ကြားဖြတ်သတင်း

မောင်တောတွင် ဖမ်းဆီးခံရသည့် ကျောင်းသူနှင့် ဒေသခံတစ်ဦးကို မတရားအသင်း ဥပဒေပုဒ်မများဖြင့် အမှုဖွင့်

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ အမှတ်(၂၄) ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည့် ဆယ်တန်းကျောင်းသူနှင့် ဒေသခံတစ်ဉီးတို့ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) (၂) တို့ဖြင့် အမှုဖွင့်ခံရထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

Admin 07 Dec 2022

ဖမ်းဆီးခံထားရသည့် မအေးမြစန္ဒာအားတွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၇

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ အမှတ်(၂၄) ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည့် ဆယ်တန်းကျောင်းသူနှင့် ဒေသခံတစ်ဉီးတို့ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) (၂) တို့ဖြင့် အမှုဖွင့်ခံရထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ထိုသို့ အမှုဖွင့်ခံရသူနှစ်ဦးမှာ မင်းပြားမြို့နယ်၊ ပြိုင်းတောရွာမှ ဆယ်တန်းကျောင်းသူ မအေးမြစန္ဒာ (၂၄)နှစ်နှင့် မောင်တောမြို့နယ်၊ အောင်သပြေကျေးရွာမှ ကယ်ရီမောင်းနှင်သူ ကိုမောင်မောင်ကျော်တို့ ဖြစ်ကြသည်။

၎င်းတို့နှစ်မှာ ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ် မှု ဥပဒေပုဒ်မ ၁၇(၁)(၂)နှင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့က ပထမအကြိမ် ချုပ်ရမန်ယူခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

“ ဒီလိုမျိုး မတရားအသင်းတွေနဲ့ ဆက်စပ်နေတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဆက်လည်း မဆက်စပ်ပါဘူး။ သူ့မှာ ကျောင်းစာလည်းတစ်ဖက် သင်တန်းလည်းတဖက်နဲ့ နေနေတာပါ။ အခုလို မတရားအသင်း နဲ့ ဆက်သွယ်နေတယ်ဆိုတာက စွပ်စွဲနေတာပဲဖြစ်ပါတယ်” ဟု မအေးမြစန္ဒာ၏ မိသားစုဝင်တစ်ဦးက DMG သို့ ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့က ဆယ်တန်းကျောင်းသူ မအေးမြစန္ဒာမှာ မောင်တောမြို့နယ်၊ မင်္ဂလာညွန့်ကျေးရွာသို့ အလည်လာပြီးနောက် မိမိကျေးရွာသို့ပြန်ရန်အတွက် ကိုမောင်မောင်ကျော် ဆိုင်ကယ်ဖြင့် မောင်တောမြို့ကိုသွားစဉ် ကြိမ်ချောင်း နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၇) စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

ယင်းနောက် သူတို့နှစ်ဦးမှာ တစ်လခန့်ကြာမြင့် ယခုကဲ့သို့ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၂ ခုဖြင့် အမှုဖွင့်ခံခဲ့ရခြင် းဖြစ်သည်။

လက်ရှိ ၎င်းတို့နှစ်ဦးမှာ မိသားစုဝင်များနှင့်တွေ့ခွင့်မရသေးသလို မည့်သည့်နေရာတွင် ဆက်လက်ထိန်း သိမ်းထားသည်ကိုလည်း မသိရှိရသေးသည့်အတွက် စိုးရိမ်ကြောင်း ဖမ်းဆီးခံထားရသူ ကိုမောင်မောင်ကျော်၏ အစ်ကိုဖြစ်သူ ဦးဦးချစ်တင်က ပြောသည်။

“ ကျနော်တို့ ညီကို ဘယ်နေရာမှာ ဖမ်းဆီးထားလည်းမသိဘူး။ မိသားစုဝင်တွေအနေနဲ့ တွေ့ခွင့်ရဖို့အတွက် ဖမ်းဆီးခံရတဲ့ နယ်ခြားစောင့်စခန်းမှာ လူကိုယ်တိုင် သွားရောက်စုံစမ်းပေမဲ့ တွေ့ခွင့်မရဘူး။ ဖမ်းဆီးခံရနေ့ကတည်းက အခုချိန်ထိတွေ့ခွင့်တောင်းတာ ၂ ကြိမ်ရှိပါပြီ။ သူတို့(နယ်ခြားစောင့်တပ်)ဆီက ဘာမှ ပြန်ပြောတာ မရှိပါဘူး ။ ရဲစခန်းသွားရောက်စုံစမ်းရင်လည်း အဲဒီနာမည်နဲ့ တစ်ယောက်မှ မရှိဘူးလို့ပြောပါတယ် ” ဟု ဦးဦးချစ်တင်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မောင်တော နယ်ခြားစောင့်ဂိတ်စခန်း နခခ(၇) နှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်နေဆဲဖြစ်သည်။

တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ၊ ရာဇသတ်ကြီးဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူမှာ လေးလအတွင်း ၄၆ ဦးအထိ ရှိခဲ့ကြောင်း DMG က ကောက်ယူထားသည့် အချက်အလက်များအရသိရသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA) တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှု ၅ လခန့်အထိကြာ မြင့်ခဲ့ပြီးနောက် လူသားချင်းစာနာထောက်ထားမှုကိုအခြေခံကာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်ကာ တိုက်ပွဲပြန်လည်ရပ်တန့်ခဲ့သည်။

ဗီဒီယိုများ