စစ်ကောင်စီက INGO/NGO အဖွဲ့အစည်းတွေကို သွားလာခွင့်ပိတ်ပင်ထားတဲ့အပေါ် ဘာပြောကြသလဲ

NGO/INGO အဖွဲ့အစည်းတွေကလည်း အကူအညီမရရင်တော့ ပိုပြီးအခက်အခဲဖြစ်ကြတော့မယ်။ ရွာကိုလည်း မပြန်နိုင်ဘူး။ အဲဒီအဖွဲ့အစည်းတွေကလည်း အကူအညီမပေးနိုင်ရင် ဒုက္ခရောက်တော့မယ်။ ဝယ်စားဖို့အတွက်လည်း ပြေးလာတဲ့သူတွေဆိုတော့ ဘာမှမပါလာဘူး။

23 Sep 2022

DMG ၊ စက်တင်ဘာ ၂၃

(Vox Pop)

ရခိုင်ပြည်တွင်းရှိ စစ်ဘေးဒုက္ခသည်များနှင့် မွတ်ဆလင်ဒုက္ခသည်များကို စားနပ်ရိက္ခာများနှင့် တခြားလူသားချင်း စာနာထောက်ထားရေး အကူအညီများပေးအပ်နေသည့် INGO/NGO အဖွဲ့အစည်းများကို စစ်ကောင်စီမှ ခရီးသွားလာခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့မှစတင်ကာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ စသည့်မြို့နယ်များသို့ လုံခြုံရေးအကြောင်းပြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနက သွားလာခွင့်ကန့်သတ်လိုက်ခြင်းဖြစ်ကာ မည်သည့်အချိန်ထိ ကန့်သတ်ထားမည်ကို မသိရှိရသေးပေ။

ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာပြီးနောက်တွင် စစ်ကောင်စီမှ INGO/NGO အဖွဲ့အစည်းများအား သွားလာခွင့်ကန့်သတ်ခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးသမား၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် စစ်ဘေးဒုက္ခသည်များ၏ သဘောထားအမြင်များကို DMG မှ စုစည်းတင်ပြလိုက်သည်။

ဦးအောင်သောင်းရွှေ (ပြည်သူ့လွှတ်တော်အမတ်ဟောင်း)

နိုင်ငံတကာက ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေကို ဒီလိုကန့်သတ်လိုက်တယ်ဆိုတာဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီပေးရေး သဘောတူညီချက်မှာပါတဲ့ အချက်အလက်တွေကို သူတို့က ချိုးဖောက်လိုက်တာပဲဖြစ်တယ်။ ဒီလို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးဖို့ဆိုတာက နိုင်ငံတကာရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမှုသဘောတူချက်မှာပါတဲ့အတိုင်း လုပ်နေတာဖြစ်တယ်။ နိုင်ငံတကာမှာလည်း လုပ်နေတာပဲ။

ဆိုတော့ အဲဒါကို ဒီလိုကန့်သတ်လိုက်တယ်ဆိုတာက လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေကို ချိုးဖောက်လိုက်တာဖြစ်တယ်။ လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်။ အဲဒါကြောင့် ဒီစစ်အစိုးရဟာ လူသားချင်းစာနာထောက်ထားမှု မရှိဘူး။ သူတို့ရဲ့လုပ်ရပ်ဟာ တော်တော်လေးအောက်တန်းကျတယ်လို့ နိုင်ငံတကာကတောင်မှ ပြောဆိုလောက်နိုင်အောင် အဲလိုမျိုးဖြစ်တယ်ဆိုတော့ ဒါက တော်တော်ရက်စက်တဲ့ အစိုးရတစ်ရပ်လို့ပြောလို့ရတယ်။

ကျနော်တို့ဒေသက စစ်ဖြစ်နေတဲ့ဒေသဖြစ်တယ်။ ဆိုတော့ စိုက်ပျိုးရေးထုတ်လုပ်မှုတွေလည်း မရှိဘူး။ အဓိက နိုင်ငံတကာက ကူညီထောက်ပံ့ပေးနေတာကို ရပ်တည်နေရတဲ့ဒေသတစ်ခုဖြစ်တယ်။ အဲဒါကို တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်လိုက်တယ်။ အဲဒီလိုလုပ်လိုက်တဲ့အတွက် လူထုတွေဟာ အငတ်ဘေးနဲ့ ဒုက္ခနဲ့ ရင်ဆိုင်ကြုံတွေ့အောင် တမင်ဖန်တီးတာပဲလို့မြင်တယ်။ ဒါဟာ ရခိုင်ပြည်မှာရှိတဲ့လူတွေကို အကူအညီ ပေးနေတာကို ဒီလိုကန့်သတ်လိုက်တာဟာ တမင်ရည်ရွယ်ချက်ရှိရှိနဲ့လုပ်လိုက်တယ်။ ဒုက္ခရောက်အောင် တမင်ဖန်တီးတယ်။

အငြိုးကြီးကြီးနဲ့လုပ်တယ်လို့မြင်တယ်။ အဲလိုလုပ်လိုက်တဲ့အတွက် ဒီကလူတွေလည်း ငတ်မွတ်မှုတွေနဲ့ ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်တယ်။

ဒေါ်ညိုအေး (ဥက္ကဋ္ဌ)၊ ရခိုင်အမျိုးသမီးကွန်ရက်

တိုက်ပွဲတွေဖြစ်လာတဲ့ကြားမှာ နိုင်ငံတကာအကူအညီပေးလိုတဲ့ အဖွဲ့တွေ၊ လူသားချင်း စာနာထောက်ထားတဲ့ အဖွဲ့တွေ၊ NGO/INGO တွေကို တားမြစ်လိုက်တာက ပြည်သူအားလုံးအပေါ်မှာ စာနာထောက်ထားမှုတွေကို ရပ်တန့်လိုက်သလိုဖြစ်သွားတယ်။ နောက် ရိက္ခာတွေဖြတ်တောက်တယ်လို့မြင်တယ်။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် တကယ်ကိုခံစားရမှာက စစ်ရှောင်နေရတဲ့လူတွေ၊ ပြီးတော့ စစ်ဘေးရှောင်စခန်းမှာ နဂိုကတည်းကရှိနေတဲ့လူတွေ တအားကို ကျပ်တည်းသွားမယ်။ ပြီးတော့ တိုက်ပွဲတွေအနီးကပ်ဖြစ်နေတဲ့ ရွာတွေကလူတွေ အကုန်လုံးငတ်ပြတ်ကုန်မယ်။ အခုက ဘယ်လိုမှ မသွားရ၊မလာရဆိုပြီး တားဆီးလိုက်တယ်ဆိုတော့ ပြည်သူလူထုကို အငတ်ဘေးနဲ့ကြုံအောင်လုပ်တယ်လို့မြင်တယ်။

အဓိကတော့ စစ်ကောင်စီရဲ့အငုံစိတ်ထဲမှာ ပြည်သူနဲ့ ရက္ခိုင့်တပ်တော်ကို ရောထွေးပြီးမြင်တဲ့ အမြင်က တော်တော်လည်းဆိုးရွားတယ်။ ဘာကြောင့်လဲဆိုရင် ကျမတို့ရခိုင်မှာဆိုရင် ပရဟိတသီးသန့်လုပ်တဲ့ သူတွေလည်းရှိတယ်။ ပြီးတော့ တပိုင်တနိုင် ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေလည်းရှိတယ်။ ကျမတို့လည်းလုပ်တယ်။ ဒီပုံစံမျိုးဆိုလို့ရှိရင်တော့ သွားဖို့လာဖို့ခက်တယ်။ ချွေးနွဲ့စာလေးတွေနဲ့ စုဆောင်းထားတဲ့ ဟာတွေကို ကူညီထောက်ပံ့ချင်တယ်။ ဒါပေမယ့် သွားလာဖို့ခက်တယ်။ ဒီလိုလုပ်တဲ့အပေါ်မှာတော့ ပြင်းပြင်း ထန်ထန်ကန့်ကွက်တယ်။ ဘာကြောင့်လဲဆိုရင် ဒီလိုမလုပ်သင့်ဘူး။ အမှန်တကယ် ရိုးရှင်းစွာနေတဲ့ ပြည်သူတွေ အပေါ်မှာသွားပြီး တအားထိခိုက်တယ်။ (စစ်ကောင်စီက) ဒီလိုအတွင်းစိတ်တွေ၊ အမြင်စိတ်တွေပေါ်လာတာကို ကျမတို့က တအားကို စိတ်ပျက်စရာကြီးကြုံရတယ်ပေါ့။

ဦးမောင်အေးကျော် (စစ်ဘေးဒုက္ခသည်) ၊ ပြိုင်းတိုင်းကျေးရွာ၊ ကျောက်တော်မြို့နယ်

ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ NGO/INGO အဖွဲ့တွေကို တားမြစ်လိုက်တယ်ဆိုတော့ ဒုက္ခသည်တွေရဲ့ဘဝမှာ ပိုပြီးတော့ အခက်အခဲအများကြီးဖြစ်သွားမယ်လို့ထင်တယ်။ ကျနော်တို့ကတော့ တားမြစ်ထားတာကို ပြန်လည်ရုပ်သိမ်းပေးဖို့ပဲ ပြောချင်ပါတယ်။ တစ်ခုခုဆို ချင့်ချိန်ပြီး ဒုက္ခသည်တွေအပေါ်မှာ လူသားချင်းစာနာထောက်ထားမှု အတိုင်းအတာအနေနဲ့ တင်းကျပ်ထားတာတွေကို ပြန်လည်ဖြေလျော့ပေး စေချင်တယ်။ ကျနော်တို့က အစိုးရ(စစ်ကောင်စီ) ဆန်ရိက္ခာမရတာ လေးလလောက်ရှိပေမယ့် WFP တို့လို အဖွဲ့အစည်းတွေက ငွေထောက်ပံ့မှုတွေနဲ့ ရုန်းကန်ပြီး စားသောက်နေရတဲ့အထဲမှာ NGO/INGO အဖွဲ့အစည်းတွေကို ကန့်သတ်လိုက်တာက စစ်ဘေးဒုက္ခသည်တွေအတွက် ပိုပြီးလမ်းပျောက်သွားမယ်။

ကျနော်တို့က NGO/INGO အဖွဲ့အစည်းတွေကို မှီခိုပြီးစားသောက်နေရတယ်။ သူတို့(စစ်ကောင်စီ)ကလည်း ဆန်ရိက္ခာတွေမပေးတဲ့အချိန်မှာ အခက်အခဲများစွာကြုံတွေ့နေရတဲ့အချိန်မှာ ကူညီပေးနေတဲ့ အဲဒီအဖွဲ့အစည်းတွေကို ရပ်တန့်လိုက်တာဟာ ကျနော်တို့ဒုက္ခသည်တွေရဲ့ဘဝမှာ ကိုးကွယ်စရာမရှိ၊ မျှော်လင့်ချက်မရှိ အခက်အခဲအများကြီးနဲ့ ကြုံတွေ့ရမယ်လို့မြင်တယ်။ လက်တွေ့မှာလည်း ခံစားနေရတယ်။ ဒါကြောင့် အကူအညီပေးနေတဲ့ NGO အဖွဲ့အစည်းတွေကို ပိတ်ပင်ထားတာကို ပြန်လည်သုံးသပ်ပြီး လူသားချင်းစာနာမှု ထောက်ထားတဲ့အနေနဲ့ ဖြေလျော့ပေးဖို့ တောင်းဆိုချင်ပါတယ်။

ဒေါ်သိန်းဝင်းယဉ် (စစ်ဘေးဒုက္ခသည်) ၊ ဝက်လှစစ်ဘေးရှောင်စခန်း၊ မြောက်ဦးမြို့နယ်

အခုက ရိက္ခာတွေလည်း ဖြတ်တောက်ထားတယ်လို့ကြားတယ်။ ဒါပေမယ့် ကူညီထောက်ပံ့မှုတွေ ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ကယ်ဆယ်ရေးစခန်းမှာ နေရမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကလေးတွေနဲ့ဖြစ်တယ်။ တခုခုဆိုရင် ကိုယ်တို့က တောင်ထဲမှာ ရှောင်ပြီးနေလို့ရတယ်။

အခုတောင်တွေကို ရှောင်မယ်ဆိုရင် လေယာဉ်တွေနဲ့ ဟိုဖက်တွေမှာပစ်ခတ်နေတယ်ဆိုတော့ ကြောင့်ကြနေရတယ်။ အခုက INGO/NGO တွေကို ကန့်သတ်လိုက်တယ်ဆိုတော့ အခက်အခဲက အများကြီးဖြစ်လာနိုင်တာပေါ့။ ကျမတို့က ရွာမှာလည်းမနေရဘူး။ ကယ်ဆယ်ရေးစခန်းမှာ နေရတယ်။ အလုပ်အကိုင်ကလည်း လုပ်ဖို့မရဘူး။ အခုက ရိက္ခာတွေလည်း ဖြတ်တောက်ထားတယ်ဆိုတော့ စိုးရိမ်နေရတယ်။ စားဝတ်နေရေးကအစ ဘာမှမဖူလုံဘူး။

အရင်နည်းတူ အဲဒီအဖွဲ့အစည်းတွေက ဒုက္ခသည်တွေကို ကူညီပေးတာတွေ ပြန်ပြီးလုပ်ပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် စစ်ဘေးဒုက္ခသည်စခန်းမှာလည်း လုပ်ကိုင်စရာမရှိဘူး။ ရွာမှာနေလို့လည်း အဆင်မပြေဘူး။ ကြောက်လန့်နေရပြီး ထွက်ပြေးနေရတယ်။ အခုဆိုရင် အခက်အခဲတွေအများကြီးရှိနေတယ်။

ဒေါ်မဆန်းရီ (စစ်ဘေးဒုက္ခသည်) စေတီပြင်စစ်ဘေးရှောင်စခန်း၊ ရသေ့တောင်မြို့နယ်

NGO/INGO အဖွဲ့အစည်းတွေကလည်း အကူအညီမရရင်တော့ ပိုပြီးအခက်အခဲဖြစ်ကြတော့မယ်။ ရွာကိုလည်း မပြန်နိုင်ဘူး။ အဲဒီအဖွဲ့အစည်းတွေကလည်း အကူအညီမပေးနိုင်ရင် ဒုက္ခရောက်တော့မယ်။ ဝယ်စားဖို့အတွက်လည်း ပြေးလာတဲ့သူတွေဆိုတော့ ဘာမှမပါလာဘူး။ အခု ရွာသားတွေဆီက တောင်းစားနေရတယ်။ သိပ်အခက်အခဲ ဖြစ်နေကြတယ်။ စားသောက်ရေး၊ နေရေးထိုင်နေရေးတွေက သိပ်အခက်အခဲဖြစ်နေပြီ။ စားရတာတွေလည်း မဝမလင်ဖြစ်နေကြပြီ။

ကျမတို့အနေနဲ့တော့ စားနပ်ရိက္ခာတွေ အကူအညီတောင်းချင်တယ်။ အခု စားရမယ့်ရိက္ခာတွေလည်း ပြတ်နေပြီ ဖြစ်တယ်။ နောက်နှစ်ရက်စာလောက်ပဲ ရှိတော့တယ်။ အကုန်လုံးငတ်တော့မယ်။ အခုက အကူအညီတွေကလည်း မရောက်နိုင်ကြဘူး။ ဒီမှာ ငတ်ကြတော့မှာ။

စားနပ်ရိက္ခာတွေလည်း မရောက်နိုင်ဘူး။ အဲဒါတွေကို အကူအညီ တောင်းချင်တယ်။ အခု ရိက္ခာလည်းပြတ်တော့မယ်လို့ပြောသံကြားတယ်။ မနက်ကပင် ဆန်နဲ့ ငရုတ်သီးပဲရတယ်။ နောက်ဘာမှမရတော့ဘူး။ အရင်ဆိုရင် ပဲတွေ၊ ငါးခြောက်တွေလည်းရတယ်။ အခု ရိက္ခာလည်း ပြတ်လာတဲ့အတွက် မနက်ကဆိုရင် ငရုတ်သီးနဲ့ထမင်းစားနေရတယ်။

ဗီဒီယိုများ