တစ်နေ့ ၈ နာရီ ပြတ်တောက်သည့် လျှပ်စစ်မီးနှင့် ပြည်သူများ၏ ဒုက္ခ(Vox Pop)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်အတွင်းတွင် လျှပ်စစ်မီးပြတ်တောက်မှုများ မကြာခဏဖြစ်လာကာ ယခုနိုဝင်ဘာလမှစ၍ လျှပ်စစ်မီးမှာ တစ်နေ့လျှင် ၂ ကြိမ် ပြတ်တောက်ကာ တစ်ကြိမ်ပြတ်လျှင် ၄ နာရီ ကြာမြင့်သည်။

By Admin 25 Nov 2022

တစ်နေ့ ၈ နာရီ ပြတ်တောက်သည့် လျှပ်စစ်မီးနှင့် ပြည်သူများ၏ ဒုက္ခ(Vox Pop)

DMG ၊ နိုဝင်ဘာ ၂၅

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်အတွင်းတွင် လျှပ်စစ်မီးပြတ်တောက်မှုများ မကြာခဏဖြစ်လာကာ ယခုနိုဝင်ဘာလမှစ၍ လျှပ်စစ်မီးမှာ တစ်နေ့လျှင် ၂ ကြိမ် ပြတ်တောက်ကာ တစ်ကြိမ်ပြတ်လျှင် ၄ နာရီ ကြာမြင့်သည်။

လျှပ်စစ်မီးကိုအသုံးပြုကာ နေ့စဉ်အလုပ်များကို လုပ်ကိုင်နေကြသည့် ယနေ့ခေတ်တွင် ထို့သို့လျှပ်စစ်မီး တစ်နေ့ ၈ နာရီကြာ ပြတ်တောက်နေခြင်းကြောင့် ပြည်သူများ မည်ကဲ့သို့ ကြုံတွေ့နေကြရသလဲ။ ရခိုင်ဒေသခံအချို့ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အမြင်များကို DMG မှ စုစည်းတင်ပြထားသည်။

ဦးအောင်ကျော်ညွန့်၊ ပန်းပျိုးလက် ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ

မီးဆိုတာက အကျိုးရှိစွာသုံးဖို့လိုတဲ့အတွက် အရေးကြီးတဲ့အချိန်တွေမှာ စနစ်တကျ လာဖို့လိုအပ်တယ်။ ဘာလို့ဆို ဥပမာ- ကျောင်းသားတွေက ည ၇ နာရီ စာဖတ်ဖို့လုပ်နေပြီ။ မီးသေသွားတယ်။ လုံးဝ အလုပ်မဖြစ်တော့တဲ့ပုံစံ ဖြစ်သွားတယ်။ ကျောင်းသားတွေလည်း စိတ်ဓာတ်တွေပျက်တယ်။ ဆရာတွေလည်း စိတ်ဓာတ်တွေ ပျက်သွားတယ်။ စီမံအုပ်ချုပ်မှုတွေလည်း တလွဲဖြစ်သွားတယ်။ ကျောင်းသားတွေ အိပ်ဖို့လုပ်တဲ့အချိန် ည ၁၁ နာရီဆိုတော့ မီးလာပြန်တယ်။ ဆိုတော့ စာဖတ်ရဖို့လည်းအခက်၊ ဆက်လို့လုပ်ရဖို့ကလည်း အခက်။ ဟိုမကျ ဒီမကျတွေ ဖြစ်တယ်။

အိပ်နေတဲ့အချိန်မှာမှ မီးလာတယ်ဆိုတာက ဒီလောက်မီးမရှိတဲ့နေရာမှာ မီးကို စနစ်တကျ မလုပ်တတ်ဘူး။ ဒီဟာက အလွန်နစ်နာတယ်။ ကျောင်းသားတွေ အလုပ်မလုပ်ကြရဘူး။ အလုပ်လုပ်ရမဲ့အချိန်တွေကို ချိန်းပေးနိုင်ပါလျက်နဲ့ မလုပ်ပေးနိုင်ကြဘူး။ ပညာရေးကို အလေးထားဖို့ လိုအပ်တယ်လို့မြင်တယ်။ ပညာ‌ရေးကို အလေးမထားရင် ဒီလူငယ်တွေက လူကြီးဖြစ်လာတဲ့တစ်နေ့ ဒီလိုအစဉ်အလာတွေကို လက်ဆင့်ကမ်းလို့ သယ်ယူလာသလိုဖြစ်သွားမယ်။ မီးကိုအချိန်နဲ့ပေးရင်တောင် ကျောင်းသားတွေ စာဖတ်ချိန်တွေကို ဦးစားပေးသင့်တယ်။ ညည့်အချိန်ထွန်းထားလို့ ဘာမှအဓိပ္ပာယ်မရှိဘူး။ ဆရာတွေရဲ့ ရှု့ထောင့်၊ ကျောင်းသားတွေရဲ့ ရှု့ထောင်ဘက်ကကြည့်ရင် မီးမလိုအပ်တဲ့အချိန်မှာလာပြီး တကယ့်လိုအပ်တဲ့အချိန်တွေမှာ မလာတာက စိတ်တွေတစ်မျိုးဖြစ်ရတယ်။

မီးကို ပီးနိုင်လောက်တဲ့အတိုင်းအတာကို စနစ်တကျပေးသင့်တယ်။ ဥပမာ- ည ၇ နာရီကနေ ၁၁ နာရီဆိုရင် ကျောင်းသားတွေအတွက် အလုပ်ဖြစ်တယ်။ လုပ်ငန်းရှင်တွေကလည်း လာဖို့အချိန်အတိအကျနဲ့ ပျက်မယ့်အချိန်သိရရင် ကြိုတင်စီမံလို့ရတယ်။ facebook ထက်က ကြေငြာထားလို့မရပါ။ လူတိုင်း အဲဒါကို ကြည့်နေတာမဟုတ်ပါ။ ထမင်းချက်တဲ့အချိန်၊ စာဖတ်တဲ့အချိန်တွေကို ဦးတည်ပြီး ပေးသင့်ပါတယ်။ မီးအပြည့် မပေးနိုင်ရင်တောင် ချွေချွေတာတာနဲ့ စနစ်တကျပေးမယ်ဆိုရင် တန်ဖိုးရှိမယ်ထင်ပါတယ်။

ဒေါ်ခင်သန်းဝေ (စစ်တွေမြို့မှ အိမ်ရှင်မတစ်ဦး)

လျှပ်စစ်မီးက ဒီလိုခဏခဏပျက်နေမယ် ဆိုလို့ရှိရင် အန်တီတို့ အိမ်ရှင်မတွေအနေနဲ့ အချိန်မီ ပုံမှန်လုပ်နေရတဲ့ သား/သမီးတွေရဲ့ အလုပ်ခွင်ကို ယူသွားမဲ့ ထမင်းဂျိုင့်တွေအတွက် ချက်ပြုတ်ပေးရတဲ့အချိန် မှန်ဖို့အတွက်။ မီးရလို့ရှိရင် တစ်ခုပြီးတစ်ခု အဆင်သင့် ဆက်တိုက်လုပ်လို့ရတဲ့အတွက် အဆင်ပြေတယ်။ တကယ်လို့ မီးကချက်ပြုတ်နေတဲ့အချိန် ပျက်သွားလို့ရှိရင် မီမွှေးရတာနဲ့ အချိန်တွေကကြန့်ကြာပြီးတော့ ကလေးတွေအတွက် အချိန်မီလုပ်ပေးရတာတွေက အဆင်မပြေဖြစ်ကြရတယ်။ အဲဒါကြောင့် မီးရလို့ရှိရင် အချိန်ကုန်သက်သာတယ်။ လူလည်မပင်ပန်းရဘူး။ အိမ်ရှင်မတွေဆိုတာက အလုပ်နဲ့လက်နဲ့ မပြတ်လုပ်နေရတာလေ။ ချက်ပြုတ်ရေးတောင်မက တခြားလျှော်ဖွပ်တဲ့ ကိစ္စတွေ၊ အိမ်သန့်ရှင်းရေးကိစ္စတွေကိုလည်း မီးရလို့ရှိရင် အချိန်က ပိုတဲ့အတွက်ကြောင့် အလုပ်ကတွင်တယ်။ တကယ်လို့ မီးသာမရလို့ရှိရင် အဲနေရာတွေမှာ အချိန်ပေးရတဲ့အတွက် တခြားအလုပ်တွေက နှောင့်နှေးတယ်။ အဲဒါကြောင့် အန်တီတို့ကတော့ မီးကိုပုံမှန်ရစေချင်တဲ့ ဆန္ဒရှိတယ်။

ထိုနည်းလည်းကောင်း အိမ်မှာရှိတဲ့ မြေး၊ မြစ်တွေကလည်း ကျောင်းသားလေးတွေဆိုတော့ ညနေပိုင်းတွေ မီးပျက်ရင် အရမ်းဆိုးဝါးတယ်။ သူတို့မှာက တစ်နေ့စာတစ်နေ့ ပုံမှန်ကျောင်းကပေးလိုက်တဲ့ စာတွေကို ပြီးအောင်လုပ်ရတဲ့ ခေတ်ပါ။ ကလေးတွေက မီးရတာနဲ့ မီးမရတာနဲ့ စိတ်ဓာတ်ကိုယ်တိုင်က မတူဘူး။ မီးရရင် စာဖတ်ရတာလည်း စိတ်ကြည်ကြည်လင်လင် ဖတ်ရတယ်။ မီးမရရင် စာဖတ်ရတာက အဆင်မပြေဖြစ်တယ်ပေါ့။ ပုံမှန်စာဖတ်တဲ့ ကလေးတွေကျတော့ မီးရလို့ရှိရင် ပုံမှန်စာဖတ်ရပြီး ကျောင်းကပေးလိုက်တဲ့ စာတွေအားလုံးပြီးတယ်။ ညဘက် စာဖတ်တဲ့အချိန်တွေမှာ မီးကို ပုံမှန်လာစေချင်တဲ့ ဆန္ဒရှိပါတယ်။ ကလေးတွေလည်း တစ်နေ့စာတစ်နေ့ သူတို့လုပ်ရတဲ့အလုပ်တွေ တွင်ကျယ်ပြီးတော့ သူတို့အတွက် အထောက်အကူဖြစ်ပါတယ်။ အဲဒါကြောင့် မီးကိုပုံမှန်ရစေချင်တဲ့ ဆန္ဒရှိပါတယ်။

ကိုအောင်ငြိမ်းဌေး (Sky မိတ္တူဆိုင်ဝန်ထမ်း)

လုပ်နေရင်းတန်းလန်းနဲ့ တစ်ချို့ကိစ္စလေးတွေက အနည်းအကျဉ်းလုပ်ရတဲ့ဟာတွေ ရှိပါတယ်။ မီးစက်နှိုးဖို့ အတွက်ကလည်း အဆင်မပြေ။ အဲလိုကိစ္စလေးတွေ အခက်အခဲရှိပါတယ်။ နောက်ပိုင်း မီးကပျက်ရင် ၅ နာရီနီးပါး ကြာလာတယ်ဆိုတော့ အဆင်မပြေဖြစ်တာလေးတွေ ရှိတာပေါ့လေ။ အခုမီးက အရေးကြီးပါတယ်လေ။ အလုပ်တစ်ခုလာအပ်လို့ ချက်ချင်းမီးစက်နှိုးဖို့ဆိုတာကလည်း အဆင်မပြေပါဘူးလေ။ အခုက ဆီစျေးတွေလည်း ကြီးပါတယ်။ အဲလိုအခက်အခဲလေးတွေ ရှိပါတယ်။

ကျွန်တော့အမြင်ကတော့ မီးက နေ့ခင်းပိုင်းတွေသာ ပုံမှန်လာမယ်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်။ လျှပ်စစ်မီးပေးတဲ့လူတွေမှာလည်း သူတို့အကန့်အသတ်နဲ့ သူတို့လုပ်ရတာတွေတော့ ရှိမှာပါ။ ဖြတ်သင့်တယ်ဆိုရင်လည်း ၂ နာရီလောက်တော့ ဖြတ်သင့်တယ်ထင်ပါတယ်။ ဘာလို့ဆို သူတို့လည်း အခက်အခဲရှိမှာပါ။ မီးကပုံမှန်ရတယ်ဆိုရင်တော့ ပိုပြီးတော့ကောင်းတာပေါ့။ လျှပ်စစ်မီးနဲ့ပတ်သက်ပြီး လုပ်နေရတဲ့လူတွေကတော့ မီးသာပုံမှန်ရရင် ပိုပြီးအဆင်ပြေကြမှာပါ။

ဒေါ်ညိုအေး(စစ်တွေမြို့တွင်နေထိုင်သူ)

မနေ့ကလည်း ၁၀ နာရီလောက်ကတည်းကနေ သေသွားတာ။ မိုးလင်းအာရုံလောက်မှ ရတယ်။ သူတို့က မီးပေးချင်တဲ့အချိန်ပေးတယ်။ ဖြတ်ချင်တဲ့အချိန် ဖြတ်တယ်။ တစ်ရက်တစ်လေ ထမင်းအိုးတန်းလန်းနဲ့ မီးသေသွားတာမျိုးတွေ ကြုံရတယ်။ ညအချိန်ဆိုရင်လည်း ညဦးပိုင်းကနေ ဖြတ်ထားပြီးတော့ ၁၁ နာရီလောက်မှ ပေးတာတွေရှိတယ်။ မီးသွေးဝယ်ဖို့အတွက်ကလည်း လူတိုင်းကကျပ်တည်းကြတယ် ဒီကာလမှာ။ ဆိုတော့ လူတွေရဲ့ခံစားချက်တွေက ဘယ်လိုဖြစ်နေလဲဆိုတော့ စားချိန်လည်း မမှန်တော့ဘူး။ အိပ်ချိန်လည်း မမှန်တော့ဘူး။ ညည့်အချိန်မတော် မီးသတ်ထားတာတွေကလည်း ဒုစရိုက်မှုတွေကို ပိုပြီးတော့ဖြစ်စေတယ်။ အချိန်မရွေး သူခိုးတွေဝင်နိုင်တယ်။ အနုကြမ်းစီးမှုတွေ ဖြစ်နိုင်တယ်။ အချိန်မ‌ရွေး ကိုယ်တို့ရဲ့လုံခြုံမှုက ကင်းမဲ့နေတယ်။

အဆမတန် ကုန်စျေးနှုန်းတွေ တက်လာတာက‌တစ်မျိုး၊ ကိုယ်တို့မှာရှိတာလေးတွေနဲ့ ထမင်းပူပူ တစ်ထပ်စားရန်အတွက်ကလည်း အဆင်သင့်မကျနိုင်။ လူတိုင်းမှာလည်း အဲလိုခံစားချက်‌လေးတွေ ရှိနေမယ်လို့ထင်တယ်။ တစ်ခါတစ်လေ ရေပူတစ်ခွက်သောက်ဖို့အတွက် ၃ မိနစ်စာ ရေပူတည်ဖို့ မီးကမရှိဘူး။ ကျွန်မအမြင်တော့ ပြည်သူတွေကို တမင်တကာ စိတ်ဆင်းရဲအောင်ကို လုပ်နေတယ်လို့မြင်ပါတယ်။

ဦးဖိုးစံ (ကျောက်ဖြူဒေသခံ)

အဓိကတော့ လျှပ်စစ်ဝန်ကြီးဌာနကသော် လည်းကောင်း၊ အစိုးရကသော်လည်းကောင်း၊ လျှပ်စစ်မီးဟာ ဒီလိုတွေ ဖြစ်နေတယ်ဆိုတဲ့အကြောင်းကို ပြည်သူလူထုကို ချပြဖို့လိုအပ်တယ်။ လျှပ်စစ်မီးဟာ လုံလုံလောက်လောက် မပေးနိုင်ဆိုတဲ့ဟာကို ပွင့်လင်းမြင်သာစွာနဲ့ ချပြဖို့လိုတယ်။ တစ်ချို့က လျှပ်စစ်မီးနဲ့ပတ်သတ်ပြီး စီးပွား‌ရေး လုပ်နေရတဲ့လူတွေကလည်း ဘယ်အချိန်မှာ မီးသေမလဲချည်း စိုးရိမ်နေကြတယ်။

လျှပ်စစ်ပစ္စည်းတွေနဲ့ လုပ်နေရတဲ့လူတွေကလည်း လျှပ်စစ်မီး လုံးဝပြတ်ထွက်သွားတယ်ဆိုတာနဲ့ ချက်ချင်းလောင်ကျွမ်း သွားတာတွေလည်းရှိတယ်။ မော်တာကြီးတွေနဲ့ လည်ပတ်နေရတဲ့ စက်ရုံကြီးတွေဆိုရင်လည်း မီးသေတာနဲ့ ချက်ချင်းလောင်ကျွမ်းတာတွေရှိတယ်။ ထရန်စဖော်မာတွေ ပျက်စီးသွားတာတွေလည်းရှိတယ်။ အထက်မှာ ပြောသလို ဌာနကသော်လည်းကောင်း၊ အစိုးရကသော်လည်းကောင်း ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ချပြဖို့လိုတယ်။ မီးမရတဲ့အချိန်တွေမှာ မီးမှောင်ရိပ်ကိုခိုပြီး ဒုစရိုက်လုပ်ငန်းတွေ ပေါ်လာမှာကတော့ မလွဲမသွေရှိတယ်။ အဲဒါတွေကလည်း ပြည်သူလူထုအတွက် အန္တရာယ်ဖြစ်လာနိုင်တယ်။ ဌာနဆိုင်ရာတွေက ပွင့်ပွင့်လင်းလင်းချပြမှ ပြည်သူတွေကလည်း အကြံပေးလို့ရမယ်လို့မြင်တယ်။

ဗီဒီယိုများ