လမ်းပိတ်ထားဆဲဖြစ်သောကြောင့် ပုဏ္ဏားကျွန်းမှ ဝန်ထမ်းများ လစာမရသေး

ရခိုင်ပြည်တွင် တိုက်ပွဲများရပ်တန့်နေသော်လည်း စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းကို ပိတ်ထားဆဲဖြစ်သဖြင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများမှာ လစာငွေမထုတ်ရသေးကြောင်း သိရသည်။

By Admin 30 Nov 2022

လမ်းပိတ်ထားဆဲဖြစ်သောကြောင့် ပုဏ္ဏားကျွန်းမှ ဝန်ထမ်းများ လစာမရသေး

ပုဏ္ဏားကျွန်းမြို့ကို အဝေးမှတွေ့မြင်ရစဉ်။

DMG | နိုဝင်ဘာ ၃၀

ရခိုင်ပြည်တွင် တိုက်ပွဲများရပ်တန့်နေသော်လည်း စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းကို ပိတ်ထားဆဲဖြစ်သဖြင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများမှာ လစာငွေမထုတ်ရသေးကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းကို မြန်မာစစ်တပ်က နိုဝင်ဘာလ ပထမပတ်ကပင် လက်ရှိအချိန်ထိ ပိတ်ထားခြင်းဖြစ်သည်။ ထိုသို့ပိတ်ထားသဖြင့် ပုဏ္ဏားကျွန်းမြို့ရှိ ဘဏ်များတွင် ငွေကြေးပြတ်တောက်နေသောကြောင့် လစာထုတ်၍ မရရှိခြင်းဖြစ်သည်ဟု ဝန်ထမ်းများထံမှ သိရသည်။

ယနေ့ နေ့လယ်ပိုင်းက လစာထုတ်ရန် ကျောင်းကိုသွားရောက်ခဲ့‌သော်လည်း စာရေးမထံမှတစ်ဆင့် လစာ ထုတ်မရနိုင်သေးကြောင်းပြောသဖြင့် ပြန်လှည့်လာခဲ့ရသည်ဟု အထက်တန်းပြ ဆရာမတစ်ဦးက DMG ကိုပြောသည်။

“လစာက ထုတ်မရသေးပါ။ ဘာလို့ မရတာလဲတော့ မသိပါ။ ကျောင်းစာရေးမဆီကတစ်ဆင့် ကြားရတာ ကတော့ ဘဏ်မှာ ငွေက လုံလုံလောက်လောက်မရှိဘူးလို့ ပြောသံကြားပါတယ်။ အထက်တန်းကျောင်းတွေမှာ စာရေးတွေက လစာသွားထုတ်ရပါတယ်။ သူတို့ဆီကတစ်ဆင့် ကြားတာပါ"ဟု ၎င်းကပြောသည်။

ရခိုင်ပြည်ရှိ တခြားမြို့နယ်များတွင် လစာထုတ်၍ ရနေပြီဖြစ်သော်လည်း ပုဏ္ဏားကျွန်းတစ်မြို့နယ်တည်းသာ လစာထုတ်၍မရရှိဘဲ ဖြစ်နေခြင်းဖြစ်သည်။ လက်ရှိတွင် ကုန်စျေးနှုန်းလည်း အလွန်မြင့်တက်နေသောကြောင့် မိမိတို့စားဝတ်နေရေးအတွက် လုပ်ခလစာကို အချိန်မှန်ရလိုသည်ဟု နောက်ထပ်ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးကပြောသည်။

“လစာတွေသာ မရရင် လစာကိုမှီခိုပြီး စားသောက်နေကြရတဲ့ ကျွန်မတို့လို ဝန်ထမ်းတွေအတွက် အများကြီး အခက်အခဲရှိမှာပါ။ စားဝတ်နေရေးက ပထမဆုံး အခက်အခဲဖြစ်လာမှာပါ။ တခြားဝန်ထမ်းတွေလည်း မရသေးဘူးလို့ ကြားမိပါတယ်။ အားလုံးအတွက် အခက်အခဲပါပဲ"ဟု သူကဆိုသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန်အတွက် ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်နေဆဲဖြစ်သည်။ ထို့ပြင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် နိုဝင်ဘာလ ၂၆ ရက်နေ့က အလွတ်သဘော အပစ်ရပ်စဲလိုက်ပြီးနောက် ရေလမ်းကြောင်းအများစုကို ဖွင့်ပေးလိုက်သော်လည်း ကုန်းလမ်းအချို့ကို ဖွင့်ပေးခြင်းမရှိသေးပေ။ လက်ရှိတွင် ရန်ကုန်-စစ်တွေကားလမ်းမကြီးရှိ စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်း၊ မင်းပြား-မြေပုံ၊ အငူမော်-မောင်တောကားလမ်းများကို ဖွင့်လှစ်ခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ဗီဒီယိုများ