မြန်မာစစ်တပ်မှ အပြစ်မဲ့ရခိုင်ပြည်သူ ၂၄၀ ဦးခန့်ကို ဖမ်းဆီးထားဆဲ၊ အပစ်ရပ်ထားချိန် ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး အလားအလာကောင်းဟု AA ပြော

မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် အရပ်သားများ လွတ်မြောက်ရေးအစွမ်းကုန်ကြိုးစားသွားမည်ဟု ဦးခိုင်သုခက ပြောသည်

By Admin 28 Nov 2022

မြန်မာစစ်တပ်မှ အပြစ်မဲ့ရခိုင်ပြည်သူ ၂၄၀ ဦးခန့်ကို ဖမ်းဆီးထားဆဲ၊ အပစ်ရပ်ထားချိန် ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး အလားအလာကောင်းဟု AA ပြော

မြန်မာစစ်တပ်၏ တပ်ဖွဲ့၀◌င်တချို့အား တွေ့ရစဉ်

DMG | နိုဝင်ဘာ ၂၈

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့စစ်ရေးတင်းမာနေချိန်တွင် မြန်မာစစ်တပ်မှ အပြစ်မဲ့ ပြည်သူ ၃၂၄ ဦးကိုဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ ၈၅ ဦးကိုပြန်လွှတ်ပေးခဲ့သည်ဟု ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော် (AA)၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

မြန်မာစစ်တပ်သည် ULA/AA တပ်ဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးခြင်းအပြင် ULA/AA ဟု သံသယရှိသူများ၏ နေအိမ်များကို စီးနင်းဝင်ရောက်ရှာဖွေခြင်း၊ပြည်သူများကို ULA/AA ဟုစွပ်စွဲပြီး ဖမ်းဆီးခြင်းများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့သည်ဟု ဦးခိုင်သုခက ဆိုသည်။

“ အထူးသဖြင့် သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်းမြို့နယ်တွေမှာ ပြင်းပြင်းထန်ထန် ရှာဖွေဖမ်းဆီးခဲ့ပါတယ်။ ဒီနေ့အထိနှစ်လအတွင်း ဖမ်းဆီးခံထားရတဲ့ အပြစ်မဲ့ရခိုင်ပြည်သူပေါင်း ၃၂၄ ဦးရှိခဲ့တယ်။ အဲဒီအထဲက ၈၅ ဦးကိုပြန်လွှတ်ပေးခဲ့ပေမယ့် အပြစ်မဲ့ ပြည်သူ ၂၃၉ ဦးမှာ ဒီနေ့အထိ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်တယ်။ ဆက်လက်ပြီးတော့ ဖမ်းဆီးမှုတွေ ရှိသေးတယ်” ဟု သူကဆိုသည်။

ယင်းသို့ပြောဆိုချက်နှင့်ပတ်သက်၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။

ULA/AA အနေဖြင့် အပြစ်မဲ့ပြည်သူများ မတရားဖမ်းဆီးထိန်းသိမ်းခံရခြင်းမှ လွတ်မြောက်ရေးအတွက် အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကြိုးပမ်းလုပ်ဆောင်နေသည်ဟုလည်း ဦးခိုင်သုခက ဆိုသည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့် တပ်တော်(AA) တို့သည် ယခုလ နိုဝင်ဘာ ၂၆ ရက်နေ့မှစတင်ကာ နှစ်ဖက်နားလည်မှုဖြင့် ယာယီ အပစ်ရပ်စဲထားကြသည်။ ယင်းသို့အခြေအနေများကြောင့် ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးမှာလည်း အလားလားကောင်းသည်ဟု ဦးခိုင်သုခက ပြောသည်။

“ အခု လုပ်ထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်က ဘယ်လောက်ထိ ထိန်းသိမ်းနိုင်မှာလဲ။ ဘယ်လောက်ထိရပ်တန့်နိုင်မှာလဲ။ ဘယ်လိုသဘောတူညီချက်တွေ ရမှာလဲဆိုတာကို ရှေ့ဆက်ပြီး ကတိကဝတ်ကိုစောင့်စည်းမှုနဲ့ နှစ်ဖက်ညှိနှိုင်းမှုတွေအပေါ်မှာပဲ မူတည်လိမ့်မယ်။လက်ရှိ အပစ်အခတ်ရပ်နေတဲ့ အနေအထားဆိုရင်တော့ (ဖမ်းဆီးခံထားရတဲ့သူတွေ လွတ်မြောက်ရေး အတွက်) အလားအလာကောင်းတယ်လို့ပြောနိုင်တယ်”ဟု သူကဆိုသည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့်AA တို့နှစ်ဖက်နားလည်မှုဖြင့် အပစ်ခတ်ရပ်စဲထားကြသည့်အတွက် AA နှင့် ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်သည်ဟု ကျောက်တော်မြို့နယ် ဝပြန်ကျေးရွာမှ ဖမ်းဆီးခံထားရသည့် ကိုမောင်ထွန်းလှိုင်၏ မိသားစုဝင်တစ်ဦးက တောင်းဆိုသည်။

“ အမှန်တကယ်ဆိုရင် သူတို့က အပြစ်ရှိတဲ့သူတွေမှမဟုတ်တာ။ ဒါကြောင့် အမြန်ဆုံးလွှတ်ပေးစေချင်တယ်။ သူတို့ကို ဆက်ပြီးဖမ်းဆီးထားမယ်ဆိုရင် မိသားစုအခက်အခဲတွေရှိလာနိုင်တယ်။ သူတို့က ဆင်းရဲပင်ပန်းတယ်။ ပြောရမယ်ဆိုရင် သူတို့က လက်လုပ်လက်စားတွေပါ။ ပိုက်ဆံမရှိလို့ စက်လှေမှာအလုပ်လုပ်ဖို့လိုက်တာမှာ ဖမ်းဆီးခံရတယ်ဆိုတော့ အိမ်မှာကျန်တဲ့ဇနီးနဲ့သားသမီးတွေက အခက်အခဲရောက်နေကြပြီ။ ဒါကြောင့် အမြန်ဆုံးကို လွှတ်မြောက်လာစေချင်တယ်” ဟု သူကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ ဝပြန်ရွာမှ ကိုမောင်ထွန်းလှိုင် (၃၂)နှစ်အပါ အဝင် ကိုသန်းဌေး (၂၅)နှစ်၊ ရှမ်းရွာမှ သုံးဘီးပိုင်ရှင်တစ်ဦးနှင့် နောက်ထပ်လူငယ်(၃)ဦးတို့မှာ ခမရ(၅၃၉) စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးခံရသူများနှင့် တွေ့ခွင့်ရရှိရန်အတွက် ခမရ(၅၃၉)တပ်ရင်းသို့ သွားရောက်ခဲ့သော်လည်း တွေ့ခွင့်မရခဲ့ကြောင်း၊ လက်ရှိအချန်ထိ တွေ့ခွင့်မရသေး သည့်အတွက် စိုးရိမ်မိကြောင့် မိသားစုဝင်များကဆိုကြသည်။

ဗီဒီယိုများ