မောင်တောတိုက်ပွဲ နောက်ကွယ်

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲ ဘာကြောင့်ဖြစ်ရသလဲ။ နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ လက်နက်ကိုင်တို့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းက ဘယ်လောက်အရေးပါနေလဲ စသည့်ကိစ္စရပ်များအား မြန်မာအရေး၊ ရခိုင်အရေး၊ စစ်ရေးလေ့လာသုံးသပ်သူတို့ကို DMG က မေးမြန်းတင်ဆက်လိုက်သည်။

24 Aug 2022

DMG ၊ သြဂုတ် ၂၄

(Vox Pop)

နှစ်နှစ်ကျော်ကြာ အပြင်းအထန်ဖြစ်ပွားခဲ့သည့် ရခိုင်စစ်ပွဲသည် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် နှစ်ဘက်တပ်များ၏ Gentleman agreement ဖြင့် အပစ်အခတ်ရပ်နိုင်ခဲ့သော်လည်း ဒုတိယအကျော့အနေဖြင့် ယခုလအတွင်း သေနတ်သံများ ပိုမိုပြင်းထန်စွာကြားလာရသည်။

ယခင်က ထူးခြားစွာ တိုက်ပွဲလုံးဝမရှိခဲ့သည့် မောင်တောဒေသသည် ယခုအခါတွင် တိုက်ပွဲနေ့စဉ်ရှိလာနေပြီး နယ်စပ်ဒေသတိုက်ပွဲများမှာ စိတ်ဝင်စားစရာဖြစ်သည်။

လက်ရှိ မောင်တော့-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးတစ်လျှောက်တွင် စစ်ကောင်စီ၊ နယ်ခြားစောင်တပ်နှင့် AA တို့ နေ့စဉ်တိုက်ပွဲပြင်းထန်နေသည်။

ယင်းကြောင့် ရခိုင်မှာ တကျော့ပြန်တိုက်ပွဲ ဘာကြောင့်ဖြစ်ရသလဲ။ နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ လက်နက်ကိုင်တို့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းက ဘယ်လောက်အရေးပါနေလဲ စသည့်ကိစ္စရပ်များအား မြန်မာအရေး၊ ရခိုင်အရေး၊ စစ်ရေးလေ့လာသုံးသပ်သူတို့ကို DMG က မေးမြန်းတင်ဆက်လိုက်သည်။

ဦးဖေသန်း (ရခိုင့် ဝါရင့်နိုင်ငံရေးသမား)

မောင်တောဒေသဟာ နယ်ခြားစောင့်တွေနဲ့ စစ်တပ်အာဏာပိုင်တွေက ထိန်းချုပ်လာတာ။ နယ်စပ်ဒေသဖြစ်တဲ့အတွက် ဒီနေရာကတော့ အဓိကအရေးပါတဲ့နေရာတစ်ခုပေါ့။ အထူးသဖြင့် မွတ်ဆလင်ပြဿနာတွေလည်း ရှိတယ်။ အာဆာလည်း ရှိနေတယ်။ ဒါကြောင့် တကယ်လို့ ULA/AA က အဲဒီနေရာကို ထိန်းချုပ်နိုင်ခဲ့ရင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆက်ဆံရေးတွေ ကောင်းလာမယ်။ လမ်းပွင့်သွားမယ်ပေါ့။ ဒါကြောင့် အစိုးရ အာဏာပိုင်တွေကတော့ ဒီနေရာကို လုံးဝစွန့်လွှတ်မှာမဟုတ်ဘူး။ AA အတွက်လည်း ဒီဒေသက အရမ်းအရေးကြီးတဲ့ အချက်အချာမှာရှိနေတယ်။ ဒါကြောင့် ဒီနေရာကို အင်အားအလုံးအရင်းနဲ့ အထိုင်အချထားတယ်။ အဓိကတော့ ပလက်ဝ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ်စပ်တွေမှာ အထိုင်ချထားတာ။ ဒီဟာလည်း မဟာဗျူဟာတစ်ခုအနေနဲ့ တဖြည်းဖြည်း ဖိအားတွေနဲ့ဝါးမျိုတာဖြစ်တယ်။ အင်အားပြမယ် လှုပ်ရှားမယ်ဆိုတဲ့သဘော။ ဒါကြောင့် သတင်းစာရှင်းလင်းပွဲမှာလည်း AA ကပြောခဲ့တာရှိတယ်။ မောင်တောမှာ စစ်ကောင်စီဘက်က တပ်ဆုပ်သွားတဲ့ စခန်း ၇ နေရာတောင်ရှိတယ်လို့။ ဒါကြောင့် စစ်ရေးအရ အကျပ်ဖြစ်စဉ်တွေကိုဖန်တီးပြီးတော့ တိုးလာမယ်ဆိုတာကိုတွေ့ရတယ်။

ခေတ်အဆက်ဆက်က မောင်တောဒေသမှာ အာဏာပိုင်တွေက လာဒ်စားမှုတွေနဲ့ထိန်းချုပ်လာတာ။ မွတ်ဆလင်တွေနဲ့ပတ်သက်ပြီးတော့ တစ်နေရာကတစ်နေရာကို ပြောင်းရွှေ့တာတွေ စသည်ဖြင့် အမျိုးမျိုးနဲ့ ပိုက်ဆံတွေရခဲ့တယ်။ နောက်ပြီး မူးယစ်ဆေးဝါးနဲ့လည်း တနည်းနည်းနဲ့ဆက်စပ်နေတာကို တွေ့ရတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးလမ်းကြောင်းမှာလည်း အာဏာပိုင်တွေရဲ့ ထိပ်ပိုင်းတွေကတောင် ပါဝင်ပတ်သက်နိုင်တယ်။ ဒါကလည်း မောင်တောဒေသရဲ့ ထူးခြားချက်တစ်ခုပေါ့။ ဒါကြောင့် နှစ်ဘက်စလုံးကတော့ စစ်ရေးအနေအထားနဲ့ သူရကိုယ်ရထိန်းချုပ်ကြမှာ။ ဒါတွေကလည်း ဘယ်လောက်ထိ အောင်မြင်မလဲဆိုတာကိုတော့ စောင့်ကြည်ရဦးမယ်။

ဦးသန်းစိုးနိုင် (မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ)

ကျနော်တွေ့ရတာကတော့ အခုက AA အနေနဲ့ နယ်စပ်မြို့နယ်တွေ လှုပ်ရှားလာတယ်ဆိုတာက AA က စစ်ကောင်စီတပ်နဲ့ ရင်ဆိုင်တိုက်ခိုက်တာထက် နယ်စပ်ဒေသမှာချထားတဲ့ ကင်းစခန်းတွေကိုတိုက်တာ ပိုပြီးတော့များတာကိုတွေ့ရပါတယ်။ အဲလို တိုက်တယ်ဆိုတာကလည်း ကင်းစခန်းတွေမှာ ရဲတွေဖြစ်ပြီးတော့ လက်နက်အင်အား၊ လူအင်အားတွေ အားနည်းတာကို။ အားနည်းတဲ့အပိုင်းတွေကို သူက စပြီးတော့တိုက်ခိုက်တယ်။ လှုပ်ရှားတဲ့သဘောပေါ့။ သူတို့အတွက် အကျိုးအမြတ်ဆိုတာကတော့ နယ်စပ်ဒေသမှာ အထူးသဖြင့် မောင်တောဒေသကျတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်ရဲ့ အရေးကြီးတဲ့ကုန်သွယ်ရေးစခန်းရှိတယ်။ အဲဒီခါကျတော့ အဲဒီဒေသကို ထိန်းချုပ်နိုင်လို့ရှိရင် စစ်ရေးအကျိုးအမြတ်တွေတောင်မကဘူး စီးပွားရေးအတွက်ပါ အကျိုးရှိနိုင်တဲ့အတွက် မောင်တောစီးပွားဇုန်ကိုပါ ထိန်းချုပ်နိုင်အောင် လှုပ်ရှားတယ်လို့မြင်တယ်။ မောင်တောနယ်စပ်စခန်းဆိုတာက ကုန်သွယ်ရေး၊ စီးပွားရေးဖြစ်တဲ့ နေရာဖြစ်တယ်။ အဲဒါကြောင့် AA အနေနဲ့ အဲဒီနေရာချုပ်ကိုင်နိုင်အောင် ကြိုးစားမယ်ဆိုရင်တော့ စစ်အင်အားတွေကို အသုံးပြုတော့လုပ်နိုင်မှ ထိန်းချုပ်နိုင်မယ်လိုမြင်တယ်။

ဗိုလ်မှူးကြီး မင်းထွန်း ၊ ရခိုင်အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော်(ANC/AA)

မောင်တောဒေသလို့ပြောလို့ရှိရင် ယခင်မေယုခရိုင်ဖြစ်ခဲ့တဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နယ်တခွင်လုံးကို ပြောရမယ်။ ဒါနဲ့ ဘူးသီးတောင်ဘက်ကဆက်စပ်နေတဲ့ စိုင်းတင်၊ ပလက်ဝလမ်းကြောင်း၊ နတ်မြစ်ကိုကျော်တဲ့ မောင်တော-ဘင်္ဂလားဒေ့ရှ်လမ်းကြောင်းတွေပါ ပါမယ်ပေါ့လေ။ ဒါကြောင့် ဒီဒေသတွေကို စိုးမိုးနိုင်တဲ့သူတွေကတော့ စစ်ရေးအရ ထိုးဖောက်နိုင်တဲ့လမ်းကြောင်းတွေကို ရရှိမှာဖြစ်တယ်။ နောက်ပြီးတော့ ဘင်္ဂလားနဲ့ ကူးသန်းရောင်းဝယ်ရေး နယ်စပ်စိုးမိုးရေး၊ ဝင်ထွက်သွားလာရေး စတဲ့အားသာချက်တွေ အများကြီးရှိမယ်ပေါ့။ မောင်တောဒေသမှာ အခုဖြစ်နေတဲ့ စစ်ရေးအခြေအနေကတော့ နှစ်ဘက်အားသာချက်၊ အားနည်းချက်ကို ခန့်မှန်းလို့ပြောရမယ်ဆိုရင် နည်းနည်းတော့ ခက်မယ်ပေါ့။

စစ်ရေးဆိုတော့ ကာယကံရှင်တွေကပဲ ပိုသိမှာပါ။ ဒါပေမယ့် နိုင်ငံရေး၊ လူမှုစီးပွားရေးကြောင့်အရ သုံးသပ်ရမယ်ဆိုရင် အခုအချိန်မှာတော့ ဗမာလက်နက်ကိုင်စစ်အုပ်စုကို တိုက်ခိုက်နေတဲ့အဖွဲ့အစည်းတိုင်းက လူထုထောက်ခံမှုရရှိမှာဖြစ်တယ်။ ဒီနေ့အချိန်မှာတော့ ဒေသခံလူထုရဲ့ထောက်ခံမှုအပြင် ဗမာတပြည်လုံးက လူထုအသိုင်းအဝိုင်းကပါ ထောက်ခံမှုရမှာဖြစ်တယ်။ နောက်ပြီးတော့ အရင်တုန်းကလည်း ရခိုင်နဲ့ မွတ်ဆလင်ကြားမှာ အုပ်ချုပ်သူလူတန်းစားတွေ၊ အထူးသဖြင့် စစ်အုပ်စုတွေကဖဲ့ပြီး နိုင်ငံရေးကစားလို့ရတယ်။ အခုချိန်မှာတော့ အဲဒီလိုခွဲထုတ်ကစားလို့ မရတော့ဘူး။ ရခိုင်နဲ့ မွတ်ဆလင် လူမှုအသိုင်းအဝိုင်းကြားမှာ တစုံတရာ နားလည်မှုတွေရှိလာကြတယ်။ ဆိုတော့ အခုအချိန်မှာ မောင်တောနယ်စပ်မှာ စစ်တပ်က စစ်မျက်နှာတစ်ခုဖွင့်လာရင် သူတို့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရပါ အရှုံးပိုများနိုင်တယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့(စစ်ကောင်စီ)အနေနဲ့ ဗမာပြည်သူလူထုရဲ့ ထောက်ခံမှုကိုလည်း မရ၊ အားပေးကူညီမှုကိုလည်း ရမှာမဟုတ်ဘူး။ ပြည်သူလူထုရဲ့ ယုံကြည်မှု ပျက်နေတာလို့ပြောနိုင်တယ်။

ဦးမောင်အုန်း (လွှတ်တော်အမတ်ဟောင်း- မောင်တောမြို့နယ်)

အခုက လမ်းတွေပိတ်ထားတဲ့အတွက် ကုန်စည်စီးဆင်းမှု မရှိဘူး။ ဆိုတော့ အဲဒါကလည်း တိုက်ပွဲဆက်တိုက်ဖို့ အခြေအနေ တရပ်ဖြစ်တယ်။ ဒေသခံတွေကတော့ စားဝတ်နေရေး၊ ကျန်းမာရေး ခက်ခဲစေတယ်။ ဒါကြောင့် မောင်တောဒေသဟာ ဆက်လက်စစ်ရေးပြင်းထန်ရင် ပိုပြီးဆိုးဝါးစေမယ်။ အခုက မောင်တောမှာ ဒေသခံတွေကို ဖမ်းဆီးမှုတွေရှိနေတယ်။ ဒီလို ဖမ်းဆီးမှုတွေများလာရင် တိုက်ပွဲကပိုပြီးဖြစ်စေမယ်။ ဥပမာ- ကျေးရွာတရွာအနားမှာ တိုက်ပွဲဖြစ်ခဲ့ရင် ရွာအုပ်ချုပ်ရေးမှူးကအစ လူငယ်တွေကို မျက်စိကျလာတယ်။ လိုက်ဖမ်း စစ်ဆေးရေးတွေလုပ်တယ်လေ။ ဆိုတော့ AA ကလည်း ဒါတွေကိုကြည့်နေမှာ မဟုတ်ဘူး။ ဒါကြောင့် မောင်တောကတော့ တိုက်ပွဲဖြစ်လာဖို့ အခြေအနေ အများဆုံးဖြစ်နေတယ်။ မောင်တောမြောက်ပိုင်း ကြိမ်ချောင်းလမ်း၊ ကျီးကန်းပြင်လမ်း၊ မောင်တောတောင်ပိုင်း အငူမော်လမ်းတွေကိုလည်း ပိတ်ထားတယ်။ ဘူးသီးတောင်-မောင်တောလမ်းကလည်း အဆင်မပြေတော့ဘူး။ ဆိုတော့ မောင်တောမှာတော့ ခြုံငုံကြည့်လိုက်ရင် ULA/AA က အုပ်စိုးထားတာတွေ တွေ့ရတယ်။ မြောက်ပိုင်းက တပ်စခန်းကအချို့ ဆုတ်ခွာသွားရတာကိုကြည့်ရင်လည်း ကျဉ်းကျပ်လာတယ်။ နယ်ခြားစောင့်ဘက်ကတချို့က ထွက်ပြေးသွားတာရှိတယ်။ အဓိကတော့ ဆုတ်သင့်လို့ ဆုတ်ခွာပေးလိုက်တာလို့ပြောရမယ်။ ဆိုလိုတာကတော့ ကြိမ်ချောင်းအထက်ပိုင်းနယ်မြေမှာတော့ AA ကဘဲ ထိန်းချုပ်ထားသလို ဖြစ်နေတာ။

ဦးရဲထွန်း (ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း)

တကျော့ပြန်စစ်ပွဲ မောင်တောဒေသမှာ ဘာကြောင့်ရွေးပြီးဖြစ်တာလဲဆိုတာကတော့ ဒေသခံတွေကဘဲ ပိုသိမှာပေါ့။ ကျနော်တို့ကအဝေးကဆိုတော့ အသေးစိတ်ပြောရခက်တယ်ပေါ့နော်။ ဒါပေမယ့်လည်း မှန်းပြီးကြည့်ရရင်တော့ အဲဒီနေရာမှာက မွတ်ဆလင် ဒုက္ခသည်တွေရှိမယ်။ ARSA တို့လည်းရှိမယ်။ ဆိုတော့ ဒီပြဿနာတွေနဲ့ နောင်မှာ အခုဆိုရင်ဒုက္ခသည်တွေ ပြန်လာရေး ဆွေးနွေးနေတာရှိတယ်။ ဒါကြောင့်လည်း ဖြစ်နိုင်သလို နယ်စပ်မှာလှုပ်ရှားတဲ့ မူးယစ်ဆေးဝါးအရောင်းအဝယ်ဈေးကွက်တို့ ဒါမှမဟုတ်ရင် နယ်စပ်စီးပွားရေးလမ်းကြောင်း ဝင်ငွေလိုချင်လို့လား။ ဒါမှမဟုတ် တဘက်နိုင်ငံနဲ့ နယ်ချင်းစပ်နေတဲ့ အခါကျတော့ တခြားထောက်ပံ့ရေးကိစ္စတွေလည်း ရှိနိုင်တယ်ပေါ့။ ကျနော်တို့ (ရှမ်းပြည်)ဒီဘက်မှာဆိုလို့ရှိရင်လည်း နယ်စပ်ဒေသကို လက်နက်ကိုင်အဖွဲ့တွေက လုကြတာပေါ့။ လက်နက်ကိုင်တွေကတော့ လုကြတဲ့သဘောလည်းဖြစ်တယ်လေ။ နယ်စပ်ကို ထိန်းချုပ်ထားနိုင်ရင်တော့ စီးပွားရေးအရရော စစ်ရေးအင်အားထောက်ပံ့မှုကိစ္စရော အဆင်ပြေတာပေါ့ဗျာ။ ဆိုတော့ AA က ဒါတွေကိုလိုချင်နေတယ်ဆိုရင် စစ်တပ်ကလည်း ပိတ်ဆို့ ဟန့်တားမှာပေါ့။ ဒါကြောင့်ဖြစ်ကြတာလို့ ပြောရမယ်။

ဗီဒီယိုများ