စစ်ပွဲဇုန်ထဲက အိန္ဒိယစီမံကိန်း
26 Dec 2023
DMG ၊ Analysis Report
တောတောင်အထပ်ထပ် ပတ်ချာလည် ဝိုင်းရံထားသည့် မြို့နယ်တစ်ခုလုံးတွင် ရာနဲ့ချီသည့် လူငယ်များ သေနတ်လွယ်ပြီး သွားလာနေကြသည်ကို ယခုရက်ပိုင်း ပိုတွေ့လာရကြောင်း ဒေသခံများကပြောသည်။
ပလက်ဝဒေသသည် ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်။ ရခိုင်ပြည် ကျောက်တော်မြို့သို့ ကုလားတန်မြစ်အတိုင်း စုန်ဆင်းမှ ထွက်ပေါက်ရသည့် ဒေသဖြစ်သည်။
“မြို့ပေါ်ကလွဲရင် ရွာတွေမှာ AA က ကောင်လေးတွေက သေနတ်ကိုင်ပြီး သွားလာနေကြတာ။ အခုပိုပြီး ထင်ပေါ်လာတယ်။ အခုဆို ထရွန်အိုင်၊ နှုံးဘူးက စစ်သားတွေ မရှိတော့ဘူးဆိုတော့ နယ်မြေစိုးမိုးသွားတာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းကို အခြေပြု စတင်ခဲ့ရာကနေ တဖြည်းဖြည်းနှင့် အနောက်ဘက် ရခိုင်ပြည်သို့ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကူးစက်လာသည်။ ယင်းထဲက စိတ်ဝင်စားစရာ ကောင်းသည်မှာ AA ၏ တိုက်ပွဲဖော်ဆောင်မှုနှင့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုစီမံကိန်းများ ပတ်သက်နေမှုဖြစ်သည်။
လတ်တလောတွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊...