ရက္ခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ထုတ်ပြန်ချက်နောက်ကွယ် ဝှက်ဖဲတစ်ချပ်က ဘာဖြစ်နိုင်မလဲ

၁၉၆၇ ခုနှစ်မှာ စတင်ခဲ့ပြီး တော်လှန်ရေးဂုဏ်သိက္ခာ ကြီးမားတဲ့ ရခိုင်ပြည်လွတ်မြောက်ပါတီက ဇန်နဝါရီလ ၆ ရက်နေ့ ၂၀၂၂ ခုနှစ် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဟာ သာမန်ထုတ်ပြန်ချက်တစ်ခုဆိုပေမယ့် မြန်မာနိုင်ငံအနှံ့ ဖြစ်ပေါ်ပြောင်းလဲတိုးတက်နေတဲ့ ခုခံတော်လှန်ရေးဖြစ်စဉ်တွေနဲ့ တိုက်ဆိုင်စဉ်းစားလိုက်ရင် ထူးခြားမှုတွေရှိနေတာကို သတိထားမိတယ်။

09 Jan 2022



DMG ၊ ဇန်နဝါရီ ၉
(အတွေးအမြင်ဆောင်းပါး)

၁၉၆၇ ခုနှစ်မှာ စတင်ခဲ့ပြီး တော်လှန်ရေးဂုဏ်သိက္ခာ ကြီးမားတဲ့ ရခိုင်ပြည်လွတ်မြောက်ပါတီက ဇန်နဝါရီလ ၆ ရက်နေ့ ၂၀၂၂ ခုနှစ် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဟာ သာမန်ထုတ်ပြန်ချက်တစ်ခုဆိုပေမယ့် မြန်မာနိုင်ငံအနှံ့ ဖြစ်ပေါ်ပြောင်းလဲတိုးတက်နေတဲ့ ခုခံတော်လှန်ရေးဖြစ်စဉ်တွေနဲ့ တိုက်ဆိုင်စဉ်းစားလိုက်ရင် ထူးခြားမှုတွေရှိနေတာကို သတိထားမိတယ်။

ဒီထုတ်ပြန်ချက်ရဲ့ နှောက်ကွယ်က စဉ်းစားချက်တွေက ဘာလဲ။ ဘယ်ခြေလှမ်းကို သူတို့လှမ်းမှာလဲ။ ဘာကြောင့် အဲဒီခြေလှမ်းတွေကို လှမ်းဖို့ ပြင်ဆင်လာတာလဲ။ ရက္ခိုင်ပြည်အတွက် ဘယ်လိုအကျိုးစီးပွားတွေဖြစ်ထွန်းပြီး၊ ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်သလဲ။ ရက္ခိုင်ပြည်ပတော်လှန်ရေးအုပ်စုနဲ့ ဘယ်လိုဘယ်လို ချိတ်ဆက် မျှော်မှန်းချက်တွေရှိနိုင်သလဲ။ ဒီမေးခွန်းပေါင်းများစွာဟာ ဒီထုတ်ပြန်ချက်နဲ့အတူ တွဲပြီးပေါ်လာတဲ့ ကွတ်ချန်မက်(ခ်) - ? တွေဖြစ်ပါတယ်။ ဒီမေးခွန်းတွေအပေါ် ထင်မြင်ယူချက်တွေက ဘာတွေဖြစ်မလဲဆိုတာ ဆက်ကြည့်ရအောင်ပါ။ (ဒီဆောင်းပါးကို ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေနည်းနဲ့ သုံးသပ်ထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။)

မေး - ဒီထုတ်ပြန်ချက်နဲ့အတူ ဇန်နဝါရီလ ခြောက်ရက်နေ့က ALP ရဲ့ အထွေအထွေအတွင်းရေးမှူး ခိုင်ကျော်ခိုင်နဲ့ DMG သတင်းဌာန အင်တာဗျူးမှာ ALP အနေနဲ့ တခြား ရက္ခိုင်လက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ ကိစ္စဟာ တကယ်တန်းအလုပ်ဖြစ်နိုင်မလား။

ဖြေ - ALP အနေနဲ့ ဒီလိုစိတ်နေသဘောထားရှိတာ ရက္ခိုင်ပြည်အကျိုးစီးပွားအတွက် ကောင်းမွန်တဲ့ အနေအထားတစ်ခုပါ။ ဒါပေမယ့် လက်တွေ့တော့ ဆန်ဖို့လိုပါမယ်။ မဝေးသေးတဲ့အတိတ်ကို တစ်ချက် ပြန်ကြည့်ကြရအောင်ပါ။ ရက္ခိုင့်တပ်တော်ပေါ်ပေါက်လာပြီး ရက္ခိုင်ပြည်အမျိုးသားအဖွဲ့ချုပ် (ULA) မပေါ်ပေါက်လာခင်မှာ ရက္ခိုင်ပြည်တော်လှန်ရေးအင်အားစုများ ပေါင်းစည်းနိုင်ရေးအတွက် ရက္ခိုင့်တပ်တော် တပ်မှူးချုပ် ထွန်းမြတ်နိုင် အတော်ကြိုးစားခဲ့တာကိုတွေ့ရပါတယ်။ အဲဒီထဲမှာ ထိုင်းနိုင်ငံမှာ ကျင်းပခဲတဲ့ ကြီးလေးကြီး အစည်းအဝေးဆိုတာ ထင်ရှားတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ALP ကို ရက္ခိုင်ပြည်ရဲ့ တစ်ခုတည်းသော တော်လှန်ရေးပါတီအဖြစ်ထားပြီး၊ ရက္ခိုင့်တပ်တော် AA ကို တစ်ခုတည်းသော ရက္ခိုင့်တပ်တော်အဖြစ် ထားမယ်လို့ ကမ်းလှမ်းခဲ့ကြောင်းသိရှိရပါတယ်။ ALP ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ ဒီကမ်းလှမ်းချက်ကို လက်ခံခဲပေမယ့် အများစုက ငြင်းပယ်တဲ့အတွက် ဒီပေါင်းစည်းရေးဟာ အထက်မမြောက်ခဲပါဘူး။ ALP ဟာ ရက္ခိုင့်အမျိုးသား အကျိုးစီးပွားထက် ပါတီ တည်ရှိရေးကို ဦးစားပေးခဲတယ်လို့ မြင်လို့ရနိုင်သလို၊ ALP ရဲ့ တပ်ဖြစ်တဲ့ ALA ကို ရက္ခိုင့်တပ်တော်ရဲ့ စီမံမှုအောက်ကို ရောက်သွားမှာကို စိုးရိမ်ခဲ့ပုံပေါ်ပါတယ်။ AA ရဲ့ စွမ်းဆောင်ရည်အပေါ် စောင့်ကြည့်ချင်တာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီနောက်ပိုင်း ရက္ခိုင့်တပ်တော်က အနောက်ဘက်ခြမ်းမှာ အခြေချလာတဲ့အချိန် မြေပြင်မှာ တချို့ထိပ်တိုက်တွေ့မှုတွေရှိခဲသလို၊ လူမှုကွန်ယှက် စာမျှက်နှာတွေမှာ ရက္ခိုင့်တပ်တော်ကို ထိုးနက်တိုက်ခိုက်ခဲတဲ့ ALP အဖွဲ့ဝင်တွေကိုလဲ ULA က ဖမ်းဆီးထိမ်းသိမ်းတာတွေရှိခဲ့ပါတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား တင်းမာမှုတွေ တချို့ရှိနေတယ်ဆိုတဲ့ သဘောပါ။ ALP အနေနဲ့ ပေါင်းစည်းရေးကို သွားချင်ရင် တပ်တော်က အရင်က ကမ်းလှမ်းခဲတဲ့ ကမ်းလှမ်းချက်မျိုးတော့ သူတို့ မရနိုင်တော့ပါ။ ရက္ခိုင့်တပ်တော်ရဲ့ ရပ်တည်ချက်ဟာ ရက္ခိုင်မှာ ရက္ခိုင့်အမျိုးသားကိုယ်စားပြု လက်နက်ကိုင်တစ်ခုတည်းသာ ရှိရေးဖြစ်တဲ့အတွက် ပေါင်းစည်းချင်ရင် ALA တပ်ဖွဲ့တွေ တပ်တော်နဲ့ လက်တွေ့ကျကျ ပူးပေါင်းမှ ရပါလိမ့်မယ်။ ဥပမာ - ALA ကို AA ရဲ့ တပ်ရင်းတစ်ခုအနေနဲ့ တည်ရှိစေတာမျိုးပါ။ ဒါပေမယ့် အဲဒီလိုဖြစ်လာရင် သတ်မှတ် အင်္ဂါရပ် မပြည့်စုံတော့တဲ့အတွက် NCA-S-EAO လို PPST လို တပ်ပေါင်းစု အဖွဲ့တွေကနေ ALP စွန့်ခွါရတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားအရ အဆံမရှိတဲ့ စပါးခွံလို အင်အားစုတွေမှာ နေရာရရှိနေခြင်းဟာ အဖွဲ့အစည်းတည်ရှိရေးဖြစ်ပြီး၊ အဲဒီနေရာတွေကို စွန့်လွတ်ပြီး ရက္ခိုင့်တပ်တော်နဲ့ လက်တွေ့ကျကျပူးပေါင်းခြင်းဟာ ရက္ခိုင့်ပြည်သူအကျိုးစီးပွားဆိုရင် ALP ဘာကို ရွေးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါကြောင့် ကိုခိုင်ကျော်ခိုင်ရဲ့ ပြောဆိုချက်ဟာ လက်တွေ့တော့ ဆန်ဖို့လိုပါမယ်လို့ ပြောချင်ပါတယ်။

မေး - ဒါဆို ဘယ်နိုင်ငံရေး၊ တော်လှန်ရေး မျှော်မှန်းချက်တွေကို မျှော်မှန်းပြီး ALP အနေနဲ့ ပါတီတွင်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှုတွေပါဝင်တဲ့ ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်တယ်လို့ ယူဆပါသလဲ။

ဖြေ - ALP/ALA ရဲ့ ရပ်တည်ရေးအတွက် မဟာမိတ်အသိုင်းအဝိုင်းကြား တစ်ခုခုမှာ နေရာရရှိရေးဟာ အသက်တမျှ အရေးကြီးပါတယ်။ လက်တွေ့ အလုပ်ဖြစ်တာထက် အချိန်ကြာမြင့်စွာတည်ရှိခဲခြင်းဆိုတဲ့ “ဝါ” ဆိုတာကို ဦးစားပေးတတ်တဲ့ မဟာမိတ် အသိုင်းအဝိုင်းတွေကြားမှာ ALP အနေနဲ့ တစ်နေရာ မဟုတ် တစ်နေရာ ရနေစမြဲပါ။ လက်ရှိ ALP တည်ရှိနေတဲ့ PPST၊ NCA-S-EAOs အင်းအားစုတွေရဲ့ အခြေအနေဟာ သိပ် မဟန်တော့ပါဘူး။ ပြည်သူတွေရဲ့  ထောက်ခံမှု ကျဆင်းနေတဲ့ အဲဒီအင်စုဟာ လက်ရှိ တော်လှန်ရေး ဖြစ်စဉ်တွေနဲ့ သင့်တော်မှုရှိတဲ့ အခြေအနေတစ်ခုကို ရှာဖွေရတော့မယ့် အခြေအနေပါ။ NUCC ထဲမှာ ကိုယ်ပျောက် ဝတ်စုံဝတ်ယင်း ပါဝင်နေကြပေမယ့် ဒီအတိုင်းဆက်သွားနေရင် အဆင်မပြေတော့တဲ့ အနေထားတစ်ခုပါ။ CNF ကတော့ NUG ထဲမှာ ပေါ်ပေါ်ထင်ထင်နဲ့ အရင်ဆုံးပါဝင်လာပြီး၊ အဲဒီနောက်ပိုင် NCA အဖွဲ့ဝင် အင်အားကြီး KNU က စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတော့ KNU ကိုယ်တိုင်က ဒီအုပ်စုတည်ရှိနေမှုကို လက်တွေ့မပါတဲ့ နိုင်ငံရေးအရသာ (မချစ်ရင်လည်း အောင့်ကာနန်း) လက်ခံထားရတဲ့ ပုံစံဖြစ်နေတာကို တွေ့နေရပါတယ်။ နောက်တစ်ခုက PPST အစည်းအဝေးလုပ်တိုင်း မဲခွဲဆုံးဖြတ်ကြတဲ့အချိန် အဖွဲ့ဝင်အချင်းချင်းကြား သဘောမတူညီမှုတွေ အတော် မြင့်တက်နေတယ်လို့ ကြားသိရပါတယ်။ NMSP ပါတီရဲ့ အနေအထားကလည်း NUG ဘက်ကို အတော်လေးအားသာနေတာကို တွေ့ရပါတယ်။ ဆိုတော့ PPST အနေနဲ့ ဆိုတာထက် PPST ရဲ့ အဖွဲ့ဝင်တစ်ဖွဲ့ချင်းစီရဲ့ သီးခြားလွတ်လပ်ခွင့်အရ NUG နဲ့ ပိုပြီးချိတ်ဆက်နိုင်ဖို့၊ အဲဒီအင်အားစုထဲမှာ ကိုယ်စားပြုမှုတွေ ရရှိဖို့ ကြိုးစားလာကြတာတွေ ရှိလာနိုင်ပါတယ်။ ရှိရင်တောင် ရှိနေလောက်ပါပြီ။ PPST မှာ brainstorm လုပ်တဲ့အချိန်လောက်ပဲ အသုံးတည့်နေတဲ့ ALP အနေနဲ့ကလည်း ဒီအခြေအနေကို ထည့်သွင်းစည်းစားပုံ ရပါတယ်။ ဆိုတော့ အတိုချုပ်ပြောရရင် ALP ရဲ့ ဒီထုတ်ပြန်ချက်ဟာ ပါတီတည်ရှိရေးအတွက် အင်းအားစုတစ်ခုမှာ ခြေကုတ် တစ်နေရာလောက် ရနိုင်မလားဆိုပြီး မျက်စ ပစ်တာများ ဖြစ်နေမလားလို့ တွေးမိပါတယ်။

မေး - NUG လိုမျိုး စစ်ကောင်စီကို ပေါ်ပေါ်ထင်ထင် တော်လှန်နေတဲ့ တော်လှန်ရေးအင်းစုတစ်ခုမှာ ALP အနေနဲ့ တရားဝင် ပေါ်ပေါ်ထင်ထင်ပါလာရင် ရက္ခိုင်ပြည်အတွက် ဘယ်လိုမျိုး အကျိုးဆက်တွေ ရှိလာနိုင်သလဲ။

ဖြေ - ပထမဆုံး စည်းစားရမယ့်အချက်က အဲဒီလိုအင်အားစုတွေ အနေနဲ့ ALP ကို ဘယ်လို ရှုမြင်မလဲ ဆိုတဲ့ အချက်နဲ့၊  အဲဒီအင်အားစုတွေရဲ့ အမြင်မှာ လက်ရှိတော်လှန်ရေးကို ALP ဘာတွေ ယူလာပေးနိုင်မလဲ (စစ်ရေးအင်အားလား၊ နိုင်ငံရေး အင်အားလား၊ ဓန အင်အားလား) ဆိုတာပါပဲ။ သေချာတာတစ်ခုက လက်ရှိအချိန်မှာ အဲဒီအင်စားစုတွေဟာ အပိုဝန်တစ်ခုကို မထမ်းနိုင်သေးပါဘူး။ လက်တွေ့ခရီးရောက်နိုင်မှုကို ရှေ့ရှုလိုတဲ့ အင်အားစုတွေဟာ ရက္ခိုင့်တပ်တော်နဲ့ မဟာမိတ်ဖြစ်လိုမှုကို ပိုပြီး အားစိုက်ကြပါလိမ့်မယ်။ ဒါပေမယ့် မရိုးသားမှုတွေနဲ့ ပြည့်နက်နေတဲ့ ဒီကနေ့ မြန်မာ နိုင်ငံရေးမှာ ငါတို့ တနိုင်ငံလုံးကို လွှမ်းမိုးထားပါတယ် ဆိုတဲ့ ဂုဏ်ပုဒ်ကို တက်မက်တဲ့ အင်အားစုတွေကတော့ နိုင်ငံရေး ကစားလိုမှုကြောင့် ALP ကို လက်သင့်ခံဖို့ စဉ်းစားကောင်း စဉ်းစားလာနိုင်ပါတယ်။ ဒါတွေကလည်း မြန်မာ့ တော်လှန်ရေး ဖြစ်စဉ်တစ်လျှောက်မှာ အသစ်အဆန်း တစ်ခုတော့ မဟုတ်ပါဘူး။ နေရာမှန်၊ လူမှန် မဟုတ်ရင်တော့ ရက္ခိုင်ပြည် နာတာပါပဲ။

မေး - ဒီထုတ်ပြန်ချက်ထွက်လာပြီး လူမှုကွန်ယှက်စာမျှက်နှာတွေပေါ်မှာ ALP နောက်မှာ စကစ ရှိနေသယောင်ယောင် ဝေဖန်ပြောဆိုနေကြတာတွေရှိပါတယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ -  ALP/ALA ဟာ တော်လှန်ရေး အစဉ်အလာ ကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ရပ်တည်ရေးအတွက် ရုန်းကန်နေရတာရှိကောင်းရှိမယ်။ ကားပါမစ်တွေ၊ စီးပွားရေးလုပ်ပိုင်ခွင့် ရှာချင်ရှာမယ်။ ဒါပေမယ့် ဒီလို လက်လွတ်စပယ် အလုပ်မျိုးကိုတော့ သူတို့ မလုပ်လောက်ဘူးလို့ ယုံကြည်ပါတယ်။ အဲဒီလို လုပ်လိုက်ရင် ရက္ခိုင်ပြည်သူတွေရဲ့ တုန့်ပြန်မှုက ဘယ်လောက်ထိ ပြင်းထန်မလဲဆိုတာကို မသုံးသပ်၊ မဆင်ခြင်နိုင်လောက်အောင်ထိ ALP/ALA က တာဝန်ရှိသူတွေ မညံ့သေးဘူးလို့ ယူဆပါတယ်။

မေး - ALP/ALA ကို ဘာတွေ အကြံပြုချင်ပါသလဲ။
ဖြေ -
၁။ ရန်သူရဲ့ ကျူးကျော်စစ်ကို ခုခံတွန်းလှန်နေရတဲ့ တော်လှန်ရေးကာလမှာ ရက္ခိုင်ပြည်သူတွေကော၊ တော်လှန်ရေး ရဲဘော်တွေမှာပါ တစ်ခုတည်းသော ရှိရမယ့် အစွဲက “ရက္ခိုင်ပြည်သူလူထု အကျိုးစီးပွား” ပဲဖြစ်ပါတယ်။ ပါတီစွဲ လဲ မဟုတ်သလို တပ်စွဲ၊ ခေါင်းဆောင်စွဲလဲ မဟုတ်ပါဘူး။ “တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်” ဆိုတဲ့ ဗမာပြည်က ဆောင်ပုဒ်ကို ကော်ပီ ကူးချပြီး “ငါတို့ပါတီ နေရာရှိမှ ရက္ခိုင်ပြည်ကြီး ကောင်းစားမည်” လို့ မတွေးမိပါစေနဲ့လို့ အရင်ဆုံး ဆုတောင်းချင်ပါတယ်။

၂။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ဂုဏ်သိက္ခာကို ထိမ်းသိမ်းရမယ့် တာဝန်ဟာ ပါတီဝင်တွေဆီမှာပဲ တာဝန်ရှိတာ မဟုတ်ပါဘူး။ ရက္ခိုင်ပြည်သူတွေမှာလဲ တာဝန်ရှိပါတယ်။ ဒါကြောင့် ALP/ALA အနေနဲ့ ရက္ခိုင်ပြည်သူနဲ့ ပိုနီးစပ်မယ့် လမ်းကြောင်းကို ရွေးပါလို့ အကြံပြုချင်ပါတယ်။

၃။ မဟာမိတ်ကြား နေရာရရှိရေးထက် ရက္ခိုင်ပြည်သူတွေရဲ့ ထောက်ခံ အားပေးမှုကို ရရှိရေးကို ဦးစားပေးစေလိုပါတယ်။ ရှင်းရှင်းပြောရရင် အိမ်ကို ပြန်လာပါတော့လို့ပဲ မှာချင်ပါတယ်။ ကျနော်လဲ ရက္ခိုင်မြေပေါ်က ဦးခိုင်စိုးနိုင်အောင် အိမ်ကို အလည်သွားရင်း အကြမ်းရေလေးသောက်ကာ ဟိုစကား၊ ဒီစကားလေးတွေ ပြောချင်ပါသေးတယ်။

ALP/ALA လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ပါစေလို့ ဆုတောင်းယင်း
သာလီစွပါ

Larn Hta (လင်းထက်)_ရေးသားသည်
၉.၁.၂၀၂၂

ဗီဒီယိုများ