ကြားဖြတ်သတင်း

သံတိုင်ကြားက ကမ်းတဲ့လက်

ဝပြန်ကျေးရွာမှ ကျောက်ဘုတ်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပုဏ္ဏားကျွန်းမြို့ရှိ ကျောက်တင်စက်လှေတွင် အလုပ်လုပ်ရန် လာခေါ်သဖြင့် ကိုမောင်ထွန်းလှိုင်သည် ကျေးရွာမှ ကိုသန်းဌေးဆိုသူနှင့်အတူ အလုပ်လုပ်ရန် ရွာမှထွက်ခွာလာခဲ့သည်။ ထို့နေ့ကား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့။ ကိုမောင်ထွန်းလှိုင် တို့အတွက် ပြဿဒါးနေ့….

Admin 07 Jan 2023

 

DMG (လူမှုဘဝဆောင်းပါး)

ဝါးထရံကာ၊ ဓနိမိုးထားသည့် အခန်းကျဉ်းထဲတွင် လသားအရွယ် မွေးကင်းစကလေးတစ်ဦးအား ပုဆိုး(ရခိုင်အခေါ်-ဒယော)ဖြင့် ရိုက်ပတ်ကာ အသက် ၂၂ နှစ်အရွယ် မိခင်ဖြစ်သူက ထွေးပိုက်ထားသည်။ သားအမိနှစ်ဦးတည်းရှိသည့် ထိုနေအိမ်လေးထဲတွင် ကလေးငယ်၏ တစာစာအော်ငိုသံများကသာ လွှမ်းမိုးနေသည်။

အသက်(၂၂)နှစ်အရွယ် မညိုညိုဌေးမှာ မွေးကင်းစသားလေးနှင့်အတူ ထိုနေအိမ်တွင် အထီးကျန်စွာ ကျော်ဖြတ်လာခဲ့ရသည်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ဆိုလျှင် ရက်ပေါင်း ၅၀ တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

အသိုက်အမြုံ တည်ဆောက်ခြင်း

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ဆင်အိုးချိုင်ကျေးရွာမှ မညိုညိုဌေးနှင့် ဝပြန်ကျေးရွာမှ ကိုမောင်ထွန်းလှိုင်တို့မှာ ၂၀၂၁ ခုနှစ်၊ မေလအတွင်း နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြပြီးနောက် ဝပြန်ကျေးရွာတွင် အခြေချနေထိုင်ကာ တစ်အိုးတစ်အိမ် ထူထောင်ခဲ့ကြသည်။

ကိုမောင်ထွန်းလှိုင်မှာ တောင်ပေါ်တက် ဝါးခုတ်ကာ ရရှိလာသည့် ဝါးများကိုရောင်းချရင်း အသက်မွေးသူဖြစ်ပြီး တခါတရံတွင်ကား ကြုံရာကျပန်းအလုပ်များကို ဝင်လုပ်တတ်သည်။ အိမ်သူသက်ထား မညိုညိုဌေးမှာ အိမ်မှုကိစ္စများကို လုပ်ကိုင်ကာ အေးအတူပူအမျှဖြင့် လင်ယောကျ်ားနှင့်အတူ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းခဲ့ကြသည်။

၂၀၂၂ ခုနှစ်ဆန်းပိုင်းတွင် ကိုမောင်ထွန်းလှိုင်နှင့် မညိုညိုဌေးတို့ မိသားစုထဲကို ဝင်ရောက်လာမည့် ရင်သွေးငယ်ကို စတင်သန္ဓေတည်လာခဲ့သည်။ အိမ်ထောင်သက် တစ်နှစ်ကျော်အတွင်း ပထမဆုံးရရှိလာသည့် ရင်သွေးငယ်အတွက် ကိုမောင်ထွန်းလှိုင်တို့ ဇနီးမောင်နှံနှစ်ဦး အလွန်ပျော်နေခဲ့ကြသည်။ ထိုအချိန်ကား ရခိုင်ဒေသအတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်စစ်ရေးပဋိပက္ခ ပြင်းထန်ရန် အစပြုနေချိန်လည်းဖြစ်သည်။

တစစနှင့် ပြင်းထန်လာခဲ့သည့် စစ်ရေးအရှိန်ကြောင့် ကိုမောင်ထွန်းလှိုင် လုပ်ကိုင်နေသည့် တောင်ပေါ်တက်ပြီး ဝါးခုတ်သည့်အလုပ်မှာ အကန့်အသတ်မရှိ ရပ်တန့်လိုက်ရတော့သည်။ တဖြည်းဖြည်းနှင့် ရင့်မာလာသည့် မညိုညိုဌေး၏ ကိုယ်ဝန်မှာလည်း မွေးဖွားခါနီးလာလေပြီ။ 

ထို့ကြောင့် ကိုမောင်ထွန်းလှိုင်မှာ မွေးဖွားခါနီး ဇနီးနှင့် သားဦး(ပထမဆုံးသား)အတွက် အကောင်းဆုံးတွေ ဖန်တီးပေးမည့် ရည်မှန်းချက်ဖြင့် အလုပ်အကိုင်သစ်ရှာဖွေရန် နေအိမ်မှထွက်ခွာဖို့အတွက် အရဲစွန့်ဆုံးဖြတ်ခဲ့ရသည်။ 

“အိမ်ကမသွားခင် သူ(ကိုမောင်ထွန်းလှိုင်) ပြောခဲ့တာက ဘာမှစိတ်မပူနဲ့၊ ပြန်လာရင် ကလေးမွေးဖို့အတွက် အစစအရာရာ အဆင်ပြေသွားလိမ့်မယ်လို့ ပြောခဲ့တယ်” ဟု ကိုမောင်ထွန်းလှိုင် နေအိမ်ကမထွက်ခွာပြီး ပြောခဲ့သည့်စကားကို ဇနီးဖြစ်သူ မညိုညိုဌေးက ပြန်ပြောင်းပြောပြသည်။

ရှင်လျက်နှင့် ဝေးရခြင်း၏ အစ

ဝပြန်ကျေးရွာမှ ကျောက်ဘုတ်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပုဏ္ဏားကျွန်းမြို့ရှိ ကျောက်တင်စက်လှေတွင် အလုပ်လုပ်ရန် လာခေါ်သဖြင့် ကိုမောင်ထွန်းလှိုင်သည် ကျေးရွာမှ ကိုသန်းဌေးဆိုသူနှင့်အတူ အလုပ်လုပ်ရန် ရွာမှထွက်ခွာလာခဲ့သည်။ ထို့နေ့ကား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့။ ကိုမောင်ထွန်းလှိုင် တို့အတွက် ပြဿဒါးနေ့….

၎င်းတို့နှစ်ဦး ရွာမှထွက်လာပြီး ပုဏ္ဏားကျွန်းမြို့သို့မရောက်မီ လမ်းခုလပ်ဖြစ်သည့် ကန်စောက်အခြေစိုက် (ခမရ-၅၃၉)တပ်ရင်း စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

ရင်ကွဲစေသည့် သတင်းစကား

ကိုမောင်ထွန်းလှိုင် ဖမ်းဆီးခံရသည့်အကြောင်းကို အလုပ်ခေါ်သည့် ကျောက်ဘုတ်ပိုင်ရှင်အမျိုးသမီးက ထိုနေ့ညနေ ၃ နာရီခန့်တွင် မညိုညိုဌေးထံ လာရောက်သတင်းပါးခဲ့သည်။ ထိုအချိန်သည် မညိုညိုဌေးတစ်ယောက် မီးဖွားရန်ဗိုက်နာလာ၍ အရပ်လက်သည်နှင့် နပန်းလုံးနေရချိန်လည်းဖြစ်သည်။

“အဲဒီသတင်းကို ကြားတဲ့အချိန်မှာ ကျမမှာ ကလေးမွေးဖို့ ရေမြွာတောင်ပေါက်နေပြီ။ ကျမလည်း ယောက်ျားကို စိတ်ပူသွားတာတစ်မျိုး။ ဗိုက်နာတာတစ်မျိုးနဲ့ ရူးမတတ်အောင်ဘဲ။ ကလေးမွေးဖို့ အင်အားတွေတောင် မရှိတော့သလို ခံစားခဲ့ရတယ်” ဟု ခင်ပွန်းဖြစ်သူဖမ်းဆီးခံရသည့် အပူမီးတစ်ဖက်နှင့် သားဦးရတနာကို မွေးဖွားသန့်စင်ခဲ့ရပုံကို မညိုညိုဌေးက ဖွင့်ဟသည်။

၁၉ ရက်ကြာ စစ်ကြောရေး

ဝပြန်ကျေးရွာမှ ဖမ်းဆီးခံရသည့် ကိုမောင်ထွန်းလှိုင်နှင့် ကိုသန်းဌေးတို့ကို တွေ့ခွင့်ရရန် ၎င်းတို့ဖမ်းဆီးခံရပြီး နောက်တစ်နေ့(နိုဝင်ဘာလ ၁၉ ရက်)တွင် မိသားစုဝင်များနှင့် ကျောက်ဘုတ်ပိုင်ရှင်အမျိုးသမီးတို့က ကန်စောက်အခြေစိုက် (ခမရ-၅၃၉)တပ်ရင်းသို့ သွားရောက်မေးမြန်းခဲ့သည်။ သို့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။

ဇွဲမလျော့သော မိသားစုဝင်များသည် တစ်ပတ်လျှင်နှစ်ကြိမ်မျှ ထိုတပ်ရင်းသို့ သွားရောက်စုံစမ်းခဲ့ကြသည်။ သို့သော် ကိုမောင်ထွန်းလှိုင်နှင့် ကိုသန်းဌေးတို့၏ အရိပ်အယောင်ပင် မတွေ့ခဲ့ရ။ ပြန်လွှတ်ပေးပါလိမ့်မည်ဟု ဂိတ်စောင့်များ၏ ပြောစကားဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဝပြန်ကျေးရွာမှ ကိုမောင်ထွန်းလှိုင်နှင့် ကိုသန်းဌေးတို့ဖမ်းဆီးခံရပြီး ၁၉ ရက်မြောက်နေ့ဖြစ်သည့် (ဒီဇင်ဘာလ ၆ ရက်)နေ့တွင် (ခမရ-၅၃၉) တပ်ရင်းမှ ဖမ်းဆီးထားသည့် နောက်ထပ် ၆ ဦးနှင့်အတူ ကျောက်တော်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။

ထိုသတင်းကိုကြားသည့် မညိုညိုဌေးမှာ လသားအရွယ်ကလေးကို ပွေ့ချီကာ ခင်ပွန်းရှိမည့် ရဲစခန်းသို့ အချိန်မဆိုင်းမတွ သွားရောက်ခဲ့သည်။ မညိုညိုဌေးတို့သားအမိ ကိုမောင်ထွန်းလှိုင်ကို တွေ့ခွင့်ရခဲ့လေပြီ။

သို့သော် ကိုမောင်ထွန်းလှိုင် ဖမ်းဆီးခံရစဉ်က ရိုက်နှက်ခံခဲ့ရသည့် ကျောကုန်းပေါ်မှဒဏ်ရာများမှာ “အနာပုတ်”များ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည့် မညိုညိုဌေးမှာ ပြောစရာစကားလုံးရှာမတွေ့ဘဲ ဖြစ်နေသည်။

သူ(ကိုမောင်ထွန်းလှိုင်)က သားလေးကိုမြင်ချင်လို့ လာတွေ့ပါဆိုပြီး မှာလို့ ကလေးကိုချီပြီး ကျောက်တော်ရဲစခန်းမှာ သွားတွေ့တယ်။ မျက်နှာ၊ ခြေထောက်တွေမှာလည်း ဒဏ်ရာနဲ့။ လမ်းကောင်းကောင်းတောင် မလျှောက်နိုင်ဘူး။ နောက်ကျောမှာလည်း လောက်ကျနေတဲ့ ဒဏ်ရာကိုပြတယ်

“ကလေးကိုလည်း ပွေ့ချီချင်တယ်ပြောပေမဲ့ အချုပ်ခန်းထဲမှာဆိုတော့ ချီခွင့်မရဘူး။ ဆိုတော့ ဝမ်းနည်းပြီးငိုတယ်။ သူငိုနေတာမြင်တော့ ကျမလည်း အရမ်းစိတ်မကောင်းဖြစ်သွားတယ်” ဟုပြောရင်း မညိုညိုဌေးတစ်ယောက် မျက်လုံးအိမ်မှစီးကျလာသည့် မျက်ရည်စက်များကို လက်ဖြင့်သုတ်လိုက်သည်။ 

ကိုမောင်ထွန်းလှိုင်မှာ ကိုယ်ပေါ်တွင်ရရှိခဲ့သည့် ဒဏ်ရာများကြောင့် ရဲစခန်းသို့ရောက်ပြီး မကြာမီတွင် ကျောက်တော်ဆေးရုံကြီးသို့ တက်ရောက်၍ ဆေးကုသမှု ခံယူခဲ့ရသည်။ ယခုအချိန်ထိလည်း ဆေးဝါးများကို မှီဝဲနေရဆဲဟု ဇနီးဖြစ်သူကပြောသည်။

စစ်ကြောရေးအတွင်း ကိုမောင်ထွန်းလှိုင်မှာ ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်သည့် ကိစ္စများအား မေးမြန်းခံခဲ့ရသည်ဟု မညိုညိုဌေးက ပြောပြသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကား ကိုမောင်ထွန်းလှိုင်ကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)ဖြင့် အမှုဖွင့်လိုက်တော့သည်။

“အေအေနဲ့ဆက်စပ်ပါတယ်လို့ ပြောဆိုပြီး စစ်ကြောရေးမှာ အတင်းဝန်ခံခိုင်းတယ်။ ဝန်မခံရင် ရိုက်တဲ့အတွက် ကြောက်ပြီး ဝန်ခံလိုက်ရတာဆိုပြီး ကျမယောက်ျားက ပြောပြတယ်။ ဒါကြောင့် ရဲစခန်းကိုပို့ပြီး အခုလိုတရားစွဲလိုက်တာ” ဟု ခင်ပွန်းဖြစ်သူ အမှုဖွင့်ခံရသည့်အဖြစ်ကို မညိုညိုဌေးက မခံချိမခံသာပြောသည်။ 

အားကိုးရာမဲ့ သားအမိ

နဂိုတည်းက လက်လုပ်လက်စားဘဝဖြင့် ခင်ပွန်းသည်ကို အားထားနေရသည့် မညိုညိုဌေးမှာ လသားအရွယ် ကလေးတစ်ဦးနှင့် နေ့ရက်တိုင်းကို ခက်ခဲစွာကျော်ဖြတ်နေသည်။

တရားစွဲဆိုခံထားရသည့် ခင်ပွန်းဖြစ်သူ ကိုမောင်ထွန်းလှိုင်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပထမအကြိမ် ရုံးထုတ်ခဲ့သည်။ သို့သော် မညိုညိုဌေးမှာ ခင်ပွန်းဖြစ်သူအတွက် ရှေ့နေငှားပေးရန် မဆိုထားဘိ ရုံးချိန်းကိုသွားနိုင်ရန်ပင် မလွယ်ကူပေ။ နှစ်ဖက်ဆွေမျိုးမှာလည်း ဆင်းရဲချို့တဲ့ကြသဖြင့် အကူအညီရရှိရန် ခက်ခဲသည်ဟု မညိုညိုဌေးကဆိုသည်။

လက်ရှိတွင်ကား ဝပြန်ကျေးရွာသားများ၏ စုပေါင်းကူညီမှုဖြင့်သာ သားအမိနှစ်ဦး ထမင်းနှပ်မှန်အောင်စားရေးနှင့် ခင်ပွန်းဖြစ်သူ ကျန်းမာရေးကို ဖြေရှင်းနေရသည်။

“အခုတောင် စားစရိတ်တွေကို ရွာကလူတွေက စေတနာရှိသလောက် ပေးထားကြလို့ ထမင်းစားနေရတာ” ဟု ရင်ဆိုင်နေရသည့်အခက်အခဲကို မညိုညိုဌေးက ပြောပြသည်။ လသားအရွယ်ကလေးမှာလည်း ကျန်းမာရေးချူချာ၍ ဆေးခန်းသွားပြရန်အလို့ငှာ သူမအနေဖြင့် မည်သို့မျှ မကြံဆနိုင်ဖြစ်နေရပြန်သည်။ 

“လက်ထဲမှာ ပိုက်ဆံတစ်ပြားမှမရှိတော့ ကလေးကိုလည်း ဆေးမကုပေးနိုင်ဘူး။ ကလေးနေမကောင်းလို့ တစ်ညလုံး ငိုရင်လည်း ဘာမှမတတ်နိုင်ဘူး။ သူ,မအိပ်ရင် ကိုယ်လည်းမအိပ်ရဘဲ မိုးလင်းသွားတဲ့နေ့တွေမှ အများကြီးပဲ” 

ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံရချိန်မှစ၍ သောကများနေရသည့် မညိုညိုဌေးက ရင်ခွင်ထဲမှသားလေးကို ကြည့်ကာ သက်ပြင်းကြီးချရင်း နောက်ဆုံးပြောလိုက်သည်က “ကျမဘဝက ကလေးတစ်ယောက်နဲ့ ဖရိုဖရဲဖြစ်နေပြီ…”

- နှင်းအိချို ရေးသည်။

ဗီဒီယိုများ