- ပုဏ္ဏားကျွန်းတွင် မြန်မာစစ်တပ်နှင့် AA တို့ စစ်သုံ့ပန်းများ ထပ်မံလှဲလှယ်
- အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်) ဖွဲ့စည်းထားမှုကို အသိအမှတ်ပြုပေးရန် တောင်းဆို
- ရခိုင်နှင့် ပလက်ဝတွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် တစ်နှစ်အတွင်း သေဆုံး၊ ဒဏ်ရာရသူ ၂၂၀ ကျော်ရှိခဲ့
- မြောက်ဦးက စစ်ဘေးရှောင်များအတွက် ရိက္ခာထောက်ပံ့သည့် အစီအစဉ်ကို ICRC မှ WFP သို့ လွှဲပြောင်း
- စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်သွားကြသော စစ်ဘေးရှောင်များ ဘ၀ရပ်တည်ရေး ခက်ခဲနေ
- ဘူးသီးတောင်တွင် မြေမြှုပ်မိုင်းပေါက်ကွဲပြီး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
- ၂၀၂၂ တွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ဧက တစ်သိန်းနီးပါးအထိ မြင့်တက်ခဲ့ကြောင်း ကုလထုတ်ပြန်
- မင်းပြားတွင် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး သေဆုံး
အပစ်ရပ်ထားသော်လည်း မြန်မာစစ်တပ်၏ အင်အားဖြည့်တင်းမှုကို AA က အနီးကပ် စောင့်ကြည့်နေ
ယာယီအပစ်အခတ်ရပ်စဲထားသည့် ယခုကာလတွင် ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်က ရိက္ခာ၊ လက်နက် အင်အား ဖြည့်တင်းနေသည့်အပေါ် AA က အနီးကပ်စောင့်ကြည့်နေကြောင်း ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ က DMG သို့ ပြောသည်။
24 Dec 2022

၂၀၂၀ ခုနှစ်က စစ်တွေတွင် လုံခြုံရေး ဆောင်ရွက်နေသည့် မြန်မာစစ်တပ်တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်
DMG | ဒီဇင်ဘာ ၂၄
ယာယီအပစ်အခတ်ရပ်စဲထားသည့် ယခုကာလတွင် ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်က ရိက္ခာ၊ လက်နက် အင်အား ဖြည့်တင်းနေသည့်အပေါ် AA က အနီးကပ်စောင့်ကြည့်နေကြောင်း ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ က DMG သို့ ပြောသည်။
“မြန်မာစစ်တပ်ဖက်က သူတို့တပ်စခန်းတွေကို ရိက္ခာပို့နေတာတွေ၊ လက်နက်ခဲယမ်း ဖြည့်တင်းနေတာတွေ ရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က အနီးကပ် သေသေချာချာ ဂရုပြု စောင့်ကြည့်နေတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်AA တို့ကြား နိုဝင်ဘာ ၂၆ ရက်နေ့က စပြီး အပစ်ခတ်ရပ်စဲထားသည့် ကာလ တွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့မှု လက်နက်အင်အားများဖြည့်တင်းမှုများကို ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
ရခိုင်တွင် ယခုရက်ပိုင်းအတွင်း အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်သို့ မကွေးတိုင်း ဘက်ကနေ လက်နက်ခဲယမ်းများ ရွေ့ပြောင်းနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
“ကဇုကိုင်းဖက်မှာ စစ်အင်အားဖြည့်တာတွေ၊ လက်နက်အင်အားဖြည့်တာတွေရှိတယ်။ အရင်တစ်ခေါက်က စစ်ကား ၁၂ စီးနဲ့ လက်နက်ခဲယမ်းတွေ၊ စားနပ်ရိက္ခာတွေပို့တာကို မြင်ရတယ်။ နောက် တစ်ခေါက်ကတော့ ကား ၁၄ စီးနဲ့ စစ်သားတွေ ပို့လာတာရှိတယ်။ ဒီကားတွေက မကွေးဖက်ကလာပြီး အမ်းမှာ တစ်ပတ်လောက်နေပြီးတော့ နေရာတိုင်းကို စစ်သားတွေပို့တာတွေ့ရတယ် ” ဟု အမ်းဒေသခံတစ်ဦး ကပြောသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့က စစ်တွေ၊ ရွှေမင်းဂံဆိပ်မှ မင်းပြားသို့ စစ်တပ် နေဗီ ၃ စီး၊ ဒီဇင်ဘာလ ၅ ရက် နေ့တွင် ၄ စီးနှင့် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ၄ စီးဖြင့် မင်းပြား ၃၇၉ တပ်ရင်းသို့ ရိက္ခာ၊ စစ်အသုံးအဆောင်ပစ္စည်းများ လာရောက်ပို့ဆောင်ခဲ့သေးသည်။
ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း စစ်တွေမှ ရိက္ခာအပြည့်ဖြင့် ကုလားတန်မြစ်ကြောင်းတိုင်း တက်လာသော နေဗီ ၃ စီးမှာ ကျောက်တော်မြို့နယ် စကခ ၉ သို့ ရိက္ခာလာရောက်ပို့ဆောင်ခဲ့ကြောင်းနှင့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် လည်း နောက်ထပ်နေဗီ၂ စီးက တင်းမကျေးရွာသို့ ပို့ဆောင်ခဲ့ကြောင်း ရုပ်သားကျေးရွာသားတစ်ဦးက ပြောသည်။
ယင်းအပြင် (ဒီဇင်ဘာလ ၁၁ရက်နေ့) နံနက်ပိုင်းကလည်း မြောက်ဦးမြို ခမရ ၃၇၇ တပ်ရင်းမှ မင်းပြားမြို့နယ်၊ ပန်းမြောင်းဖက်သို့ စစ်ကား ၅ စီးဖြင့် ရိက္ခာလာရောက်ပို့ဆောင်ခဲ့ကြောင်း ဆင်အိုးကျေးရွာသား တစ်ဉီးကပြော သည်။
ရခိုင်တွင် ပြီးခဲ့သည့် သြဂုတ်လမှစ၍ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်AA တို့ တစ်ကျော့ ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့မှုများကြောင့် ပြည်သူများမှာလည်း စားဝတ်နေရေး အခက်အခဲမျိုးစုံ ရင်ဆိုင်ခဲ့ရမှုကို ကျော်လွှားနိုင်ရန်အတွက် စစ်ကောင်စီနှင့် AA တို့ လူသားချင်းစာနာမှုဆိုင်ရာ နားလည်မှုသဘောဖြင့် အပစ်ခတ်ရပ်စဲခဲ့ကြသည်။
သို့သော်လည်း ထိုသို့ စစ်ကောင်စီက လက်နက်ရိက္ခာ အင်အား ဖြည့်တင်းမှုများ လုပ်ဆောင်နေမှုများမှာ တိုက်ပွဲဖြစ်ပွားမှုကို ဉီးတည်လာနိုင်ကြောင်း နိုင်ငံရေး အကဲခတ်တို့က ရှုမြင်ကြသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ ရခိုင်မှာ စစ်ကောင်စီက ဒီလိုလုပ်နေတာဟာ တကျော့ပြန် စစ်ပွဲကတော့ ဖြစ်လာမှာပဲ။ AA ဖက်က အခုက ရခိုင်ပြည်သူလူထုက စပါးရိတ်သိမ်းချိန်ရောက်နေတာရယ်၊ ပြီးတော့ ပြည်သူလူထု အတွင်းမှာ စစ်ဘေးရှောင်တွေ အကူအညီရရေးအတွက် စစ်ကောင်စီက ပိတ်ထားတဲ့လမ်းကြောင်းတွေ စတဲ့ အကြောင်းပြချက်တွေ အပေါ်မှာ မူတည်ပြီးတော့ ယာယီ အပစ်အခတ်ရပ်စဲထားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ထိုသို့ စစ်ကောင်စီဘက်က စစ်အင်အားများပြန်လည်ဖြည့်တင်းနေမှုမှာ တစ်နေ့ ထက်တစ်နေ့ ပိုများပြားလာမှုကြောင့် ဒေသခံများမှာလည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။
အဆိုပါ စစ်တပ်အင်အားဖြည့်တင်းမှု ကိစ္စများနှင့်ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ရခိုင်ပြည် နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို DMG က ဖုန်းဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြား ခြင်းမရှိခဲ့ပါ။