ကြားဖြတ်သတင်း

စစ်ကောင်စီက နေရပ်ပြန်ပို့သည့် အဘောင်သားကျေးရွာမှ စစ်ဘေးရှောင်များ စားဝတ်နေရေးအတွက် အကူအညီများလိုအပ်နေ

စစ်ကောင်စီက နေရပ်ပြန်ပို့သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ စစ်ဘေးရှောင်များသည် ၎င်းတို့၏ စားဝတ်နေရေးအတွက် အခက်အခဲကိုယ်စီရှိနေကြကာ အကူအညီအထောက်အပံ့များရရှိရန် လိုအပ်နေကြောင်း DMG မှ စုံစမ်းသိရှိရသည်။

Admin 27 Dec 2022

DMG ၊ ဒီဇင်ဘာ ၂၇

စစ်ကောင်စီက နေရပ်ပြန်ပို့သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ စစ်ဘေးရှောင်များသည် ၎င်းတို့၏ စားဝတ်နေရေးအတွက် အခက်အခဲကိုယ်စီရှိနေကြကာ အကူအညီအထောက်အပံ့များရရှိရန် လိုအပ်နေကြောင်း DMG မှ စုံစမ်းသိရှိရသည်။

အဆိုပါ အဘောင်သားကျေးရွာမှ ကျေးရွာသားများမှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲကြောင့် စစ်ဘေးလာရှောင်ကြသူများဖြစ်ပြီး ယင်းကျေးရွာသူ/သား စစ်ဘေးရှောင် ၄၄၅ဦးကို ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် နံနက်ပိုင်းတွင် ပြည်နယ်စစ်ကောင်စီ သက်ဆိုင်ရာ တာဝန်ရှိသူများက နေရပ်သို့ ပြန်ပို့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ဘေးရှောင်များကို နေရပ်ပြန်ပို့ရာတွင် တစ်စုံတစ်ရာထောက်ပံ့ခြင်းမရှိဘဲ စစ်ကောင်စီက နေရပ်သို့ ပြန်ပို့ခြင်းဖြစ်ကြောင်း အဘောင်သားကျေးရွာသားတစ်ဦးက DMG သို့ ပြောသည်။

“ ထောက်ပံ့တာတွေ မရှိသေးဘူး။ မနေ့ကပဲ လှေ ၆စီးနဲ့ အမှတ် ၁၁ ခြေမြန်တပ်ဌာနချုပ်မှ တပ်မမှူး ကိုယ်တိုင်လိုက်ပို့တယ်။ ရွာအထိတော့ မဟုတ်ဘူး။ ပလက်ဝနဲ့ အဘောင်သားရွာက ၃မိုင် ရှိတယ်လေ။ အဲဒါခရီးရဲ့တစ်ဝက် သရက်တောရွာလောက်ပဲ။ အဲဒီရောက်တော့ ခလရ ၂၈၉ တပ်ရင်းက ကြိုတယ်။ သူတို့ ပြန်ပါဆိုပြီး ပြန်ခိုင်းတာကြောင့် ကျနော်တို့ပြန်ရတာ။ ကျနော်တို့ ဒီမှာ တောင်ယာ၊ လယ်ယာလုပ်စားလို့လည်း မရတော့ဘူး။ အချိန်က နှှောင်းသွားပြီလေ။ သူတို့ဆီက ဘာမှလည်း မထောက်ပံ့ဘူး။ ဆန်တစ်ဘူးတောင် ကျနော်တို့ပါမလာဘူး” ဟု ၎င်းက ပြောသည်။

ထို့အပြင် ကျန်ရှိခဲ့သည့် နေအိမ်များမှာလည်း ပျက်စီးနေပြီး ကျန်ခဲ့သော လူအသုံးအဆောင်များမှာလည်း ပေါက်ပြဲ ပျက်စီးနေသောကြောင့် အကူအညီများလိုအပ်သည်ဟု အဘောင်သားကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

“ ကျမတို့ကို နေရပ်ကို ချက်ချင်းပို့တာကြောင့် ကျမတို့မှာ ဘာမှမယူခဲ့ရဘူး။ ပြီးရင် ကျန်ခဲ့တဲ့ နေအိမ်တွေလည်း ပျက်စီးနေပြီ။ ကျန်ခဲ့တဲ့ အိုးတွေပန်းကန်တွေလည်း ပေါက်လို့။ သေတ္တာတွေလည်း အကုန်လုံးပွင့်ပြီး အဝတ်အထည်နဲ့ စောင်တွေလည်း မရတော့ဘူး။ ကျမတို့ကို နေရပ်ပြန်ပို့ပြီး ဘာမှလည်း ထောက်ပံ့ပေးတာ မရှိဘူး။ ကျမတို့ မြင်ရတာတွေ မျက်ရည်တောင်ကျပါတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

စစ်ကောင်စီမှ စစ်ဘေးရှောင်များအား နေရပ်ပြန်ခိုင်းပြီး ကျေးရွာ၌ မိုင်းမရှင်းလင်းပေးသည့်အပြင် ထောက်ပံ့မှု တစ်စုံတစ်ရာမရရှိသောကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေကြောင်း အခြားကျေးရွာသားတစ်ဦးက ဆက်ပြောသည်။

“ ကျနော်တို့ ရွာကို AA ဘက်ကလည်း မိုင်းရှင်းလင်းမပေးသေးဘူး။ စစ်တပ်ဘက်ကလည်း မိုင်းရှင်းလင်းမပေးဘူး။ သူတို့ ပြန်ခိုင်းလို့သာ ပြန်ရတာ။ ကျနော်တို့မှာ ဘာအထောက်အပံ့မှ မရဘူး။ ရွာရောက်ရင် ကျနော်တို့မှာ လယ်လုပ်လို့လည်းမရဘူး။ တောင်ယာစပါးတွေလည်း စိုက်လို့မရဘူး။ ကျနော်တို့ ဘာကိုစားရမလဲတောင်မသိဘူး။ ကျနော်တို့မှာ စီးပွားရေးက အဓိကမဟုတ်ဘူး။ စားဝတ်နေရေးက အဓိက။ ကျနော်တို့မှာ ဆန်တစ်ဘူးဝယ်စားမှာကို ပိုက်ဆံတစ်ပြားတစ်ချပ်တောင်မရှိဘူး” ဟု ၎င်းက ပြောသည်။

ဒေသခံများ လွတ်လပ်စွာသွားလာနိုင်ရန်နှင့် စီးပွားရေးများ ပြန်လည်လုပ်ဆောင်ရန် ကျေးရွာ၌ မိုင်းရှင်းလင်းပေးရန် လိုအပ်နေပြီး နေအိမ်များပြန်လည်ပြုပြင်ပေးရန် အထောက်အပံ့လိုအပ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ပလက်ဝမြို့ပေါ်မှ စစ်ဘေးရှောင်များအရေးကူညီဆောင်ရွက်ပေးနေသည့် ဦးဇာနီကလည်း “မနေ့က ၁၀နာရီလောက်မှာ ပြန်သွားတာ။ သူတို့ လောလောဆယ် အထောက်အပံ့ရတာ ဘာမှမရှိဘူး။ ကျနော်တို့ဆီကလည်း မထောက်ပံ့နိုင်သေးဘူး။ ဘေးစီမံတို့က ပေးမလား။ နောက်ဆိုရင် သူတို့ ပြန်သွားပြီဆိုတာတင်ပြပြီးတော့ ချင်းပြည်နယ် အစိုးရကိုတင်ပြပြီးနောက်မှာမှ ထောက်ပံ့မလား၊ အရင်ကလည်း အဲလိုပြန်ပြီးမှ ထောက်ပံတာတွေတော့ရှိတယ်”ဟု ပြောသည်။

အဘောင်သားကျေးရွာမှ ဒေသခံများမှာ တောင်ယာ၊ လယ်ယာများကို အဓိကလုပ်ကိုင်ကြပြီး အချို့မှာ ဆနွင်းစိုက်ပျိုးကြကြောင်းလည်း သိရသည်။ လက်ရှိတွင် လယ်ယာနှင့် တောင်ယာများ စိုက်ပျိုးရန် အချိန်နှောင်းသွားပြီဖြစ်ပြီး ဆနွင်းများ စိုက်ပျိုးရန်အတွက်လည်း ငွေကြေးအခက်အခဲရှိကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ တကျော့ပြန်တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာရကာ နေရပ်ကိုပြန်သည့် စစ်ဘေးရှောင်များအတွက် အကူအညီများပေးအပ်ရန်ရှိ၊ မရှိကို DMG မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်မေးမြန်ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးသည့်အတွက် တုံ့ပြန်ဖြေကြားချက် မရရှိသေးပေ။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားသော်လည်း စစ်ဘေးရှောင်များအား ကူညီထောက်ပံ့နသေည့် NGO/INGOနှင့် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ပြည်နယ်စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့် လွတ်လပ်စွာထောက်ပံ့ခွင့် မရရှိသေးပေ။

ဗီဒီယိုများ