အပစ်ရပ်ထားသည့် ရခိုင်တွင် NGO၊ INGO များ ခရီးသွားခွင့်ကို ကန့်သတ်ထားဆဲ

By Admin 02 Dec 2022

အပစ်ရပ်ထားသည့် ရခိုင်တွင် NGO၊ INGO များ ခရီးသွားခွင့်ကို ကန့်သတ်ထားဆဲ

စစ်တွေမြို့တွင် စစ်ဘေးရှောင်နေကြသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်များအား တွေ့ရစဉ်

DMG | ဒီဇင်ဘာ၂

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော် (AA)တို့ကြား အပစ်အခတ်ရပ်စဲထားသော်လည်း NGO/INGO အဖွဲ့အစည်းများ၏ ခရီးသွားလာခွင့်ကို ကန့်သတ်ထားဆဲဖြစ်ပြီး လက်ရှိတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးများကို စစ်ကောင်စီမှ ကန့်သတ်ထားသည်မှာ လေးလကျော်အထိရှိလာသည်ဟု အဆိုပါအဖွဲ့ အစည်းများထံမှ သိရသည်။

ဒေသအတွင်း တိုက်ပွဲများရပ်တန့်ထားသော်လည်း ခရီးသွားလာခွင့်များကို စစ်ကောင်စီမှ ကန့်သတ်ထားဆဲဖြစ်သည်ဟု ရခိုင်အခြေစိုက် INGO အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက DMG ကိုပြောသည်။

“ ခရီးသွားလာခွင့်တွေကို အရင်အတိုင်း ကန့်သတ်ထားဆဲပါပဲ။ လမ်းတွေတော့ ဖွင့်ပေးတယ်လို့တော့ ကြားပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းတွေကို သတ်သတ်မှတ်မှတ်လာပြီး ခွင့်ပြုပေးတယ်ဆိုတာတော့ မပြောသေးပါဘူး” ဟု သူကပြောသည်။

စစ်ကောင်စီတပ်နှင့် AA တို့ကြား တကျော့ပြန် စစ်ရေးတင်းမာနေချိန်တွင် စစ်ကောင်စီဘက်မှ လုံခြုံရေးအတွက်ဟုဆိုပြီး ယခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှစတင်ကာ NGO၊ INGO အဖွဲ့အစည်းများကို မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့အား ခရီးသွားခွင့်ပိတ်ပင်ခဲ့သည်။

ယင်းနောက် နိုဝင်ဘာလအတွင်းတွင် ကျောက်တော်နှင့်ပေါက်တောမြို့နယ်တို့ကို ခရီးသွားလာခွင့်ထပ်မံ ကန့်သတ်ခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည် အတွင်းက မြို့နယ် (၈) မြို့နယ်ကို စစ်ကောင်စီမှ ခရီးသွားလာခွင့် ကန့်သတ်ထားဆဲဖြစ်သည့်အတွက် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် အခက်အခဲဖြစ်စေသည်ဟု စစ်တွေမြို့အခြေစိုက် NGO အဖွဲ့အစည်းတစ်ခုမှ တာဝန်ခံတစ်ဦးကဆိုသည်။

“ ကျနော်တို့က စစ်ဘေးရှောင်တွေကို အဓိကထားပြီး ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်။ ဒါပေမယ့် စစ်ဘေးရှောင်တွေ ရှိတဲ့နေရာကို ကူညီမပေးရဘူးဆိုတော့ အခက်အခဲရှိတာပေါ့။ ကျနော်တို့ ဒီမှာလုပ်နေတဲ့ အလုပ်တွေလည်း လုပ်လို့မရဘူး။ အလုပ်မဖြစ်ဘူးပေါ့။ စစ်ဘေးရှောင်တွေကိုလည်း အကူအညီပေးလို့မရဘူး ဖြစ်နေတယ် ” ဟု သူကပြောသည်။

NGO၊ INGO များကို ယခုအချိန်ထိ ခရီးသွားလာခွင့်ကန့်သတ်ထားသည့် ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိသေးပေ။

ယခုနှစ် သြဂုတ်လအတွင်းမှစတင်ကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲများအား နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နှစ်ဖက် နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲခဲ့ကြသည်။

ယင်းသို့ အခြေအနေများကြောင့် စစ်ရေးတင်းမာချိန်က ကန့်သတ်ထားသည့် NGO၊ INGO အဖွဲ့ အစည်းများ၏ လူသားချင်း စာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို အမြန်ဆုံး ပြန်လည်ခွင့်ပြုပေးရန် ဘူးသီးတောင်မြို့နယ် ရန်အောင်မြေ စစ်‌ဘေးရှောင်စခန်းမှ ဒေါ်မဝင်းဖြူက တောင်းဆိုသည်။

“အရင်ကဆိုရင် သူတို့ (NGO၊ INGO)တွေက ကူညီထောက်ပံ့ပေးတဲ့အတွက် အသုံးစရိတ်ကာမိသေးတယ်။ အခုက ဆန်တွေလည်း ဈေးတက်နေတာနဲ့ စားဝတ်နေရေးအတွက် မနည်းရုန်းကန်ပြီး ရှာဖွေစားသောက် နေရ တယ်။ သူများတွေဆီက ချေးငှားရတယ်။ မစားဘဲနေလို့မှ မရတာ။ အလုပ်လုပ်လို့ရတဲ့ အခါပြန်ဆပ်။ မရှိရင် ချေးငှားပြီး စားသောက်နေရတယ်” ဟု သူကပြောသည်။

ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှုနှင့် ကူညီထောက်ပံ့မှုနည်းပါးလာမှုကြားတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပုံမှန်ပေးနေသည့် NGO၊ INGO အဖွဲ့အစည်းများကို ခရီးသွားလာခွင့် ကန့်သတ်ထားခြင်းမှာ စစ်ဘေးဒုက္ခသည်များအတွက် ပို၍ အခက်ကြုံကြရသည်ဟု ဆိုကြသည်။

ရခိုင်နှင့်ပလက်ဝမြို့နယ်တို့တွင် တကျော့ပြန် တိုက်ပွဲဖြစ်ပွားမှုကြောင့် သြဂုတ်လမှစတင်ကာ အောက်တိုဘာလ ၁၁ ရက်နေ့အထိ စစ်ဘေးရှောင်၁၆၀၀၀ ရှိလာပြီး ယခင်က စစ်ဘေးရှောင်ဦးရေနှင့်ပေါင်းလျှင် ၉၀၀၀၀ကျော် အထိရှိလာနေပြီဟု ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ