တစ်ပတ်အတွင်း ရခိုင်သတင်းများ (နိုဝင်ဘာလ ၂၃ မှ ၃၀ ထိ)

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကျရောက်သည့် (၆)ကြိမ်မြောက် ခမီတိုင်းရင်းသားနှစ်သစ်ကူးပွဲတော်ကို မြောက်ဦးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုများကြောင့် ပွဲတက်ရောက်သူ နည်းပါးကာ အကျဉ်းချုံ့မျှသာ ပြုလုပ်ခဲ့ကြရသည်။

By Admin 01 Dec 2022

တစ်ပတ်အတွင်း ရခိုင်သတင်းများ (နိုဝင်ဘာလ ၂၃ မှ ၃၀ ထိ)

နိုဝင်ဘာလ ၂၃ ရက်

၁) ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား သြဂုတ်လမှစတင်ကာ တကျော့ပြန် တိုက်ပွဲပြင်းထန်လာပြီး နိုဝင်ဘာလ (၂၃)ရက်နေ့အထိ စစ်ရေးပဋိပက္ခအတွင်း လက်နက်ကြီးကျရောက်မှု၊ မီးရှို့ခံရမှုတို့ကြောင့် မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်တို့မှ နေအိမ်(၂၃)ဆောင် ပျက်စီးဆုံးရှုံးရခဲ့သည်။

၂) နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကျရောက်သည့် (၆)ကြိမ်မြောက် ခမီတိုင်းရင်းသားနှစ်သစ်ကူးပွဲတော်ကို မြောက်ဦးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုများကြောင့် ပွဲတက်ရောက်သူ နည်းပါးကာ အကျဉ်းချုံ့မျှသာ ပြုလုပ်ခဲ့ကြရသည်။

၃) ရခိုင်က စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ အဓိကထောက်ပံ့ကူညီနေသည့် နိုင်တကာကူညီရေးအဖွဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)တို့၏ ကူညီမှုများကို စစ်ကောင်စီက ကူညီခွင့်ပိတ်ထားသည်မှာ နှစ်လကျော်သွားပြီဖြစ်သည်။

၄) နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် လူမှုရေး၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကျောက်တော်ဒေသခံ ကိုဇော်ဝင်း (ခ) လူထုဇော်ဝင်းကို နိုဝင်ဘာလ ၂၃ ရက်နေ့က ကျောက်တော်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း တရားလိုဖက်မှသက်သေများ မရောက်လာသဖြင့် ရုံးချိန်းရွှေ့ဆိုင်း လိုက်ရသည်။ ယခုကဲ့သို့ ရုံးချိန်းရွေ့ဆိုင်းနေရသည်မှာ (၇)ကြိမ်အထိပင် ရှိလာနေပြီဖြစ်၍ တရားစွဲဆိုခံထားရသူအတွက် နစ်နာမှုများရှိနေကြောင်း မိသားစုဝင်များက ပြောသည်။

၅) နိုဝင်ဘာလ ပထမအပတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ဖမ်းဆီးခဲ့သည့် တောင်ကုတ်မြို့ ဒေသခံ ကိုမိုင်ကယ်၊ ဦးထွန်းရွှေနှင့် ဦးမြင့်ထွေးတို့ကို နိုဝင်ဘာလ ၁၈ ရက်နေ့နှင့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အသီးသီးပြန်လည် လွှတ်ပေးခဲ့သည်။

၆) စစ်တွေမြို့၊ ကသဲရပ်ကွက်(၁)က ဒေသခံတစ်ဦးဖြစ်သည့် အသက် ၅၃ နှစ်အရွယ် ဦးအောင်တင်မောင်(ခ) မြောက်ဦးချေ ကို မြန်မာစစ်တပ်က နိုဝင်ဘာလ ၂၃ ရက်နေ့၊ ည၁၀နာရီကျော်ခန့်အချိန်တွင် နေအိမ်သို့ဝင်ရောက် ဖမ်းဆီးသွားခဲ့သည်။

၇) စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် မြေပုံမြို့နယ်၊ ဝက်ခေါင်းကျေးရွာမှ အရပ်သား (၃) ဦးကို နိုဝင်ဘာ ၂၃ ရက်နေ့က ပြန်လွှတ်ပေးလိုက်သော်လည်း စစ်ကြောရေးတွင် လူမဆန်စွာနှိပ်စက်ခံရမှုကြောင့် ကိုအောင်ဝင်းစိုး (၂၆ နှစ်)မှာ ဒဏ်ရာပြင်းထန်စွာရရှိကာ ဆေးကုသမှုခံယူနေရသည်။

နိုဝင်ဘာလ ၂၄ ရက်

၁) စစ်ဆေးစရာရှိသည်ဟုဆိုကာ ပြီးခဲသည့် အောက်တိုဘာလ ၂၃ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် သံတွဲမြို့က တေးရေးဆရာကိုစန်းကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ကာ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့သည်။ ငပလီအခြေစိုက် ခလရ ၅၅ တပ်ရင်းမှ ဗိုလ်ကြီးရဲလင်းထွန်းက အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

၂) စစ်တွေမြို့မှ ပေါက်တောမြို့သို့ လိုင်းဆွဲသွားလာနေသည့် ခရီးသည်တင် စက်လှေများပေါ်တွင် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆေးဝါးများကို အကန့်အသတ်ဖြင့်သာ သယ်ယူနေကြရသည်။ ကုန်ပစ္စည်းများကို ပေါက်တောမြို့နယ် သဲခုံကျေးရွာအနီးအနားတွင် ရပ်နားထားသည့် မြန်မာစစ်တပ် ဇက်ရေယာဉ်က ကန့်သတ်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

၃) မြန်မာစစ်တပ်က စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားသဖြင့် အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စုရှိ ရွာပေါင်း ၄၈ ရွာမှ ဒေသခံတစ်သောင်းကျော်မှာ စားဝတ်နေရေးခက်ခဲနေသည့်အပြင် ကုန်စည်နှုန်း မြင့်တက်မှုဒဏ်ကိုလည်း ခံနေရသည်။ မြန်မာစစ်တပ်က ရေလမ်းသွားလာခွင့်ကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပိတ်ပင်လိုက်ကာ ကုန်းလမ်းသွားလာခွင့်ကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့က ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

၄) မြန်မာနိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ်အားလုံးက ပါဝင်ယှဉ်ပြိုင်မည့် အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲကို နိုင်ငံအတွင်းရှိ တိုင်းရင်းသားဒေသများတွင် ခရီးသွားလုပ်ငန်းများ ယခင်ကထက်ပိုမိုတိုးတက်စေရန်ရည်ရွယ်ပြီး လာမည့်ဒီဇင်ဘာလ (၂၂)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

နိုဝင်ဘာလ ၂၅ ရက်

၁) ဒီဇင်ဘာလ (၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် စစ်တွေမြို့၊ ဓညဝတီအားကစားကွင်းတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက မသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည်။ ထို့ပြိုင်ပွဲတွင် တာတိုအပြေးပြိုင်ပွဲ၊ ကွမ်းသီးကောက်ပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင် ပွဲတို့ပါဝင်ခဲ့ပြီး စစ်တွေမြို့နယ်အတွင်းမှ မသန်စွမ်း အမျိုးသား၊ အမျိုးသမီး ၃၀ ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

၂) မောင်တောမြို့နယ်၊ ကြိမ်ချောင်းအမှတ် (၂၄) စစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးခံထားရသည့် ဆယ်တန်းကျောင်းသူ မအေးမြစန္ဒာနှင့် ဆိုင်ကယ်ကယ်ရီမောင်းသူ မောင်မောင်ကျော်တို့နှင့် တစ်လနီးပါးကြာသည့်တိုင် အဆက်အသွယ်မရသဖြင့် မိသားစုဝင်များမှာ စိုးရိမ်နေကြသည်။

၃) မောင်တောမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းကို စစ်ကောင်စီက ကန့်သတ်ထားသည်မှာ ၄ လအထိ ကြာမြင့်လာပြီ ကုန်သည်များ၊ ဒေသခံများမှာ များစွာနစ်နာလျက်ရှိကြောင်း ကုန်သည်များကပြောသည်။

၄) ကျောက်ဖြူမြို့၊ သဗ္ဗာန်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်လင်းကို နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက ကျောက်ဖြူမြို့အခြေစိုက် ခလရ (၃၄)က စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ နေအိမ်ကိုလာရောက်ဖမ်းသွားခဲ့သည်။

၅) စစ်ကောင်စီက ဆေးဝါးတင်ဆောင်ခြင်း ကန့်သတ်ထားသည့် ရခိုင်ပြည်တွင် ဆေးဝါးဈေးနှုန်းများမှာ ၃ ဆခန့်အထိ မြင့်တက်လျက်ရှိနေသည်။ အအေးမိ၊ နှာစေးရာတွင်သောက်သုံးသည့် ဆေးတစ်ကဒ်ကို ယခင်က ၅၀၀၊ ၁,၀၀၀ ကျပ် သာရှိသော်လည်း လက်ရှိတွင် ၂,၀၀၀ ကျပ်ကနေ ၃,၀၀၀ ကျပ်ကြားအထိ ရှိနေသည်။ ကလေးများအတွက် အသုံးပြုတိုက်ကျွေးရသည့် သန်ချဆေးများ၊ လေနိုင်ဆေးများမှာလည်း ၁,၅၀၀၊ ၂,၀၀၀ ကျပ်ကနေ ၄,၅၀၀၊ ၆,၀၀၀ ကျပ်ကြားအထိ ဈေးနှုန်းမြင့်တက်လျက် ရှိနေသည်။

၆) ရခိုင်တွင် နှစ်စဉ် နတ်တော်လဆန်း ၇ ရက်နေ့က လပြည့်ကျော် ၁ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည့် သမိုင်းဝင်ဆံတော်ရှင်ဘုရားပွဲကို ယခုနှစ်တွင် ဒေသလုံခြုံရေးအခြေအနေအရ ကျင်းပရန်အစီအစဉ် မရှိကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ (၂၆) ရက်

၁) ရခိုင်ပြည် ၊ စစ်တွေမြို့ရှိ ကုတင်(၅၀၀) ဆံဆေးရုံကြီးတွင် အထွေထွေရောဂါအထူးကု၊ အရိုးအထူးကု၊ မျက်စိအထူးကု၊ (နား၊ နှာခေါင်း၊ လည်ခြောင်း) အထူးကု၊ စိတ်ရောဂါအထူးကု၊ ကလေးအထူးကု စသည့် အထူးကုဆရာဝန်များ အသီးသီးရှိသော်လည်း ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဦးနှောက်အာရုံကြော စသော ရောဂါတစ်ခုချင်းစီအတွက် အထူးကုဆရာဝန်များ လိုအပ်နေကြောင်း ဒေသခံများကပြောသည်။

၂) နိုဝင်ဘာလ ၁၈ ရက်နေ့က ကျောက်တော်မြို့ဖက်ကလာသည့် လူငယ် ၇ ဦးကို ကန်စောက်ရွာအနီး ခမရ(၅၃၉) စစ်ဆေးရေးဂိတ်တွင် မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရရှိသေးပေ။

၃) စစ်တွေမြို့နယ် ၊ မင်းချောင်းတံတားအောက်တွင် ဖမ်းဆီးခံခဲ့ရသည့် စက်လှေ ၉ စီးအနက် ၇ စီး၏ ပိုင်ရှင်များကို တစ်ဦးလျှင် ဒဏ်ငွေကျပ် ၅ သိန်းစီဖြင့် စစ်တွေမြို့နယ်တရားရုံးက နိုဝင်ဘာလ ၂၄ ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ရေကြောင်းဥပဒပုဒ်မ (၄၃) အရ အနိမ့်ဆုံးပြစ်ဒဏ်ဖြင့် အမှုမှလွှတ်ပေးလိုက်ခြင်းဖြစ်သည်။ ကျန်စက်လှေပိုင်ရှင်နှစ်ဦးကို AA ထံ အခွန်ဆောင်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ- ၁၇(၁)ဖြင့် အမှုဖွင့်လှစ်ထားသည်။

၄) နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ကစတင်ပြီး ၂၄ နာရီအတွင်း ရက္ခိုင့်တပ်တော် ( AA) နှင့် စစ်ကောင်စီတို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်တန့်ကာ အပစ်ရပ်စဲလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခက ရခိုင်ရှိသတင်းဌာနများကို အတည်ပြုပြောဆိုသည်။ အပစ်ခတ်ရပ်စဲခြင်းမှာ ရခိုင်ပြည်သူများအတွက် အလေးအနက်ထား စဉ်းစားပြီး ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း ဦးခိုင်သုခက ပြောဆိုထားသည်။

နိုဝင်ဘာလ ၂၇ ရက်

၁) ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ အပစ်ရပ်စဲရေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်က သုံးလကျော်ကြာ ပိတ်ထားခဲ့သည့် ရခိုင်ပြည်မြောက်ပိုင်းက ရေလမ်းကြောင်းများကို နိုဝင်ဘာလ ၂၇ ရက်နေ့မှစ၍ ဖွင့်ပေးလိုက်သည်။ ရေလမ်းကြောင်းဖွင့်ပေးလိုက်သည့် မြို့နယ်များမှာ စစ်တွေ-ရသေ့တောင်- ဘူးသီးတောင် ရေလမ်းကြောင်းဖြစ်ပြီး မင်းပြား၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦး စသော ရေလမ်းကြောင်းများကို ပိတ်ထားဆဲဖြစ်သည်။

၂) ရခိုင်ပြည်၏ မြို့တော်စစ်တွေမြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် ကေဘယ်ကြေးကြိုးများ၊ ထရန်စဖော်မာ (Earth) ကြေးကြိုးများ၊ ထရန်စဖော်မာခြံစည်းရိုးများ ခိုးယူခံနေရခြင်းများ ရှိနေသည်။ ထိုကြောင့် ၎င်းလိုင်းကြိုးများ အစားထိုး တပ်ဆင်သွယ်တန်းနိုင်ရေးအတွက် ကြိုးကုန်စရိတ်များကို ရပ်ကွက်မှနေ၍ စုပေါင်းကျခံရမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှ စာထုတ်ပြန်မှုအပေါ် ဝေဖန်မှုများထွက်ပေါ်ရှိနေသည်။

၃) စစ်တွေမြို့ရှိ ပြည်နယ်စစ်ကောင်စီရုံးအနီး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် မနွယ်သန္တာဝင်းအမှုမှာ ပြစ်မှုကျူးလွန်သူ ဆိုင်မန်နေဂျာကို စွဲချက်တင်အမိန့်ချမှတ်ထားပြီး ကျူးလွန်သူမှာလည်း တစ်ဦးတစ်ယောက်တည်းဖြစ်သည်ဟု အမှုကိုကိုင်တွယ်နေသည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က ဆိုသည်။ မနွယ်သန္တာဝင်း၏ မိသားစုဝင်များက ကျူးလွန်သူမှာ တစ်ဦးတစ်ယောက် မဖြစ်နိုင်ကြောင်းနှင့် အမှုကိုစစ်ဆေးနေသည်မှာလည်း ပြည့်စုံမှုမရှိသည့်အတွက် အားရကျေနပ်မှုမရှိကြောင်း ဆိုသည်။

၄) ရခိုင်တွင် မြန်မာစစ်တပ်နှင့် AA တို့ စစ်ရေးတင်းမာနေချိန်တွင် မြန်မာစစ်တပ်က အပြစ်မဲ့ပြည်သူ ၃၂၄ ဦးကိုဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ ၈၅ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ နောက်ထပ်အပြစ်မဲ့ပြည်သူ ၂၃၉ ဦးမှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်ပြီး လက်ရှိမှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အပစ်ခတ်ရပ်စဲလိုက်သောကြောင့် အပြစ်မဲ့ပြည်သူများ လွတ်မြောက်ရေးအတွက် အလားအလာကောင်းသည့် အနေအထားတွင်ရှိကြောင်း နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်သည့် ရက္ခိုင့်တပ်တော် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောသည်။

နိုဝင်ဘာလ ၂၈ ရက်

၁) တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်နှင့်ပလက်ဝဒေသတို့တွင် မြန်မာစစ်တပ်က လက်နက်ကြီးများ ၊ ဒရုန်းများ၊ ဂျက်တိုက်လေယာဉ်များ၊ စစ်ရဟတ်ယာဉ်များဖြင့် နေ့ညမပြတ် ပစ်ခတ်မှုများရှိခဲ့သည်ဟုလည်း ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ထိုသို့ပစ်ခတ်မှုကြောင့် စက်တင်ဘာလ ၂၀ ရက်နေ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ အပြစ်မဲ့ပြည်သူ ၂၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁၁ ဦးအထိရှိခဲ့သည်ဟု AA က ဆိုသည်။

၂) ကျောက်တော်မြို့နယ်၊ ပီချောင်းအထက်ပိုင်းရှိ သက်ထင်(မြို)ကျေးရွာမှ မိသားစုတစ်စုမှာ နိုဝင်ဘာလ ၂၆ ရက်နေ့က ကျောက်တော်မြို့မဈေးမှ ဝယ်ယူလာသည့်ပြောင်းဖူးကို စားသောက်ပြီးနောက် အစာအဆိပ်သင့်ကာ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မိသားစုဝင် ၆ ဦးလုံး သေဆုံးသွားခဲ့ရသည်။

၃) ရခိုင်တွင် အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှာ ယခင်နှစ်ကထက် ပိုမိုများပြားလာကြောင်း ဥပဒေရေးရာအကူညီပေးသည့်အဖွဲ့နှင့် အမျိုးသမီးအရေးလှုပ်ရှားသည့် အဖွဲ့များထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အမှုပေါင်း ၃၁၀ ရှိခဲ့သည်။ အခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ အမျိုးသမီးနှင့် ကလေး သူငယ်များအပေါ် အကြမ်းဖက်မှု ၃၅၀ အထိ ရှိနေကြောင်း Legal Clinic Myanmar (ဥပဒေရေးရာကုစားရေးအဖွဲ့) ရခိုင်ပြည်ရုံးခွဲ(စစ်တွေ) မှ သိရသည်။

၄) စစ်တွေမြို့ကို အဓိကရေဖြန့်ဝေပေးနေသည့် ကန်တော်ကြီးရေကန်မှာ နွေရာသီမရောက်မီ လက်ရှိအချိန်ကတည်းကပင် ရေခမ်းခြောက်စပြုနေပြီးဖြစ်ကာ လာမည့်နွေရာသီတွင် လုံးဝရေခမ်းခြောက်နိုင်ကာ ရေအခက်အခဲဖြစ်လာနိုင်သည်။

၅) နိုဝင်ဘာလ ၂၈ ရက်နေ့က သံတွဲမြို့နယ်၊ ကညှင်ကွင်းအုပ်စု၊ ခြံကျေးရွာမှ အသက် (၁၆)နှစ်အရွယ် လူငယ်တစ်ဦးမှာ မိဘများနှင့်အတူ လယ်ကွင်းပြင်တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသည်။

၆) ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)မှာ သူနာပြုသင်တန်းကျောင်းများ ဖွင့်လှစ်သွားရန်အစီအစဉ်ရှိနေပြီး ပြည်သူ့ကျန်းမာရေးဝန်ထမ်း၊ သူနာပြုအဖြစ် တာဝန်ထမ်းဆောင်ကြဖို့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းပွဲမှာ ဦးခိုင်သုခက ဖိတ်ခေါ်လိုက်သည်။

နိုဝင်ဘာလ ၂၉ ရက်

၁) ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား နှစ်ဘက်နားလည်မှုဖြင့် အပစ်အခတ် ရပ်စဲထားသော်လည်း နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်များမှာ မိမိတို့နေရပ်သို့ မပြန်ရဲသေးဘဲ ရှိနေကြသည်။

၂) ရခိုင့်ဦးဆောင်ပါတီ AFP ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးကို နိုဝင်ဘာ ၂ ရက်နေ့က ရက္ခိုင့်တပ်တော်(AA)က ဆွေးနွေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်သည့် AA ၏ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောသည်။ AFP ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ဖမ်းဆီးခံထားရသော ဦးကျော်ဇောဦးနှင့် ဦးကျော်လွင်တို့မှာ ပြစ်မှုကျူးလွန်ခြင်းလည်း တစ်စုံတစ်ရာမရှိသည့်အတွက် ဆင်ခြင်တုံတရားဖြင် အမြန်ဆုံးပြန်လွှတ်ပေးသင့်ကြောင်း တောင်းဆိုသည်။

၃) ရခိုင်ပြည်တွင် ကုန်စည်ပြတ်တောက်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုများ မဖြစ်စေရန်အတွက် ဒေသအတွင်း စိုက်ပျိုး ထုတ်လုပ်မှုများကို ပိုမိုလုပ်ဆောင်ကြရန် လိုအပ်ကြောင်း ရက္ခိုင့်တပ်တော်(AA)နှင့် စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။

နိုဝင်ဘာလ ၃၀ ရက်

၁) ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့် ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ၊ ရာဇသတ်ကြီးဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူမှာ လေးလအတွင်း ၄၆ ဦးအထိ ရှိခဲ့သည်။ DMG မှ ကောက်ယူထားသည့်စာရင်းအရ မြန်မာစစ်တပ်ထံ ဖမ်းဆီးခံရသူများထဲတွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူမှာ ၁၇ ဦးရှိပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ-၅၀၅(က)နှင့် အမှုဖွင့်ခံရသူမှာ ၂၉ ဦးအထိရှိသည်။

၂) ရခိုင်ပြည်တွင် တိုက်ပွဲများရပ်တန့်နေသော်လည်း စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းကို ပိတ်ထားဆဲဖြစ်သဖြင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများမှာ လစာငွေမထုတ်ရသေးကြောင်း သိရသည်။ အဆိုပါလမ်းပိုင်းကို မြန်မာစစ်တပ်က နိုဝင်ဘာလ ပထမပတ်ကပင် လက်ရှိအချိန်ထိ ပိတ်ထားခြင်းဖြစ်ပြီး ထိုသို့ပိတ်ထားသဖြင့် ပုဏ္ဏားကျွန်းမြို့ရှိ ဘဏ်များတွင် ငွေကြေးပြတ်တောက်နေခြင်းဖြစ်သည်။

၃) စစ်တွေမြို့နယ်၊ ရွာသာယာရွာမှ အသက် ၂၁ အရွယ် အမြွှာညီအစ်မနှစ်ဦးအား လုပ်အားခများ ခေါင်းပုံဖြတ်ရယူ၍ တရုတ်ယောကျ်ားထံ ရောင်းစားရန် စီစဉ်ခဲ့သည့် တစ်ရွာတည်းနေ အမျိုးသမီးသုံးဦးကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်။

ဗီဒီယိုများ