အန္တရာယ်ကြားထဲက ဝေဖန်ထောက်ပြသူတွေရဲ့ ပီတိ

ဒီခေါင်းစဉ်ကို ပေးရတာဟာလဲ အခြားကြောင့်ပေးတာမဟုတ်ပါဘူး။ တိုင်းပြည်တစ်ပြည်ရဲ့အောက်မှာ ပြည်သူ လူထုဆိုတာရှိစမြဲပဲဖြစ်ပါတယ်။ အဲဒီပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ဘယ်အစိုးရမဆို ကွင်းဆင်းကာ လေ့လာကြည့်ရှုပြီး မှတ်တမ်းတင်နိုင်တာ တော်တော်လေးနည်းမယ်ဆိုတာကို သက်သေ သာဓကနဲ့တစ်ကွ တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုတွေက အခုအချိန်ထိ ချပြနိုင်စမြဲဖြစ်ပါတယ်။

By DMG 05 Jan 2022

ဒီခေါင်းစဉ်ကို ပေးရတာဟာလဲ အခြားကြောင့်ပေးတာမဟုတ်ပါဘူး။ တိုင်းပြည်တစ်ပြည်ရဲ့အောက်မှာ ပြည်သူ လူထုဆိုတာရှိစမြဲပဲဖြစ်ပါတယ်။ အဲဒီပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ဘယ်အစိုးရမဆို ကွင်းဆင်းကာ လေ့လာကြည့်ရှုပြီး မှတ်တမ်းတင်နိုင်တာ တော်တော်လေးနည်းမယ်ဆိုတာကို သက်သေ သာဓကနဲ့တစ်ကွ တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုတွေက အခုအချိန်ထိ ချပြနိုင်စမြဲဖြစ်ပါတယ်။

အဲဒါကြောင့်ပဲ တိုင်းပြည်တစ်ပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ မီဒီယာအခန်းကဏ္ဍဟာ ပေါ်ပေါက်လာရတာလည်း ဖြစ်ပါတယ်။ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ အသုံးအနှုန်းကတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးတွေရဲ့ အားနည်းချက် အားသာချက်တွေကို ထောက်ပြ ဝေဖန်ပေးပြီး ပြည်သူလူထုရဲ့ အကျိုးကို ရှေးရှုလုပ်ဆောင် ပေးရတဲ့ မဏ္ဍိုင်တစ်ခုလည်း ဖြစ်ပါတယ်။

အဲဒီလို စတုတ္ထမဏ္ဍိုင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Development Media Group သတင်းဌာနအနေနဲ့လည်း အခက်အခဲမျိုးစုံကြားထဲက ဖြတ်သန်းလာခဲ့ရတာဟာ လာမယ့် ဇန်နဝါရီလ ၉ ရက်နေ့ဆိုရင် ဆယ်စုနှစ်တစ်ခုကို ရောက်ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။

မီဒီယာတစ်ခုအနေနဲ့ ဆယ်နှစ်တာခရီးကို ဖြတ်သန်းလာရတဲ့အချိန်မှာ ပြည်သူလူထုနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှု/ဝေဖန်မှုတွေကိုလည်း ကြိုကြားကြိုကြား ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီလို ဝေဖန်ခံရမှုတွေကြားထဲမှာ သတင်းသမားတွေရဲ့ လုံခြုံရေးပိုင်းဆိုင်ရာတွေကလည်း အရေးပါလာပါတယ်။

သတင်းသမားတစ်ယောက်အနေနဲ့ လုပ်ကိုင်ရတာတွေကလည်း မလွယ်ကူလှပါဘူး။ ဓါးသွားပေါ်မှာ လမ်းလျှောက် နေရတဲ့ ဘဝတွေပဲဖြစ်ပါတယ်။ စစ်ကောင်စီလက်ထက်မှာ ပြင်ဆင် ပြဌာန်းလိုက်တဲ့ သတင်းမီဒီယာ ဥပဒေအရ သတင်းသမားတစ်ယောက်ဟာ အချိန်မရွေး စစ်ကြောရေးကို ရောက်သွားနိုင်ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့မှာ ဓာတ်ပုံရိုက်ကူးခဲ့တဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ဟာ စစ်ကြောရေးအတွင်းမှာ သေဆုံးသွားတာကိုကြည့်ရင် သတင်းသမားတစ်ယောက်ရဲ့ အသက် အန္တရာယ်ဟာ ဘယ်လောက်ထိ ကြီးမားတယ်ဆိုတာကို သိကြပါလိမ့်မယ်။ လက်ရှိမှာလည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်း သတင်းသမား ဖမ်းဆီးခံရမှုအရေအတွက်ဟာလည်း တဖြည်းဖြည်း များပြားလာနေပါတယ်။

ဒါပေမဲ့လည်း ဒီလောက်အန္တရာယ်တွေကြားထဲမှာ သတင်းမီဒီယာသမားတစ်ယောက်အဖြစ် ဘာကြောင့် ရပ်တည် နေရတာလဲ။ ရှင်းပါတယ်၊ သတင်းသမားတစ်ယောက်မှာ ကျောင်းဆရာ/မ တွေကို ခိုင်းနှိုင်းတဲ့ဆောင်ပုဒ်တစ်ခုလို “စေတနာ၊ အနစ်နာ၊ ဝါသနာ” ဆိုတဲ့ နာသုံးနာထက် မလျော့တဲ့ ပေးဆပ်မှုတွေလည်း ရှိနေပါတယ်။

Development Media Group အနေနဲ့လည်း ဆယ်နှစ်တာကာလခရီးမှာ ကိုယ်ကျိုးအတွက် လုပ်ဆောင်ခဲ့ တာမျိုးမရှိခဲ့ဘဲ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကိုပဲ ဇောင်းပေးပြီး ရေးသား ဖော်ပြခဲ့တာတွေပဲ ရှိခဲ့ပါတယ်။

အဲဒီလို ရေးသားဖော်ပြမှုတွေအတွင်း သတင်းတချို့ကြောင့် အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ တရားစွဲဆိုမှု တွေကိုလည်း အကြိမ်ကြိမ် ခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း DMG သတင်းဌာန အနေနဲ့ အခက်အခဲကြားထဲကနေ ရှေ့ခရီးကို ဆက်လျှောက်နေဆဲပဲ ဖြစ်ပါတယ်။

မီဒီယာတွေရဲ့ ထောက်ပြဝေဖန်မှုတွေကြောင့် အာဏာပိုင်အဖွဲ့အစည်းတွေက ငြိုငြင်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီလို ထောက်ပြဝေဖန်မှုတွေကြောင့် အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်တာတွေကို ပြည်သူတွေအနေနဲ့လည်း သိရှိပြီး ဖြစ်ပါလိမ့်မယ်။

နောက်ထပ်လည်း လူမှုဘဝတွေရဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေကို အများပြည်သူသိအောင် “နာသုံးနာ” ထက် မလျော့တဲ့စေတနာနဲ့ ရေးသားတင်ဆက်ခဲ့တာကြောင့် လိုအပ်ချက်ရှိတဲ့ ပြည်သူတွေအနေနဲ့ အတိုင်းအတာ တစ်ခုထိ ပြေလည်သွားခဲ့ကြတာ တွေလည်း ရှိပါတယ်။

မီဒီယာအဖွဲ့အစည်းတစ်ခုအနေနဲ့ ဝေဖန်မှုတွေခံရတဲ့အပြင် အန္တရာယ်တွေကြားထဲမှာ ဖြတ်သန်းရင်းနဲ့ ဒုက္ခ ပင်လယ်ထဲက အခြေခံလူတန်းစားတချို့ရဲ့ ဘဝတွေကို အကူအညီတွေရရှိအောင် ထောက်ပြပေးခဲ့တာတွေလည်း ရှိပါတယ်။ အဲဒီလိုထောက်ပြရင်း သူတို့ဘဝတွေအတွက် အထောက်အပံ့တစ်ခုခု ရခဲ့ပြီဆိုတဲ့သတင်းစကားက မီဒီယာတစ်ခုရဲ့ ပီတိဟာ အတိုင်းမသိ ဝမ်းသာမှုကို ခံစားလိုက်ရတဲ့ အခိုက်အတန့် တစ်ခုပဲ ဖြစ်ပါတယ်။

အဲဒါကြောင့် အာဏာပိုင်တွေပဲဖြစ်ဖြစ် ပြည်သူလူထုကပဲဖြစ်ဖြစ် အန္တရာယ်တွေကြားထဲက သတင်းမီဒီယာတွေရဲ့ ပြည်သူတွေအပေါ် စေတနာထားမှု၊ အနစ်နာခံမှု၊ ဝါသနာအရ လုပ်ဆောင်မှုတွေအတွက် အလေးထား အသိအမှတ်ပြုပေးကြဖို့ လိုအပ်တယ်ဆိုတာကို လူတိုင်းနားလည်ပေးစေချင်ပါကြောင်း DMG ရဲ့ ၁၀ နှစ်တာ ဖြတ်သန်းမှု အတွေ့အကြုံအရ ရေးသားဖော်ပြလိုက်ရပါတယ်။

ဗီဒီယိုများ