လာမည့် ရွေးကောက်ပွဲအတွက် ရခိုင်ပါတီများ တစ်စုံတစ်ရာ ပြင်ဆင်မှုမရှိသေး

ရခိုင်ပြည်တွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေခြင်း၊ စစ်ဘေးဒုက္ခသည်များ တိုးလာနေခြင်း စသည့် ဒေသမတည်ငြိမ်မှု အခြေအနေများကြောင့် ရွေးကောက်ပွဲတစ်ခု ပြုလုပ်နိုင်ရေးအတွက် မေးခွန်းထုတ်စရာများ ဖြစ်နေသည်။

By Khin Tharaphy Oo 08 Oct 2022

ယခင် ရွေးကောက်ပွဲကာလက ANP ပါတီ မဲဆွယ်စည်းရုံးရေး မြင်ကွင်း။

DMG ၊ အောက်တိုဘာ ၈

စစ်ကောင်စီက ကျင်းပရန်စီစဉ်နေသည့် လာမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရခိုင်ပြည်က အင်အားကြီးပါတီများဖြစ်သော ရခိုင်အမျိုးသားပါတီ(ANP)နှင့် ရခိုင့်ဦးဆောင်ပါတီ(AFP)တို့အနေဖြင့် တစ်စုံတစ်ရာ ပြင်ဆင်ဆောင်ရွက်မှုများ မရှိသေးကြောင်း သက်ဆိုင်ရာ ပါတီတာဝန်ရှိသူများထံမှ သိရသည်။

လာမည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းသည် ရွေးကောက်ပွဲပြုလုပ်နိုင်သည့် အခြေအနေတွင် မရှိဟုဆိုကာ ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးခြင်းများ၊ ကြိုတင်ပြင်ဆင်ခြင်းများ တစ်စုံတရာမရှိသေးကြောင်း ဆိုသည်။

ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက “လောလောဆယ်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဆွေးနွေးတာတွေ တစ်ခုမှ မရှိသေးဘူး။ ရွေးကောက်ပွဲက အခု မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ၊ ပြဿနာတွေကို သုံးသပ်ကြည့်မယ်ဆိုရင် မဲဆန္ဒရှင် ပြည်သူတွေဟာ လုံလုံခြုံခြုံနဲ့ လွတ်လွတ်လပ်လပ် မဲပေးလို့ရနိုင်တဲ့ အခင်းအကျင်းမျိုး မမြင်သေးဘူး”ဟု သူကဆိုသည်။

ယင်းအပြင် ရခိုင်ပြည်တွင်လည်း တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေခြင်း၊ စစ်ဘေးဒုက္ခသည်များ တိုးလာနေခြင်း စသည့် ဒေသမတည်ငြိမ်မှု အခြေအနေများကြောင့် ရွေးကောက်ပွဲတစ်ခု ပြုလုပ်နိုင်ရေးအတွက် မေးခွန်းထုတ်စရာများ ဖြစ်နေသည်ဟုလည်း ဦးသာထွန်းလှကဆိုသည်။

ရခိုင့်ဦးဆောင်ပါတီ(AFP)အနေဖြင့်လည်း လက်ရှိ အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် ရွေးကောက်ပွဲဖြင့် ဖြတ်သန်းရန် လိုအပ်သော်လည်း ယခုအချိန်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ မရှိသေးကြောင်း ယင်းပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောသည်။

“ကျနော်တို့မှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တစ်ခုမှ ပြင်ဆင်ထားတာ မရှိသေးဘူး။ ပြင်ဆင်ထားဖို့ လိုအပ်တဲ့ကာလကို မရောက်သေးဘူး။ ရွေးကောက်ပွဲကို ဖြတ်သန်းမှာလား။ မဖြတ်သန်းဘူးလား မေးရင်တော့ ဖြတ်သန်းဖို့လိုအပ်တယ်လို့ သုံးသပ်တယ်။ အဲဒါကြောင့် ဖြတ်သန်းမှသာ လက်ရှိအကျပ်အတည်းကို ကျော်လွှားနိုင်မယ်လို့ ရာခိုင်နှုန်းများများ ယုံကြည်လို့ ရွေးကောက်ပွဲကို ဖြတ်ကိုဖြတ်သန်းရမယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကို မဲမသာမှုဖြင့် အနိုင်ရရှိသည်ဟု အကြောင်းပြကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။

ယင်းနောက် အာဏာသိမ်းစစ်ကောင်စီသည် လာမည့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ရွေးကောက်ပွဲပြန်လည် ကျင်းပပေးမည်ဟု ပြောဆိုလာသည်။ အာဏာသိမ်းစစ်ကောင်စီမှ ပြုလုပ်မည့် ရွေးကောက်ပွဲမှာ ၎င်းတို့၏ ထွက်ပေါက်အတွက် လမ်းစရှာခြင်းဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံ၏အခြေအနေအရ ရွေးကောက်ပွဲမှာ ဖြစ်လာနိုင်ခြေ လုံးဝမရှိဟု ရခိုင်က ပြည်သူ့လွှတ်တော်အမတ်ဟောင်းတစ်ဦးက ပြောသည်။

“ဒီ(စစ်ကောင်စီ) အစိုးရက ရွေးကောက်ခံပြီးတက်လာတဲ့ အစိုးရလည်း မဟုတ်ဘူး။ ဆိုတော့ ဒီလိုမတရား အာဏာသိမ်းထားတဲ့ အဖွဲ့အစည်းက ဆက်ပြီးတော့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် အဲဒီမှာ လူအများကို ကိုယ်စားပြုပြီး ဝင်ပါမယ့်သူတွေလည်း ရှိမှာမဟုတ်ဘူး။ တရားမဝင်အစိုးရဖြစ်တဲ့အတွက် ဝင်ရောက်ပြီးတော့ ရွေးကောက်ပွဲလည်း ဝင်နိုင်မှာမဟုတ်ဘူး။ ဝင်တယ်ဆိုရင်လည်း တရားဝင် ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူး။ နိုင်ငံတကာကလည်း အသိမှတ်ပြုမှာမဟုတ်ဘူး”ဟု သူကဆိုသည်။

အလားတူ စစ်ကောင်စီမှပြုလုပ်မည့် ရွေးကောက်ပွဲကို ရခိုင်နိုင်ငံရေးပါတီများ ဝင်ပြိုင်သည်၊ မပြိုင်သည်ဖြစ်စေ ရခိုင်ပြည်သူများမှာ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိတော့ကြောင်းနှင့် အထူးသဖြင့် ရခိုင်မှာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့သော် ULA/AA အဖွဲ့နှင့် တစ်စုံတစ်ရာ ဆွေးနွေးရမည်ဟုလည်း အဆိုပါ အမတ်ဟောင်းက ပြောသည်။

“ရခိုင်က နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲဝင်ပြိုင်သည်ဖြစ်စေ၊ မပြိုင်သည်ဖြစ်စေ ရခိုင်ပြည်မှာတော့ ရခိုင်ပြည်သူတွေက ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး။ ဒီလောက်ဒုက္ခရောက်နေတဲ့ အချိန်ကာလမှာ ရွေးကောက်ပွဲကို စိတ်ဝင်စားမှာ မဟုတ်ဘူး။ အထူးသဖြင့် ရခိုင်ပြည်မှာ (ULA/AA)အဖွဲ့ရှိတယ်။ အဲဒီအဖွဲ့ရဲ့ ခွင့်ပြုချက် တစ်စုံတစ်ရာမရဘဲ ဒီရွေးကောက်ပွဲကတော့ လုံးဝဖြစ်မှာမဟုတ်ဘူး”ဟု သူကဆိုသည်။

တစ်ဖက်တွင် စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပရန်အတွက် ရခိုင်ပြည်အတွင်းရှိ မြို့နယ်အသီးသီးတွင် အခြေခံ မဲဆန္ဒရှင်စာရင်းကို မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မဲစာရင်းများမှန်ကန်ရေး၊ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် စာရင်းမှန်ကန်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ(၁၇)မြို့နယ်တွင် ကနဦး တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်ဟု အောက်တိုဘာလ ၆ ရက်နေ့က ပြည်နယ်စစ်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်း၏ လူမှုကွန်ယက်တွင် ဖော်ပြခဲ့သည်။

စစ်ကောင်စီမှ ရွေးကောက်ပွဲကျင်းပနိုင်ရန်ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအနေအထားသည် ရွေးကောက်ပွဲကျင်းပနိုင်ရန် မလွယ်ကူကြောင်းနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ နယ်မြေဒေသတည်ငြိမ်မှုရှိရန် လိုအပ်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဦးထွန်းဝင်းကပြောသည်။

ယင်းအပြင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ မပြိုင်ခြင်း အပါအဝင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြင်ဆင်မှုများ၊ စဉ်းစားခြင်းများ တစ်စုံတစ်ရာမရှိသေးကြောင်း ၎င်းကပြောသည်။

“လက်ရှိဖြစ်နေတဲ့ ရခိုင်ပြည်အနေအထားတွေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းတွေက ရွေးကောက်ပွဲအတွက် လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ဖြစ်လာနိုင်ဖို့လည်း များများစားစား မျှော်လင့်လို့မရှိဘူး။ တချိန်တည်းမှာ ကျနော်တို့ကိုယ်တိုင် ရွေးကောက်ပွဲမှာ ပါဝင်ဖို့၊ မပါဝင်ဖို့ဆိုတာက လက်ရှိ ရွေးကောက်ပွဲကိုတောင်မှ ဖြစ်ဖို့၊မဖြစ်ဖို့ မသေချာတဲ့ ရွေးကောက်ပွဲအတွက် တစ်စုံတစ်ရာ ဒီနေ့အချိန်ထိ တစ်ခုမှ ခံစားလို့မရှိဘူး။ ဒီအချိန်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြင်ဆင်မှု၊ စဉ်းစားမှုတွေ၊ တွေးတောမှုတွေက တစ်ခုမှ ခံစားလို့မရှိသေးဘူး”ဟု ဦးဦးထွန်းဝင်းကပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများအပါအဝင် ကြားဖြတ်ရွေးကောက်ပွဲတို့တွင် အနိုင်ရအကုန်ယူ(FPTP)စနစ်ကို ကျင့်သုံးခဲ့သည်။ သို့သော် ယခုအခါ အချိုးကျကိုယ်စားပြုစနစ်(Proportional Representation–PR)ဖြင့် ရွေးကောက်ပွဲပြုလုပ်ရန် စစ်ကောင်စီက ကြိုးပမ်းနေသည်။

စစ်ကောင်စီသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် အခြေခံဖွဲ့စည်းပုံအရ အသာစီးရယူထားသည့် (၂၅)ရာခိုင်နှုန်းသာမက ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးခြင်းနှင့်အတူ အစိုးရနှင့် လွှတ်တော်ကို တပြိုင်တည်း အာဏာရယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ရှုမြင်နေကြသည်။

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝအသိအမှတ်ပြု လက်ခံမည်မဟုတ်ကြောင်းနှင့် စစ်ကောင်စီက ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်(UEC)ကို ဖျက်သိမ်းကာ အသစ်ပြန်လည်ဖွဲ့ စည်းထားခြင်းသည် တရားဝင်မှုမရှိသဖြင့် ထိုကော်မရှင်မှကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ယခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ