စစ်အာဏာသိမ်းမှုနောက်ကွယ်က အခြေခံလူတန်းစားတွေရဲ့ ဆင်းရဲတွင်းသံသရာ

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး (၁)နှစ်ကျော်ကြာမြင့်လာတဲ့အချိန်မှာတော့ ကုန်ဈေးနှုန်းတွေဟာ တရိပ်ရိပ်နဲ့ အဆမတန်မြင့်တက်လို့လာနေတာလည်း ဖြစ်ပါတယ်။ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေထဲမှာ နိုင်ငံခြားကတင်သွင်းရတဲ့ လောင်စာဆီနဲ့ ဆောက်လုပ်ရေးပစ္စည်းမျိုးတွေသာမက ပြည်တွင်းထုတ်ကုန်တွေဖြစ်တဲ့ အခြေခံစားသောက်ကုန်တွေပါ မြင့်တက်လာနေပါတယ်။

12 Mar 2022

DMG ၊ မတ်လ

အယ်ဒီတာ့အာဘော်

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး (၁)နှစ်ကျော်ကြာမြင့်လာတဲ့အချိန်မှာတော့ ကုန်ဈေးနှုန်းတွေဟာ တရိပ်ရိပ်နဲ့ အဆမတန်မြင့်တက်လို့လာနေတာလည်း ဖြစ်ပါတယ်။ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေထဲမှာ နိုင်ငံခြားကတင်သွင်းရတဲ့ လောင်စာဆီနဲ့ ဆောက်လုပ်ရေးပစ္စည်းမျိုးတွေသာမက ပြည်တွင်းထုတ်ကုန်တွေဖြစ်တဲ့ အခြေခံစားသောက်ကုန်တွေပါ မြင့်တက်လာနေပါတယ်။

အိမ်တစ်အိမ်မှာ ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် အစရှိတဲ့ပစ္စည်းတွေဟာ မရှိမဖြစ်လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေပဲ ဖြစ်ပါတယ်။ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းအဆမတန်မြင့်တက်လာတာနဲ့အမျှ ကုန်ဈေးနှုန်းမြင့်တက်မှုရဲ့ဒဏ်ကို အလူးအလဲခံစားရသူတွေကတော့ လက်လုပ်လက်စားအလုပ်သမားတွေနဲ့ ဝင်ငွေနည်းပါးတဲ့ အခြေခံလူတန်းစားတွေပါ။

အခြေခံလူတန်းစားတွေထဲမှာတောင် ကျေးလက်နေပြည်သူတွေထက် မြို့ပြမှာပြောင်းရွှေ့နေထိုင်နေကြရတဲ့ ပြည်သူတွေက ဒီဒဏ်ကို ပိုပြီးတော့ခံစားနေကြရပါတယ်။ မြို့ပြမှာ ပြောင်းရွှေ့အခြေချလာသူအများစုဟာ ရွှေ့ပြောင်းလုပ်သားတွေဖြစ်တာနဲ့အညီ အိုးပိုင်အိမ်ပိုင်နဲ့ နေထိုင်နိုင်သူတွေနည်းပါးပြီး အိမ်ငှားဘဝနဲ့နေထိုင်နေရသူတွေက ပိုများပါတယ်။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ပြည်နယ်တစ်ခုပါ။ ဒေသထွက်စားသောက်ကုန်တွေ မလုံလောက်မှုကြောင့် ပြည်မကဘက်ကတင်သွင်းပြီး အခြေခံစားသောက်ကုန်မလုံလောက်မှုကို ဖြေရှင်းပေးနေရတဲ့ ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်မှုဟာ စက်သုံးဆီဈေးတွေ မြင့်တက်လာတာနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။ ပြည်မကနေတင်သွင်းနေတဲ့ ကုန်ပစ္စည်းသယ်ယူနေတဲ့ယာဉ်တွေဟာ စက်သုံးဆီဈေးမြင့်တက်လာမှုကြောင့် သယ်ယူပို့ဆောင်စရိတ်ကို တိုးမြှင့်ကောက်ခံတာတွေရှိလာတဲ့အတွက် ကုန်ဈေးနှုန်းတွေမြင့်တက်လာရတာလည်း ဖြစ်ပါတယ်။

လက်ရှိကုန်ဈေးနှုန်းအတိုင်းဆိုပါမူ အခြေခံလူတန်းစားတစ်ယောက်အနေနဲ့ မိမိတစ်ဦးတည်းဝင်ငွေနဲ့ မိသားစုရပ်တည်ရေးကို မဆိုထားဘိ မိမိတစ်ဦးတည်းရပ်တည်ရေးပင် မလွယ်ကူတော့တဲ့အနေအထားပါ။ ယခင်က တစ်ထောင်တန်ပစ္စည်းတစ်ခုကို နှစ်ထောင်ကျော်ပေးဝယ်နေကြရပေမဲ့လည်း လုပ်အားခတွေက တိုးမလာတဲ့အခါ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။

နောက်ထပ်တစ်ချက်ကလည်း လျှပ်စစ်မီးအချိန်ကြာမြင့်စွာဖြတ်တောက်ခံနေရတာကြောင့် တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေကြတဲ့ အသေးစားအလတ်စား စက်မှုလုပ်ငန်းလည်ပတ်မှု ထိခိုက်တာတွေကြောင့်လည်း ကုန်ဈေးနှုန်းမြင့်တက်ရတာလည်း ဖြစ်ပါတယ်။ လျှပ်စစ်မီတာခတွေ ဈေးနှုန်းမြင့်တက်လာတာ၊ ကိုယ်ပိုင်မီးစက်တွေကိုအသုံးပြုပြီး ထုတ်လုပ်နေကြရတာတွေကြောင့် ကုန်ထုတ်လုပ်မှုစရိတ် မြင့်တက်လာခြင်းနဲ့အတူ ကုန်ဈေးနှုန်းတွေမြင့်တက်သွားပါတော့တယ်။

စားသောက်ဆိုင်တွေ၊ ထမင်းဆိုင်တွေအနေနဲ့ လျှပ်စစ်မီးပြတ်တောက်မှုရဲ့ နောက်ဆက်တွဲအဖြစ် ထင်း၊ မီးသွေးတွေကို ဝယ်ယူသုံးစွဲနေကြရတာကြောင့် ယခင်ရောင်းချနေတဲ့ဈေးနှုန်းထက်ပိုပြီး ရောင်းချကြရပါတယ်။ ရောင်းချတဲ့သူတွေမှာ ကုန်ကျစရိတ်များပြားလာခြင်းကြောင့် ဝယ်ယူစားသုံးသူတွေအတွက်လည်း ကုန်ကျငွေ များပြားလာရပါတယ်။

မိမိရဲ့ဝင်ငွေနဲ့ အသုံးစရိတ် မျှတမှုမရှိဖြစ်လာတဲ့အခါ လူတွေဟာ ထွက်ပေါက်ကို လိုက်ရှာတတ်ကြပါတယ်။ အဲဒါကတော့ ငွေကို လွယ်လွယ်နဲ့ရနိုင်တဲ့ လောင်းကစားမျိုးစုံပြုလုပ်လာကြခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိမှာ နှစ်လုံးထီ၊ သုံးလုံးထီတို့အပြင် အွန်လိုင်းကနေ လောင်းကစားမျိုးစုံကို ပြုလုပ်လာကြတာကိုလည်း တွေ့မြင်နေကြရမှာပါ။ တစ်ချို့ကဆိုရင် ငွေအစစ်တစ်သိန်းကို ငွေတု ဆယ်သိန်းရမယ်ဆိုပြီး အွန်လိုင်းပေါ်ကနေ ငွေတုရောင်းဝယ်ရေးတွေအထိပါ ပြုလုပ်လာနေကြပါတယ်။

ဈေးကွက်ထဲကို ငွေတုတွေရောက်လာတာနဲ့အမျှ ငွေကြေးဖောင်ပွမှုတွေ ပိုမိုများပြားလာပြီး ကုန်ဈေးနှုန်းတွေ ဈေးထပ်တက်လာမယ်။ အခြေခံလူတန်းစားတွေဟာ စားဝတ်နေရေး ဝဲဂယက်ထဲမှာပဲပိတ်မိနေပြီး နိုင်ငံရေး၊ စီးပွားရေးတွေဖက်ကို လှည့်မကြည့်နိုင်တော့ဘဲ ချမ်းသာတဲ့သူတွေက ပိုချမ်းသာလာပြီး ဆင်းရဲတဲ့သူတွေက ပိုပြီးမွဲတေလာပါမယ်။ အောက်ခြေဝန်ထမ်းတွေအနေနဲ့ ဝင်ငွေမလုံလောက်မှုကြောင့် လာဘ်ပေးလာဘ်ယူတွေ ပြုလုပ်လာမယ်။ ဒါဟာ တိုက်ဆိုင်မှုသက်သက်မဟုတ်ဘဲ စနစ်တကျစီမံထားတဲ့ နိုင်ငံရေးစနစ်တစ်ခုဖြစ်သလို စစ်အာဏာရှင်တိုင်း လုပ်လေ့လုပ်ထရှိတဲ့ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။

ဆင်းရဲမွဲတေမှုမြင့်မားလာလေ ပညာရေးပိုင်းမှာနိမ့်ကျလေလေဖြစ်ပြီး ပညာတတ်နည်းပါးတဲ့တိုင်းပြည်ကို အာဏာရှိသူတို့ စိတ်ကြိုက်ခြယ်လှယ်အုပ်ချုပ်ပါလိမ့်မယ်။ ဒါဟာ အခုမှဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်မဟုတ်ဘဲ ၁၉၆၂ ကပင် ၂၀၁၀ ခုနှစ်ထိ ပြည်သူတွေကြုံတွေ့ခဲ့ပြီးသား အရာတွေပဲဖြစ်ပါတယ်။

ဒါကြောင့် ကုန်ဈေးနှုန်းတွေမြင့်တက်လာရတဲ့အကြောင်းရင်းဟာ စီမံအုပ်ချုပ်ပုံညံ့ဖျင်းလို့ တစ်ခုတည်းကြောင့်မဟုတ်ဘဲ နိုင်ငံရေးစနစ်ရဲ့ ပယောဂကြောင့်လည်းဖြစ်တယ်ဆိုတာကို သတိချပ်ကြစေလိုပါတယ်။

အိမ်နီးချင်းနိုင်ငံတွေက ဝင်ငွေနည်းပါးတဲ့ အလုပ်သမားအများစုဟာ စားဝတ်နေရေး အတော်အသင့်ဖူလုံမှုကိုရရှိနေကြပါတယ်။ အခြေခံအဆောက်အအုံပြည့်စုံပြီးသား နိုင်ငံတခုအတွက် အုပ်ချုပ်ရေးစနစ်ပြောင်းလဲသွားရုံနဲ့ အခြေခံလူတန်းစားတွေကို တိုက်ရိုက်ထိခိုက်မှုနည်းပါးပေမဲ့လည်း မြန်မာနိုင်ငံဟာ အခြေခံအဆောက်အအုံကိုတောင် ခိုင်မာစွာမတည်ဆောက်နိုင်သေးတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

ဥပမာ- အိမ်နီးချင်းထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုမကြာခဏ ဖြစ်ပွားလေ့ရှိပေမဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားတာမျိုးနည်းပါးပြီး လျှပ်စစ်မီးပြတ်တောက်တာတို့ ကုန်ဈေးနှုန်းခုန်တက်သွားတာမျိုးတို့ကို အခြေခံလူတန်းစားတွေကြုံတွေ့ရလေ့ မရှိကြပါဘူး။
တိုင်းပြည်မှာ ဆင်းရဲမွဲတေမြင့်တက်လေလေ အုပ်ချုပ်သူလူတန်းစားနှင့် လက်ပါးစေတစ်စုက ပိုပြီးချမ်းသာလေလေဆိုတာကို နှစ်ပေါင်း ၅၀ လောက် မြင်တွေ့ဖူးသားဖြစ်တဲ့အတွက် စနစ်ဆိုးတစ်ခုအောက်က ရုန်းထွက်နိုင်ဖို့ အားလုံးကြိုးစာကြရမှာလည်း ဖြစ်ပါတယ်။

ဗီဒီယိုများ