ကြားဖြတ်သတင်း

နေ/စားစရိတ် ကြီးမားမှုအပြင် ကျောင်းအပ်ခပါ နှစ်ဆကျော်မြင့်တက်သွားသဖြင့် အဝေးသင် ကျောင်းသား/သူ များ ပညာဆက်သင်ရန် ခက်ခဲနေ

၂၀၂၃ ခုနှစ် အဝေးသင်တက္ကသိုလ် ပညာသင်နှစ်အတွက် အဝေးသင်ကျောင်းအပ်ခမှာ နှစ်ဆကျော်အထိ မြင့်တက်သွားကြောင်း ရခိုင်ပြည်ရှိ စစ်တွေတက္ကသိုလ် သင်တန်းရေးရာဌာနမှ တာဝန်ရှိသူများထံမှ သိရသည်။

Admin 29 Dec 2022

စစ်တွေတက္ကသိုလ်တွင် ကျောင်းသား၊သူများအား တွေ့ရစဉ်

DMG | ဒီဇင်ဘာ ၂၉

၂၀၂၃ ခုနှစ် အဝေးသင်တက္ကသိုလ် ပညာသင်နှစ်အတွက် အဝေးသင်ကျောင်းအပ်ခမှာ နှစ်ဆကျော်အထိ မြင့်တက်သွားကြောင်း ရခိုင်ပြည်ရှိ စစ်တွေတက္ကသိုလ် သင်တန်းရေးရာဌာနမှ တာဝန်ရှိသူများထံမှ သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အဝေးသင်တက္ကသိုလ်ပညာသင်နှစ်အတွက် ကျောင်းအပ်ခမှာ ငွေကျပ် (၂၀၀၀၀) ရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်ပညာသင်နှစ်အတွက် ကျောင်းအပ်ခမှာ ငွေကျပ် (၄၆၂၀၀) အထိ မြင့်တက်သွားခြင်းဖြစ်သည်ဟု စစ်တွေအဝေးသင်တက္ကသိုလ်မှ စုံစမ်းသိရှိရသည်။

“ ဒီနှစ်တော့ ကျောင်အပ်ခတွေ၊ စာအုပ်ဖိုးတွေ မြင့်ပါတယ်။ အစိုးရကိုယ်တိုင်က မြှင့်တာပါ။ စာအုပ်ဖိုးတွေ ဈေးတက်နေတာကြောင့် ထင်ပါတယ်။ ကျောင်းဝင်ကြေးတောင် မနှစ်က နှစ်သောင်းဆိုရင် ဒီနှစ် လေးသောင်း ဖြစ်သွားပါတယ်။ နှစ်ဆလောက် တက်သွားပါတယ်။ ဦးစီးဌာနကကိုယ်တိုင် သတ်မှတ်ငွေကို မြှင့်လိုက်တာပါ။ စာအုပ်၊ စာပေစရိတ်လည်း မြင့်သွားပါတယ်။ အထက်ကညွှန်ကြားချက်အတိုင်း လုပ်တာပါ” ဟု စစ်တွေ တက္ကသိုလ်သင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးက ပြောသည်။

ထိုသို့ အဝေးသင်တက္ကသိုလ် ကျောင်းအပ်ခများ မြင့်တက်သွားခြင်းမှာ စစ်ကောင်စီလက်ထက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြင့်တက်သွားခြင်းဖြစ်သည်။

ယခင်က ပို့ချချက်စာအုပ်ဖိုးမှာ ငွေကျပ် ၁၅၀၀၀ ရှိခဲ့ရာမှ ယခုအခါ ၃၈၀၀၀ ကျပ်အထိမြင့်တက်သွားသလို ယခင်က မဂ္ဂဇင်းဖိုးမှာ ငွေကျပ် ၂၀၀၀ ရှိခဲ့ရာမှ ယခုအခါ ၄၀၀၀ ကျပ်အထိ မြင့်တက်သွားသည်။ အလားတူ စာစဉ်မေးခွန်းဖိုးမှာလည်း ယခင်က ၂၅၀ ကျပ်ရှိခဲ့ရာမှ ယခုအခါ ၂၅၀၀ ကျပ်အထိ မြင့်တက်သွားခြင်းဖြစ်သည်။

နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေချိန်တွင် နယ်ဝေးမှ ကျောင်းလာတက်သည့် အဝေးသင်ကျောင်းသား/သူများမှာ နေစရိတ်၊ စားစရိတ် မြင့်မားမှုကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။ အချို့မှာ ငွေကြေးအဆင်မပြေသဖြင့် ဘုန်းတော်ကြီးကျောင်းများတွင် နေထိုင်ပြီး ပညာသင်ကြားနေကြရသည်။

ယင်းသို့အခက်အခဲများနှင့် ကြုံတွေ့နေရချိန်တွင် ယခုကဲ့သို့ အဝေးသင်ကျောင်းအပ်ခမှာလည်း မြှင့်တက်သွားသဖြင့် ပို၍ အခက်ကြုံရသည်ဟု စစ်တွေတက္ကသိုလ်တွင် အဝေးသင်တက်မည့် မောင်တောမြို့နယ်မှ သမိုင်းမေဂျာအထူးပြု ဒုတိယနှစ်ကျောင်းသား ကိုသန့်ဇင်က ပြောသည်။

“ကျောင်းအပ်ခပါ ဈေးမြင့်တက်သွားရင်တော့ ကျနော်တို့မှာ ပိုဆိုးတာပေါ့။ မတတ်နိုင်တဲ့သူတွေမှာဆိုရင် အဝေးသင်ကျောင်းတက်ဖို့အတွက် နွားတွေ၊ စပါးတွေ ရောင်းပြီး ကျောင်းတက်ရတာတွေ ရှိတယ်။ ပြီးရင် အလုပ်အကိုင်က ရှားပါး၊ ကုန်ဈေးနှုန်းတွေကတက်နဲ့ ဒီအထဲ ကျောင်းအပ်ခတွေလည်း အရင်နှစ်တွေထက် မြင့်သွားတော့ ကျနော်တို့အတွက် အခက်အခဲရှိတာပေါ့” ဟု သူက ပြောသည်။

လက်ရှိတွင် ယခင်နှစ်များထက် စားရေးသောက်ရေး၊ အဆောင်နေစရိတ်၊ ကျောင်းသွား/ ပြန် စရိတ်များအပါအဝင် အထွေထွေသုံး ကုန်ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်သွားသဖြင့် တက္ကသိုလ် ကျောင်းသား/သူများမှာ အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။

ထို့သို့ အဆင်မပြေမှုတို့ကြောင့် တက္ကသိုလ်ကျောင်သား၊သူ အချို့မှာ ကျောင်းဆက်မတက်တော့ဘဲ ပြည်ပနိုင်ငံတို့တွင် သွားရောက် အလုပ်လုပ်ကိုင်ရန် ရွေးချယ်မှုများရှိလာနေသည်ဟုလည်း အဆိုပါကျောင်းသားများထံမှ သိရသည်။

မြေပုံမြို့နယ်မှ အဝေးသင်တက္ကသိုလ် တတိယနှစ်တက်ရောက်မည့် ကျောင်းသားတစ်ဦးက “ မိဘတွေကလည်း အသက်ကြီးနေပြီ။ စီးပွားရေးတွေလည်း အဆင်မပြေဘူး။ နိုင်ငံရေးကလည်း မကောင်းတော့ ကျောင်းဆက် မတက်ချင်တော့ဘူး။ အဆောင်ခတွေ ဈေးကြီး၊ ကုန်ဈေးနှုန်းတွေ မြင့်တက်တော့ မိဘတွေဆီကလည်း ပိုက်ဆံ မတောင်းရဲတော့ဘူး။ အလုပ်အကိုင်က ရှားတာနဲ့ စိတ်ပျက်လာလို့ ကျောင်းဆက်မတက်ဘဲ နိုင်ငံခြားသွားဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု သူက ပြောသည်။

ယင်းအပြင် ကျူရှင်လခမှာလည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ငွေကျပ် ၇၅၀၀၀ ၊၂၀၁၉ ခုနှစ်အတွင်း ငွေကျပ် ၈၅၀၀၀၊ ယခု ၂၀၂၂ ခုနှစ်မှာ ငွေကျပ် ၉၈၀၀၀ အထိပေးနေကြရသောကြောင့် ငွေကြေးအဆင်မပြေသူများမှာ ကျူရှင်ဝိုင်း မတက်ရောက်နိုင်သူများလည်းရှိသည်ဟု စစ်တွေတက္ကသိုလ် အဝေးသင်ကျောင်းသား/သူများထံမှ သိရသည်။

လက်ရှိတွင် အဖက်ဖက်မှ ဈေးမြင့်တက်နေမှုကြောင့် ကျောင်းတက်သည့်အချိန်တွင် ငွေကြေးအဆင်မပြေမည်ကိုလည်း စိုးရိမ်နေရသည်ဟု စစ်တွေတက္ကသိုလ်တွင် အဝေးသင်တက်ရောက်မည့် ဘူးသီးတောင်မြို့နယ်၊ ပထမနှစ်ကျောင်းသူ မနှင်းဝေလှိုင်က ပြောသည်။

“ ကျမက နယ်ကလာပြီး ကျောင်းတက်ရတာမှာဆိုတော့ စရိတ်တွေ အရမ်းကုန်မယ်။ ပြီးရင် အခုက လမ်းပန်း ဆက်သွယ်ရေး မကောင်းဘူး။ စီးပွားရေးအခြေအနေကလည်း တစ်ခုမှမကောင်းတော့ အခက်အခဲတွေက အများကြီးရှိပါတယ်။ ကျမ မိဘတွေက လယ်လုပ်ကြတာဆိုတော့ စပါးဈေးကမရတာနဲ့ ငွေကြေး သိပ်အခက်အခဲ ရှိတယ်။ နယ်က လာတက်တဲ့သူတွေဆိုရင် ကျောင်းအပ်စရိတ်၊ နေစရိတ်၊ ကျူရှင်စရိတ်၊ စားစရိတ်တွေအကုန်လုံး ဈေးမြင့်တက် နေတော့ အဆင်မပြေမှာကို စိုးရိမ်နေရတယ်” ဟု သူက ပြောသည်။

၂၀၂၂ ခုနှစ်တွင် စစ်တွေတက္ကသိုလ်(အဝေးသင် ) တက်ရောက်ခဲ့သည့်ကျောင်းသား/သူ စုစုပေါင်း ( ၃၄၉၁ )ဦး ရှိခဲ့ပြီး၊ ယင်းထဲတွင် ပထမအသုတ်သိပ္ပံတွဲမှ ၂၅၂ ဦး၊ ဒုတိယအသုတ်ဝိဇ္ဇာတွဲမှ ၉၄၂ ဦး၊ တတိယအသုတ် ဝိဇ္ဇာတွဲမှ ကျောင်းသား၊သူ ၂၂၉၇ ဦးရှိခဲ့သည်ဟု စစ်တွေအဝေးသင်ဌာန (ခွဲ)၏ စာရင်းအရသိရသည်။

လက်ရှိတွင် ပထမနှစ် အဝေးသင်တက္ကသိုလ်တက်ရောက်မည့် ကျောင်းသား၊သူများ၏ ကျောင်းအပ်နှံရမည့်နေ့ကို ဒီဇင်ဘာ ၂၆ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ စစ်ကောင်စီပညာရေးဌာနမှ ကြေညာထားသည်။

ဗီဒီယိုများ