ကြားဖြတ်သတင်း

ကော့ကရိတ် ဂျိုးတံတား စစ်ကောင်စီ ဂိတ်ကို KNLA ပူးပေါင်းအဖွဲ့တိုက်ခိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် လှိုင်ကွယ်ကျေးရွာအနီးရှိ ဂျိုးတံတားစစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းအဖွဲ့မှ လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ (ဒီဇင်ဘာ ၁၆) နံနက် ၇ နာရီမှ နံနက် ၁၀ နာရီကျော်အချိန်ထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။

Admin 16 Dec 2022

မြဝတီ -ကော့ကရိတ် အာရှလမ်းမ တိုက်ပွဲဖြစ်ပွားသည့်နေရာ /ဓာတ်ပုံ-CJ

DMG | ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် လှိုင်ကွယ်ကျေးရွာအနီးရှိ ဂျိုးတံတားစစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းအဖွဲ့မှ လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ (ဒီဇင်ဘာ ၁၆) နံနက် ၇ နာရီမှ နံနက် ၁၀ နာရီကျော်အချိန်ထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။

ကော့ကရိတ် မြို့ခံတစ်ဦးက “နံနက် ၇ နာရီခွဲမှာ ဂျိုးတံတားစစ်ဆေးရေးဂိတ် အတိုက်ခံရတယ်။ အခုထိ တိုက်ပွဲ ဖြစ်နေတယ် ” ဟု ပြောသည်။

လက်ရှိတွင် အဆိုပါ တိုက်ပွဲသို့ စစ်ကောင်စီဘက်က သင်္ဃန်းညီနောင် ခမရ ၃၅၅ ဘက်မှ လက်နက်ကြီးဖြင့် ပစ်ကူပေးနေပြီး ရဟတ်ယာဉ်များပါ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေကြောင်း လှိုင်ကွယ်ကျေးရွာ သားများထံက သိရသည်။

“ အလုံးကြီးပဲ ပစ်နေတာ။ မြဝတီ ခမရ ၃၅၅ ပစ်ထုတ်နေတာ ရဟတ်ယာဥ်တွေဝဲပြီးတော့ လာပြီး ဗုံးကြဲနေတာလည်းရှိတယ်” ဟု လှိုင်ကွယ်ကျေးရွာသား တစ်ဦးကဆိုသည်။

ထိုသို့ တိုက်ပွဲပြင်းထန်နေမှုကြောင့် လှိုင်ကွယ်ကျေးရွာသားများမှာ နီးစပ်ရာ တောတောင်များသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေမှုနှင့် လက်နက်ဖြင့် ပစ်ခတ်နေမှတို့ကြောင်း ကော့ကရိတ်- မြဝတီ အာရှကားလမ်းမပေါ်၌ ယာဥ်များ ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ယနေ့ နံနက် ၁ နာရီခွဲအချိန်က မြဝတီမြို့နယ် သင်္ဃန်းညီနောင်မြို့ရှိ လျှပ်စစ်ရုံးဝန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပင်မထရန်စဖော်မာ (၃)လုံးပေါက်ကွဲကာ မီးလောင်ပျက်စီးခဲ့ပြီး အနီးနားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သင်္ဃန်းညီနောင်မြို့ရှိ ဒေသခံများထံကသိရသည်။

ပြီးခဲ့သည့်နိုဝင်ဘာလအတွင်းကလည်း ကော့ကရိတ်မြို့မရဲစခန်း၊ ခရိုင် ထွေအုပ်ရုံးနှင့် လဝက ရုံးတို့ကို KNLA ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ခံရမှုများ ရှိခဲ့သည်။

ဗီဒီယိုများ