ရခိုင်တွင် အပစ်အခတ်ရပ်စဲထားသော်လည်း ကုန်းလမ်း ၊ရေလမ်းအချို့ကို စစ်ကောင်စီ ပိတ်ထားဆဲ

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA) တို့ကြား နှစ်ဖက်အပစ်အခတ် ရပ်စဲထားသော်လည်း ကုန်လမ်း ၊ရေလမ်းအချို့ကို စစ်ကောင်စီက ပိတ်ပင်ထားဆဲဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။

By Admin 28 Nov 2022

ရခိုင်တွင် အပစ်အခတ်ရပ်စဲထားသော်လည်း ကုန်းလမ်း ၊ရေလမ်းအချို့ကို စစ်ကောင်စီ ပိတ်ထားဆဲ

နိုဝင်ဘာလ ၁၁ရက်နေ့၌ ပုဏ္ဏားကျွန်းကားလမ်းမပေါ်တွင် ပိတ်မိနေသော ရန်ကုန်-စစ်တွေကား ကြီးများ အားတွေ့ရစဉ်။

DMG | နိုဝင်ဘာ ၂၈

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA) တို့ကြား နှစ်ဖက်အပစ်အခတ် ရပ်စဲထားသော်လည်း ကုန်လမ်း ၊ရေလမ်းအချို့ကို စစ်ကောင်စီက ပိတ်ပင်ထားဆဲဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။

မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA) တို့သည် နိုဝင်ဘာလ ၂၆ ရက်နေ့မှစတင်ကာ လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်ရပ်မှုကို အလွတ်သဘောလုပ်ဆောင်ခဲ့ကြသည်။ ကုန်းလမ်း၊ရေလမ်းပိတ်ဆို့ထားမှုကြောင့် စားနပ်ရိက္ခာများပြတ်တောက်နေမှု၊ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုကြောင့် လယ်သမားများ စပါးမရိတ်သိမ်းနိုင်မှုကို ကျော်လွှားနိုင်ရန်အတွက် ထိုသို့အပစ်ရပ်စဲကြခြင်းဖြစ်သည်။

ထို့နောက် ရခိုင်ဒေသခံများမှာ ကုန်းလမ်း၊ရေလမ်းများကို ပြန်လည်ဖွင့်ပေးမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း လက်ရှိတွင် ကုန်းလမ်း၊ရေလမ်းအများစုကို ပိတ်ထားဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီအနေဖြင့် ရေလမ်းကြောင်းဖွင့်ပေးရာတွင် စစ်တွေ-ဘူးသီးတောင်နှင့် စစ်တွေ-ရသေ့တောင် ရေလမ်းကြောင်းများသာပြေးဆွဲ ခွင့်ရပြီး ပေါက်တော၊ မြောက်ဦး၊ မြေပုံ၊ မင်းပြားမြို့နယ်တို့ကို ပြေးဆွဲခွင့် မရသေးကြောင်း ရွှေပြည်တန်အမြန်ရေယာဥ်မန်နေဂျာ ဦးစံမော်သိန်းက DMGသို့ပြောသည်။

“ရသေ့တောင်၊ ဘူးသီးတောင်လမ်းကြောင်းပဲ ဖွင့်ပေးတာပါ။ ပေါက်တော-မြောက်ဦး-မင်းပြားရေလမ်းကိုတော့ ပြေးဆွဲခွင့်ပြုတာမှာ မပါသေးပါဘူး။ ကျနော်တို့ကို ရသေ့တောင်-ဘူးသီတောင် ကို ပြေးဆွဲခွင့်ပြုလို့ရပြီဆိုပြီးတော့ ရေကြောင်းဦးစီဌာနက အကြောင်းကြားလာတာပါ။ ပစ္စည်း အကန့်အသတ်တွေတော့ တစ်ခုမှ မပြောသေးပါဘူး” ဟု သူကပြောသည်။

စစ်ကောင်စီမှ ပိတ်ထားသည့်လမ်းများမှာ စစ်တွေ - ပုဏ္ဏားကျွန်း ကားလမ်း၊ မင်းပြား- မြေပုံကားလမ်း၊ စစ်တွေ -ရသေ့တောင်ကားလမ်းနှင့် စစ်တွေ -ပေါက်တော ရေလမ်း၊ စစ်တွေ -မြောက်ဦးရေလမ်း၊စစ်တွေ-မင်းပြားရေလမ်းနှင့် စစ်တွေ-မြေပုံရေလမ်းတို့ဖြစ်သည်။

ထို့ပြင် မောင်တော -အငူမော်ကားလမ်းကို စစ်ကောင်စီမှ ဖွင့်ပေးထားသော်လည်း လက်ရှိတွင် ကားသမားများမှာ ဖြတ်သန်းသွားလာခြင်း မပြုရဲသေးကြောင်း မောင်တောကားသမားတစ်ဦး က DMGသို့ပြောသည်။

“ မောင်တော - အငူမော်ကားလမ်း ဖွင့်ပြီလို့ ကြားပါတယ်။ ဒါပေမယ့် သတင်းဌာနတစ်ခုမှာ နိုဝင်ဘာ၃၀ ရက် နေ့မှ ဖွင့်မယ်လို့ ပါတာကြောင့် ကားသမားတွေလည်း မသွားရဲသေးဘူး။ ၃၀ ရက်နေ့မှ အခြေအနေကြည့်ပြီး သွားမယ်လို့တော့ ဆုံးဖြတ်ထားပါတယ်။ ခရီးသည်တွေ မရှိရင်လည်း ကားနဲ့ အခြေအနေသွားပြီး စုံစမ်းမယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟု သူကပြောသည်။

အလားတူ စစ်တွေ-ရသေ့တောင်ကားလမ်းကို ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ကပင် ပိတ်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လမ်းမဖွင့်ပေးသော်လည်း ယနေ့ (နိုဝင်ဘာလ ၂၈ရက်)နေ့တွင် ကားများမှာ သွားလာနေကြသည်ဟု စစ်တွေ-ရသေ့တောင် ပြေးဆွဲနေသည့် ကားသမားတစ်ဦးကDMGသို့ပြောသည်။

“ ကားတွေတော့ သွားနေကြပါတယ်။ လမ်းဖွင့်တယ်လို့တော့ တိတိကျကျပြောထားတာမရှိသေးဘူး။ နည်းနည်းပါးပါးတော့ သွားလာနေကြတယ်။ အရင်လို တရားဝင်ပုံစံတော့ မဟုတ်သေးဘူး။အစစ်အဆေးတွေ ခံရသေးတယ်။ ၃၀နေ့ဆိုရင် အတိအကျ လမ်းဖွင့်ပေးမယ်ထင်တယ်။ ကားသမားတွေလည်း အကုန်လုံး တိုင်ပင်ထားတယ်။ စစ်ဆေးတာကာ ခရီးသည်တွေကို မှတ်ပုံတင်စစ်တယ်။ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာတွေပါလား စစ်တယ်။ကားသမားတွေ ဆိုရင်မှတ်ပုံတင်စစ်တယ်။ မျက်နှာမသိတဲ့ ကားသမားတွေဆိုရင် ဘယ်သွားတာလဲ မေးတယ်။ မစစ်ချင်ရင်လည်း မစစ်ဘူး” ဟု သူကပြောသည်။

ပြေးဆွဲရန် ကျန်ရှိနေသေးသော ရေလမ်းကြောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်စစ်ကောင်စီ ရုံး၌ သက်ဆိုင်ရာတာဝန်ရှိသူများဆွေးနွေးမည်ဟု ပြည်နယ်စစ်ကောင်စီ၏ သတင်းများရေးသားနေသည့် ရခိုင်နေ့စဥ် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ သို့သော်လည်း ကုန်းလမ်းကြောင်းနှင့်ပတ်သက်ပြီး ဆွေး နွးရန် ရှိ၊မရှိ ဖော်ပြထားခြင်းမရှိပေ။

မည်သည့်နေ့ရက်တွင် လမ်းများပြန်လည်ဖွင့်ပေးမည်ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး သိရှိနိုင်ရန်အတွက် ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက် မြန်မာစစ်တပ်သည် ကုန်းလမ်း၊ရေလမ်းများကို ပိတ်ဆို့ ထားမှုရှိသောကြောင့် စားသောက်ပစ္စည်းများ သယ်ယူရန်အခက်အခဲများဖြစ်ပေါ်ခဲ့ကာ ပြည်သူလူထုများ အခက်အခဲတွေ့ခဲ့ရသည်။

ထို့ပြင် လက်နက်ကြီး၊လက်နက်ငယ်များပစ်ခတ်မှုကြောင့် စပါးမရိတ်သိမ်းရမှုအခြေ အနေများရှိသောကြောင့် ဒေသခံများ အဆင်ပြေစေရန်အတွက် “လူသား ချင်းစာနာမှုဆိုင်ရာ ယာယီအပစ်ရပ်စဲ” ခြင်းဟု ခေါင်းစဥ်တပ်ကာ အပစ်ရပ်စဲခဲ့ကြခြင်းဟု ရက္ခိုင့်တပ်တော်ထံမှ သိရသည်။

ဗီဒီယိုများ