကို အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်းသိရသည်။

ယမန်နေ့ နိုဝင်ဘာ ၂၈ ရက် နံနက် ၄ နာရီ အချိန်တွင် လှည်ကူးမြို့နယ် ညောင်နှစ်ပင်ဇုန် (၁) အနီးသို့ ရောက်ရှိလာသည့် ကုန်တင်တွဲ ယာဥ်တစ်စီးကို အာဏာပိုင်များက ရပ်တန့်ခိုင်းပြီး ရှာဖွေစစ်ဆေးရာ အထောက်အထားမဲ့ မွတ်ဆလင် ကလေးငယ် လေးဦးအပါအဝင် အမျိုးသား (၅၄)ဦး နှင့် အမျိးသမီး(၁၄)ဦး စုစုပေါင်း ၆၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း လှည်ကူးမြို့မ ရဲစခန်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“ ၁၂ ဘီးကုန်တင်ကားတစ်စီးကို ရပ်ပြီးတော့ မသင်္ကာ ပစ္စည်းပါလာမလားဆိုပြီး စစ်ဆေးတာ။ အဲဒီကားထဲမှာ မွတ်ဆလင်လူမျိုးတွေကိုတွေ့လို့ ဖမ်းထားလိုက်တယ်။ ကလေးတွေလည်း ပါတယ်။ လူငယ်တွေက ၁၀ ဦး ကျော်ပါတယ်။ ကျန်တာတွေက လူလတ်ပိုင်းတွေနဲ့ အသက်ကြီးပိုင်း တွေများတယ်။ အခု လှည်းကူးရဲစခန်းမှာ ထိန်းသိမ်းပြီးတော့ စစ်ဆေးနေပါတယ် ” ဟု ၄င်းကပြောသည်။

ဖမ်းဆီးခံထားသူ မွတ်ဆလင် များမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောင်မြို့နယ်တို့မှ ဖြစ်ပြီး ကရင်ပြည်နယ် မြဝတီနယ်စပ်မှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ပွဲစားများဖြင့် ချိတ်ဆက်ကာ ထွက်ခွာလာသူများဖြစ်ကြောင်း အဆိုပါ နီးစပ်သူက ထပ်မံပြောဆိုသည်။

“ ဘူးသီးတောင်နဲ့ မောင်တောဘက်က လာကြတာ။ သူတို့က မြဝတီကို အရင်သွားမယ်။ အဲဒီက ပွဲစားနဲ့ ထိုင်းကိုဖြတ်ပြီးတော့ မလေးရှားကိုသွားဖို့ လုပ်ထားတာလို့ သိရတယ် ” ဟု အဆိုပါနီးစပ်သူကထပ်မံဆိုသည်။

လက်ရှိတွင် ၎င်းတို့ကို လှည်းကူးမြို့မရဲစခန်း၌ အသေးစိတ် စစ်ဆေးနေပြီး အမှုဖွင့်လှစ် အရေးယူရန် ဆောင်ရွက်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ နှင့် နိုဝင်ဘာလတို့တွင် လှည်းကူးမြို့ရှိ အမြန်လမ်းမ ဇီးရိုးမိုင် စစ်ဆေး ရေးဂိတ်နှင့် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက် အမှတ် (၃) လမ်းမကြီးတို့၌ အထောက်အထားမဲ့ မွတ်ဆလင် (၃၀) ကျော် ဖမ်းဆီးခံရမှု ရှိခဲ့သည်။

ဗီဒီယိုများ