ကြားဖြတ်သတင်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ NCA-S EAO ၇ ဖွဲ့နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးမည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်(EAO) ၇ ဖွဲ့နှင့် စစ်ကောင်စီတို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရန် ရှိနေကြောင်း သိရသည်။

Admin 24 Dec 2022

NCA လက်မှတ်ရေးထိုးထားသော EAOs တို့၏ ထိပ်သီးညီလာခံတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ-NCA-S EAO

DMG | ဒီဇင်ဘာ ၂၄

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်(EAO) ၇ ဖွဲ့နှင့် စစ်ကောင်စီတို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရန် ရှိနေကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို လာမည့် ဒီဇင်ဘာ ၂၇ ရက်နေ့မှ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဆွေးနွေးရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပြင် တခြားအကြောင်းအရာများလည်း ပါဝင်ကြောင်း NCA-S EAO ၇ ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က DMG သို့ပြောသည်။

“လာမယ့် ဒီဇင်ဘာ ၂၇ ကနေ ဒီဇင်ဘာ ၃၀ နေ့အထိ တွေ့ဆုံဆွေးနွေးမယ်ပေါ့။ တွေ့ဆုံဆွေးနွေးမယ့် အကြောင်း အရာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ EAOs ဖက် ပြင်ဆင်ချင်တဲ့ အချက်အလက်တွေကို ညှိနိူင်း ဆွေးနွေးဖို့ ရှိသလို တခြားဆွေးနွေးမယ့် အကြောင်းအရာတွေကိုလည်းရှိတယ်”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးသွားမည့် EAO ၇ ဖွဲ့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA (PC)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့ဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် EAOs တစ်ဖွဲ့ချင်းစီက ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအပါအဝင် ကိုယ်စားလှယ်သုံးဦးစီ တက်ရောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ EAO ၇ ဖွဲ့က တွေ့ဆုံဆွေးနွေးရန် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)သို့ ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့က ပေးပို့ခဲ့သော်လည်း စစ်ကောင်စီဖက်က အဆင်သင့်မဖြစ်သေးကြောင်းကို (ဒီဇင်ဘာလ ၈ ရက်)နေ့က အကြောင်းပြန်ခဲ့သည်။

ယင်းနောက် ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး NCA-S EAO ၇ ဖွဲ့နှင့် တွေ့ဆုံလိုကြောင်း စစ်ကောင်စီဖက်က ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အကြောင်းပြန်လာခြင်းဖြစ်သည်။

“ဖိတ်ကြားချက်အရကတော့ တစ်ဖွဲ့ချင်းစီရဲ့ ထိပ်ပိုင်းခေါင်းဆောင်အပါအဝင် ၃ ဦးပေါ့။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က (NSPNC) ဥက္ကဌကိုယ်တိုင် ကျနော်တို့ EAOs (၇)ဖွဲ့ကို စုပေါင်းပြီးတော့ ဖိတ်ကြားလာတာရှိတယ်”ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်ကပြောသည်။

သို့သော်လည်း စစ်ကောင်စီနှင့် NCA-S EAOs ၇ ဖွဲ့တို့က အဆိုပါ ၂၀၀၈ အခြေခံဉပဒေပြင်ဆင်မည့်ကိစ္စတွင် မည်သည့်အချက်များအား ပြင်ဆင်မည်ကို အသေးစိတ်မသိရသေးပေ။

မြန်မာနိုင်ငံအရေးအကဲခတ်တို့က အဆိုပါ ၂၀၀၈ အခြေခံဉပဒေကို ပြင်ဆင်မည့်ကိစ္စမှာ လွှတ်တော်ကနေသာ ပြင်ဆင်ခွင့်ရှိသည့်အတွက် စစ်ကောင်စီက အခြေခံဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဝေဖန်နေကြသည်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “အမှန်က ၂၀၀၈ အခြေခံဥပေဒကို ပြင်ဆင်မယ်ဆိုရင် သမ္မတက ဦးဆောင်ပြီးတော့ လုပ်ဆောင်ရမယ်။ နောက်ပြီးတော့ လွှတ်တော်ကနေ အတည်ပြုရမယ်။ အခုက လွှတ်တော်လည်း မရှိဘူး။ သမ္မတကလည်း အဖမ်းခံထားရတဲ့အချိန်မှာ ဒီလိုလုပ်တာကတော့ စစ်ကောင်စီက ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်ပြီးတော့ သူတို့လုပ်ချင်တဲ့ ရွေးကောက်ပွဲအတွက် EOA အဖွဲ့တချို့နဲ့ တွေဆုံ ဆွေးနွေးညှိနှိုင်း သဘောတူညီမှု ရယူဖို့လုပ်တာလို့ပဲ ကျနော်မြင်တယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ရှိပြီး ယင်းအထဲမှ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့သည် အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုခဲ့သည့်အပြင် လက်ရှိမှာလည်း စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားလျက်‌ရှိနေသည်။

ဗီဒီယိုများ