သံတောင်ကြီးမြို့နယ်တွင် လက်နက်ကြီးကျရောက်မှုကြောင့် အမျိုးသမီးတစ်ဉီးသေ၊ နှစ်ဉီး ဒဏ်ရာရ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံမိုးတောင်ကျေးရွာတွင် နိုဝင်ဘာ ၂၆ ရက်နေ့က လက်နက်ကြီး ကျည် ကျရောက်မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

By Admin 28 Nov 2022

သံတောင်ကြီးမြို့နယ်တွင် လက်နက်ကြီးကျရောက်မှုကြောင့် အမျိုးသမီးတစ်ဉီးသေ၊ နှစ်ဉီး ဒဏ်ရာရ

လက်နက်ကြီးထိမှန်မှုကြောင့် သံမိုးတောင်ကျေးရွာ အမျိုးသမီးသေဆုံးမှုနှင့် ခရစ်ယာန် ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့စဥ်။ ဓာတ်ပုံ- CJ

DMG | နိုဝင်ဘာ ၂၈

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံမိုးတောင်ကျေးရွာတွင် နိုဝင်ဘာ ၂၆ ရက်နေ့က လက်နက်ကြီး ကျည် ကျရောက်မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နံနက်ပိုင်းက ကေအန်ယူတပ်မဟာ(၂ ) နယ်မြေ သံတောင်ကြီးမြို့နယ် သံမိုးတောင် ကျေးရွာအနီး KNDO၊ KNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီ တပ်ရင်း ခမရ (၆၀၃) တို့ ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်၊ ရဟတ်ယာဥ်များ အပါအဝင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း နေအိမ်သို့လက်နက်ကြီးကျည်ကျရောက်ရာတွင် အသက်၅၀ နှစ်ဝန်းကျင် ဒေါ်မလေးသေဆုံးခဲ့ပြီး မိသားစုဝင်များဖြစ်ကြသော အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း သံမိုးတောင်ကျေးရွာသားတစ်ဦးက ပြောသည်။

“ တိုက်ပွဲဖြစ် အသံတွေကြားလို့ မကြာဘူး လက်နက်ကြီးကျည်က ဒေါ်မလေး အိမ်ထဲကို ကျတယ်။ အိမ်ထဲမှာရှိနေတဲ့ ဒေါ်မလေးကတော့ နေရာမှာပဲ သေတယ်။ အိမ်သား နှစ်ယောက်ကတော့ ဒဏ်ရာပြင်းလို့ တောင်ငူဆေးရုံကို ပို့ထားရတယ် ” ဟု ၄င်းကပြောသည်။

ထို့အပြင် လက်ရှိတွင် ဆေးရုံသို့ ပို့ဆောင်ထားရသည့် ဒေသခံနှစ်ဦးမှာ ဦးခေါင်း၌ဒဏ်ရာ ရရှိထားမှု ကြောင့် စိုးရိမ်နေရသည်ဟု မိသားစုထံက သိရသည်။

“ အခုအထိ ဒဏ်ရာရထားတဲ့ နှစ်ယောက်စလုံး တောင်ငူဆေးရုံမှာ ဆေးကုနေရတုန်းပဲ။ အခြေအနေကတော့ နည်းနည်း စိုးရိမ်ရတယ် ” ဟု ဒဏ်ရာရသူ မိသားစုဝင်တစ်ဦးက ဆိုသည်။

ထို့အပြင် အဆိုပါတိုက်ပွဲကြောင့် သံမိုးတောင်ကျေးရွာရှိ မယ်တော်မာရီယာ ကစ်သလစ် ခရစ်ယန်ဘုရားကျောင်းအတွင်းသို့ စစ်တပ်၏ လက်နက်ကြီးကျည် ထိမှန်ခဲ့မှုကြောင့် ကျောင်းဆောင်တစ်ခု ပျက်စီးခဲ့ပြီး ဝတ်ပြုသည့်နေရာအနီးတဝိုက်၌ မပေါက်ကွဲဘဲကျန်ခဲ့သည့် လက်နက်ကြီးကျည်များ ရှိနေကြောင်း မျက်မြင် ကျေးရွာသားများက ပြောသည်။

“ မယ်တော် မာရီယာ ဘုရားကျောင်းထဲကို လက်နက်ကြီး ကျည်မှန်သွားတယ်။ ဝတ်ပြုတဲ့ ကျောင်း ဆောင်ကတော့ ပျက်စီးသွားတယ်။ မယ်တော်ရင်ပြင်မှာ လက်နက်ကြီးကျည်တစ်လုံး မပေါက်ဘဲနဲ့ ကျန်နေတာ တွေ့ရပါတယ် ” ဟု မျက်မြင်တွေ့ရှိရသည့် ကျေးရွာဒေသခံ တစ်ဦးကပြောသည်။

ထိုသို့ စစ်တပ်၏ လေကြောင်းဗုံးကြဲမှုနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။

ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်နှင့် ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ တို့ ၌ စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်မှာ စစ်ယာဥ်တန်း ၇ စီးဖြင့် တောင်ငူ- သံတောင်လမ်း (၇)မိုင်မှ သံတောင်ကြီးဘက်သို့ အင်အားဖြည့်တင်းနေမှုကြောင့် ကေအန်ယူ တပ်မဟာ (၂) KNLA ၊ KNDO ပူးပေါင်းအဖွဲ့တို့အကြား စစ်ရေးတင်းမာနေသည်။

ဗီဒီယိုများ