ရခိုင်ပြည်တပ်မတော် ANC/AA ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းနှင့် ဆက်သွယ်မေးမြန်းချက်

“ငါ့အဖွဲ့အစည်းမှ ရှင်သန်ရမယ်။ သူ့အဖွဲ့အစည်း မရှင်သန်ရ ဆိုတာကတော့ ကျနော်တို့ထဲမှာ မရှိသင့်တဲ့ သဘောတရားလို့ထင်တယ်”

16 Aug 2022


DMG ၊ သြဂုတ် ၁၆

ရခိုင်ပြည်တွင် ဒေသကိုယ်စားပြု တော်လှန်ရေးတပ်များအနေဖြင့် ရက္ခိုင့်တပ်တော်(ULA/AA)၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)နှင့် ရခိုင်ပြည်တပ်မတော်(ANC/AA)တို့ ရှိကြသည်။ သို့သော်လည်း ရက္ခိုင့်တပ်တော်(AA)မှလွဲ၍ အခြားသောလက်နက်ကိုင်တပ်များ မလိုအပ်ကြောင်း သြဂုတ်လ ၁၁ ရက်နေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် (ULA/AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောဆိုခဲ့သည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့ကြားတွင် အပြန်အလှန် ဖမ်းဆီးခြင်းများရှိနေပြီး နှစ်ဘက်သဘောထား တင်းမာမှုများရှိနေသည်။

ထိုသို့ AA က ပြောဆိုချက်များနှင့် ရခိုင်တော်လှန်ရေးလက်နက်ကိုင်အချင်းချင်း တင်းမာမှုအခြေအနေများနှင့်ပတ်သက်၍ သဘောထားအမြင်များကို ရခိုင်ပြည်တပ်မတော်(ANC/AA)မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်းအား DMG မှ ဆက်သွယ်မေးမြန်းထားသည်။

DMG- ရခိုင်မှာ ရခိုင်တစ်မျိုးသားလုံးက ထောက်ခံထားတဲ့ ရက္ခိုင့်တပ်တော်(AA)ကလွဲလို့ နောက်ထပ်တပ်တွေ မလိုအပ်ဘူးလို့ AA ကပြောဆိုတဲ့အပေါ်မှာ ဘယ်လိုမြင်မိပါလဲ။

MT- အဲဒါက သူတို့ခေါင်းထဲမှာရှိတဲ့၊ သူတို့ရင်ထဲမှာရှိတဲ့ စကားကို သူတို့ပြောသွားတာဖြစ်တယ်။ ကျနော်တို့ အမြင်ကိုပြောရမယ်ဆိုရင်တော့ ရခိုင်ပြည်မှာ၊ ရခိုင်တော်လှန်ရေးထဲမှာ အမျိုးသားပါတီတစ်ရပ်တည်းသာ ရှိရမယ်။ အမျိုးသားတပ်မတော်တစ်ရပ်တည်းသာ ရှိရမယ်ဆိုတာက ရခိုင်တော်လှန်ရေးပါတီအဖွဲ့အစည်းတိုင်းရဲ့ မူဖြစ်တယ်။ သို့သော် ငါ့ပါတီမှရှိရမယ်။သူ့ပါတီ မရှိရ။ ငါ့အဖွဲ့အစည်းမှ ရှင်သန်ရမယ်။ သူ့အဖွဲ့အစည်း မရှင်သန်ရဆိုတာကတော့ ကျနော်တို့ထဲမှာ မရှိသင့်တဲ့သဘောတရားလို့ထင်တယ်။

DMG- ရက္ခိုင့်တပ်တော်(AA)အနေနဲ့ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ရခိုင်ဒေသအတွက် ကိုယ်စားပြုတော်လှန်ရေးအင်အားစုတွေကို စုစည်းဖို့ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ ပြောဆိုထားတာလည်းရှိပါတယ်။ ဒီအပေါ်မှာကော ဘာများပြောချင်ပါသလဲ။

MT- ULA/AA က ပြောတာတော့ရှိတယ်ပေါ့။ သူတို့က ၂၀၁၅ ထိ တွေ့ဆုံဆွေးနွေးညှိနှိုင်းဖို့ ကြိုးစားခဲ့တယ်။ မပြေလည်ခဲ့ဘူးပေါ့။ ALP နဲ့ ဘယ်လိုဆွေးနွေးလည်းတော့ မသိဘူး။ဒါပေမယ့် ကျနော်တို့သိသလောက်ဆိုရင် ALP နဲ့ စနစ်တကျအလုပ်အဖွဲ့တွေဖွဲ့ပြီးတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပေါင်းစည်းကြတော့မယ်ဆိုပြီး မူတွေ၊ လမ်းစဉ်တွေချပြီး ဆွေးနွေးခဲ့ကြတယ်လို့ ကျနော်တို့မကြားမိဘူး။ တစ်ဖက်နဲ့တစ်ဖက် ပေါင်းစည်းချင်စိတ်ရှိတယ်ဆိုတာကို ဆန္ဒပြုကြတယ်လို့ကြားမိခဲ့တယ်။

ကျနော်တို့အနေနဲ့ဆိုရင်လည်း ပေါင်းစည်းဖို့အတွက် ဆွေးနွေးခဲ့တယ်လို့ မရှိဘူး။ ကျနော်တို့သိရသလောက်ဆိုရင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)မှာ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေက နှစ်ဖွဲ့ပေါင်းစည်းကြပါလို့ တိုက်တွန်းတဲ့အခါမှာ ANC ဘက်က မူဝါဒညှိနှိုင်းမယ်။ ပြီးရင် နိုင်ငံရေးအရ ပေါင်းစည်းမယ်။

နောက်စစ်ရေးအရ ပေါင်းစည်းမယ်ဆိုပြီး လုပ်ငန်းသုံးရပ်ကို တင်ပြတယ်။ ULA /AA ရဲ့ သဘောထားက အဲဒီလိုပေါင်းစည်းဖို့တော့ မရှိဘူး။ တကယ်လို့ တစ်ဖွဲ့တည်းဖြစ်ချင်ရင် ကျန်တဲ့တစ်ဖက်တစ်ဖွဲ့ကိုဖျက်လိုက်ဆိုတဲ့ သဘောထားကိုရတယ်။ သဘောထားရတယ်ဆိုတာက သူတို့က ကျနော်တို့ကို တရားဝင်မပြောဘူး။ မဟာမိတ်အဖွဲ့တွေကို ပြောတဲ့စကားကို ကျနော်တို့တစ်ဆင့်ကြားရတယ်။

ဆိုတော့ အဲဒီလိုမျိုးသဘောထားက ကျနော်တို့ နိုင်ငံရေး၊ တော်လှန်ရေးတစ်ခုမှာ လုပ်နည်းလုပ်ဟန် မမှန်လို့ထင်တယ်။ဘာကြောင့်လဲဆိုရင် နိုင်ငံရေး၊ တော်လှန်ရေးဆိုတာဟာ အတွေးအခေါ်ပြောင်းလဲရေးကို အခြေခံတယ်။ သဘောတရားပြုပြင်ပြောင်းလဲရေးကို အခြေခံတယ်။ အဲဒီကတစ်ဆင့် အလုပ်အားဖြင့် ပြောင်းလဲရေး၊ စနစ်အားဖြင့်ပြောင်းလဲရေးကို အဓိကဖြစ်တယ်။ ပါတီတစ်ခုနဲ့တစ်ခု ပေါင်းစည်းညှိနှိုင်းတယ်ဆိုတာဟာ ကုမ္ပဏီကြီးတစ်ခုက ကုမ္ပဏီငယ်လေးတစ်ခုကို ဝယ်လိုက်တဲ့သဘောမျိုးမဟုတ်ဘူး။ အင်အားကြီးတဲ့ ဂိုဏ်းတစ်ဂိုဏ်းက အင်အားငယ်တဲ့ဂိုဏ်းကို ဝါးမျိုလိုက်တဲ့ဟာမျိုး မဟုတ်ဘူး။ နိုင်ငံရေးအရ၊ တော်လှန်ရေးအရ တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်တယ်။ ULA/AA ရဲ့ သမိုင်းဖြစ်သလို ANC/AA ရဲ့ သမိုင်းလည်း ဖြစ်တယ်။ တစ်မျိုးသားလုံးရဲ့ သမိုင်းလည်းဖြစ်တယ်။ ဆိုတော့ နိုင်ငံရေးရေရှိန်မြင့်မြင့်နဲ့ အတွေးအခေါ်မြင့်မြင့်နဲ့ လုပ်ကိုင်နေတာမျိုးကို ကျနော်တို့အနေနဲ့လိုချင်တယ်။ အတွေးအခေါ်အရ ညှိနှိုင်းလို့ပေါင်းစည်းတယ်ဆိုရင် နှစ်ဖက်စလုံးဂုဏ်သရေရှိ၊ တစ်မျိုးသားလုံးအတွက် ဂုဏ်သရေရှိ ပေါင်းစည်းရေးကိုတော့ ကျနော်တို့အနေနဲ့ မျှော်လင့်ခဲ့ဖူးတယ်။ ဒါပေမယ့် ဒီနေ့အချိန်မှာ ULA/AA ဘက်က ဒီလိုပြောလာတော့ သူတို့ရဲ့သဘောထားက ပိုပြီးထင်ရှားလာတဲ့သဘောဖြစ်တယ်။ အဲဒီအတွက်ကြောင့်  စိတ်မကောင်းဘူး။

DMG- လက်ရှိရခိုင်မှာ ရက္ခိုင့်တပ်တော်(ULA/AA)နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)တို့ အပြန်အလှန်ဖမ်းဆီးမှုတွေနဲ့အတူ တင်းမာမှုတွေဖြစ်နေတဲ့အပေါ်မှာကော ဘယ်လိုမြင်ပါလဲ။

MT- အခု ALP နဲ့ ULA ကြားမှာဖြစ်တာလည်း ကျနော်တို့ အနေနဲ့လည်း စိတ်မကောင်းဘူး။ ပျော်စရာ တစ်စက်မှမရှိဘူး။ ALP ပဲ ကျဆုံးဆုံး၊ ULA ပဲ ကျဆုံးဆုံး။ ALP ပဲနစ်နာနာ၊ ULA ပဲနစ်နာနာ ကျနော်တို့အတွက် နစ်နာတာပဲဖြစ်တယ်။ ရခိုင်ပြည်သူတွေအတွက်ပဲ နစ်နာတာဖြစ်တယ်။ ရန်သူအတွက် အားရစရာ ကိစ္စရပ်ဖြစ်တယ်။ ကျနော်တို့ အသိတရားရှေ့ထားပြီးအမြန်ဆုံးရှောင်ကြည်နိုင်ကြဖို့ ဆင်ခြင်နိုင်ဖို့ ဆန္ဒပြုတယ်။

DMG- ရခိုင်တော်လှန်ရေးအဖွဲ့တွေ ပေါင်းစည်းရေးအတွက် ANC/AA ရဲ့ ခံယူချက်ကိုသိပါရစေ။

MT- ကျနော်တို့ကတော့ ကြိုးလည်းကြိုးပမ်းခဲ့တယ်။ ကြိုးလည်းကြိုးပမ်းနေတယ်။ ကြိုးပမ်းနေတယ်ဆိုပေမယ့် ပေါင်းစည်းရေးဆိုတာက လူနှစ်ယောက်ပဲပေါင်းစည်းစည်း၊ တစ်ဖက်က ပေါင်းစည်းချင်ပြီး နောက်တစ်ဖက်က ပေါင်းစည်းချင်စိတ်မရှိရင် မဖြစ်နိုင်တဲ့ကိစ္စမျိုးဖြစ်တယ်။ ကြိုးစားမှုက ကျနော်တို့ကတော့ အချိန်တိုင်းရှိနေတာ ဖြစ်တယ်။ ဒါပေမယ့် ကြိုးစားပုံချင်းကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးပေါ့။ ကျနော်တို့ စဉ်းစားချက်ကတော့ အလုပ်အားဖြင့်ညီညွတ်ဖို့ဆိုရင် အတွေးအခေါ်အားဖြင့် ညီညွတ်မှုအပေါ်မှာ အခြေခံတယ်။ သဘောတရားဖြင့် ညီညွတ်မှုအပေါ်မှာ အခြေခံတယ်။ အဲဒါကြောင့် အလုပ်အားဖြင့်ညီညွတ်မှုကိုလိုချင်ရင် သဘောတရားအရ ညီညွတ်အောင်တည်ဆောက်ရမယ်။ ညှိနှိုင်းရမယ်။ ဆွေးနွေးရမယ်ဆိုတဲ့အခြေအနေပေါ်မှာ မူတည်တယ်။ အဲဒါက ကျနော်တို့ရဲ့ သဘောထားဖြစ်တယ်။ ညီညွတ်ရေးကိုတော့ အကုန်လုံးလိုလားတယ်။ ညီညွတ်ရေးကိုလိုလားတာမှာ ချဉ်းကပ်ပုံမှန်ကန်ဖို့တော့ လိုအပ်တယ်။ငါကလွဲရင် တခြားအဖွဲ့အစည်းလည်း မရှိရ။ တစ်ဖွဲ့လည်းရှိတာကို မလိုလားဆိုတာက အပြုသဘောဆောင်တဲ့ချဉ်းကပ်မှု မဟုတ်လို့မြင်တယ်။

DMG- ရခိုင်တော်လှန်ရေးလက်နက်ကိုင်တွေ ပေါင်းစည်းဖို့ အခက်အခဲဖြစ်နေတာ ဘာကြောင့်လဲ။

MT- ULA ကတော့ ကွန်ဖက်ဒရယ်ရှင်းကို ပြောတယ်။ ALP ကတော့ လွတ်လပ်ရေးမှတပါး အခြားမရှိဘူးလို့ပြောတယ်။ ကျနော်တို့ကတော့ အမျိုးသားတန်းတူရေးနဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးရေးဆိုတဲ့စကားကိုပြောတယ်။ ဆိုတော့ အဲဒီစကားတွေ ဝေါဟာရအားဖြင့် ဘယ်လောက်ပဲကွဲနေကွဲနေ ကျနော်တို့ရဲ့အခြေခံရပ်တည်ချက်ကတော့ အတူတူဖြစ်တယ်။ မျှော်မှန်းချက်ကလည်း အနည်းနဲ့အများဆိုသလို အတူတူဖြစ်တယ်လို့ ယုံကြည်တယ်။ ကျနော်တို့ကြားထဲမှာ တူတာရှိသလို မတူကွဲပြားတာတွေလည်း နည်းနည်းပါးပါးရှိမယ်။ မတူကွဲပြားတာတွေဖြစ်လာတယ်ဆိုတာက ကျနော်တို့ဟာ ကိုယ့်အဖွဲ့အစည်းရဲ့ မူတွေ၊ လမ်းစဉ်တွေကိုလုပ်လာရတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် အလှမ်းဝေးကြရင် မသိမသာကွဲပြားတာတွေရှိမယ်။ ဆိုတော့ ကျနော်တို့ဟာ မတူတာကိုခွဲပြီးလုပ်ကြမယ်။ တူတာကို တွဲပြီးလုပ်ကြမယ်။ ညှိနှိုင်းပြီးလုပ်ကြမယ်ဆိုရင် မရနိုင်စရာအကြောင်းရှိလားပေါ့။ ကျနော်တို့ သဘောတရားက ညီညွတ်ရေးဖြစ်စေချင်ရင်တော့ ညီညွတ်ရေးစကားကိုပြောရမယ်။ ညီညွတ်ရေးအလုပ်ကို လုပ်ရမယ်။ အုန်းသီးစားချင်ပြီးတော့ ထန်းပင်တက်လို့တော့ မရဘူးပေါ့။

DMG- ရခိုင်တော်လှန်ရေးအဖွဲ့တွေအားလုံး ညီညွတ်ဖို့နဲ့ ပေါင်းစည်းနိုင်ဖို့အတွက် ဘာတွေလုပ်ဆောင်သင့်လဲ။

MT- ကျနော်တို့ ဘယ်လိုလုပ်သင့်လဲလို့ပြောမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ထိတွေ့နိုင်ဖို့ အများကြီးကြိုးစားတယ်။ အားလုံးပါဝင်နိုင်တဲ့ သဘောထားပေးနိုင်တဲ့ အမျိုးသားအဆင့်နိုင်ငံရေးတွေကို ရေးဆွဲကြမယ်ဆိုပြီးတော့ လုပ်ခဲ့တယ်။ အဓိကပါဝင်မှုအားနည်းတာက ULA/AA ကတော့ လုံးဝနီးပါးအားနည်းတယ်။ ALP ကတော့ တစ်စိတ်တစ်ပိုင်းပါဝင်တယ်လို့ ပြောလို့ရတယ်။

ဆိုတော့ အဲဒီလိုအခင်းအကျင်းမျိုးတွေရှိရဲ့သားနဲ့ ဘာလို့မပါဝင်ကြတာလည်းပေ့ါ။ အဲဒီလိုအခင်းအကျင်းမျိုးကို ULA/AA က လုပ်မယ်ဆိုရင်လည်း ကျနော်တို့အနေနဲ့ ပါဝင်ဆင်နွှဲဖို့ အဆင်သင့်ရှိတယ်။ ALP ကလုပ်မယ်ဆိုရင်လည်း အဆင်သင့်ရှိတယ်။တိုက်ရိုက်တိုက်တွန်းခဲ့တာလည်း ရှိတယ်။ ဆိုတော့ ကျနော်တို့ ပါတီအဖွဲ့အစည်းတွေဟာ ညီညွတ်ရေးကိုဆောင်ရွက်ရာမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဖြစ်နေတယ်။ ငါတို့ဟာ ဖြစ်နိုင်မလားဆိုတဲ့ ယုံကြည်မှုမရှိဖြစ်တယ်။ ဖြစ်နိုင်မှုမရှိဆိုတဲ့စိတ်နဲ့ ချဉ်းကပ်တယ်။ ကျနော်တို့ကတော့ အဲဒီလိုပုံစံမျိုးနဲ့မချဉ်းကပ်စေချင်ဘူး။ ကျနော်တို့ဟာ တစ်ယောက်ကိုတစ်ယောက် အပြုသဘောဆောင်ပြီး ရင်းနှီးခင်မင်တဲ့ဆွေးနွေးမှုတွေရှိရမယ်။ တစ်ယောက်ကို တစ်ယောက် ကိုယ်သာစေ၊ သူနာစေမဟုတ်ဘဲ ဝေဖန်မှုတွေရှိရမယ်။ တစ်ယောက်ကပြောတာကို တစ်ယောက်သုံးသပ်ပြီးတော့ ဓမ္မဓိဌာန်ကျကျ လက်ခံနိုင်တဲ့အတွေးအခေါ်သစ်တွေရှိရမယ်။ အဲဒီလိုမှသာ ကျနော်တို့ဟာ ညီညွတ်ရေးလမ်းကိုလျှောက်လှမ်းနိုင်မယ်လို့မြင်တယ်။

DMG- အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဗီဒီယိုများ