ကြားဖြတ်သတင်း

တိုက်ပွဲ ဆက်တိုက်ဖြစ်နေမှုကြောင့် နမ့်ဆန် ကုန်းသာရွားသား၂၀၀ ကျော် ပိတ်မိနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် နေ့စဉ်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကုန်းသာရွားသား ၂၀၀ ကျော်မှာ ယနေ့ (ဒီဇင်ဘာ ၁၀) အထိ ပိတ်မိနေဆဲ ဖြစ်ကြောင်း သိရသည်။

Admin 10 Dec 2022

ဇယန်းကြီးကျေးရွာသို့ရောက်ရှိလာသည့် ဒေသခံများကိုတွေ့ရစဥ်။ ဓာတ်ပုံ- CJ

DMG | ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် နေ့စဉ်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကုန်းသာရွားသား ၂၀၀ ကျော်မှာ ယနေ့ (ဒီဇင်ဘာ ၁၀) အထိ ပိတ်မိနေဆဲ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ တပ်နှင့် TNLAတို့ အကြား (၄)ရက်ကြာ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့အပြင် အင်အားအများအပြားဖြင့် ပိတ်ဆို့ဝန်းရံထားမှုကြောင့် ကုန်းသာကျေးရွားသား ၂၀၀ ကျော်မှာ ထွက်ပြေးရန် အဆင်မပြေဘဲ ကျေးရွာအတွင်း၌ ပိတ်မိနေကြောင်း စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

“ အခုအထိ ပိတ်မိနေတယ်။ စစ်တပ်ကလည်း ထွက်ခွင့်မပြုဘူး။ ရွာသား၂၀၀ ကျော်လောက်ရှိတယ်။ အဆက်အသွယ် လုပ်မရသေးဘူး။ စစ်တပ်က ရွာကိုပတ်ဝိုင်းထားတယ်” ဟု ၄င်းကပြောသည်။

အဆိုပါ ကျေးရွာသားများမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက် တိုက်ပွဲစဖြစ်သည့်နေ့ကစပြီး ပိတ်မိနေခြင်းဖြစ်ကာ လက်ရှိတွင် ၄ ရက်အထိ ကြာမြင့်လာပြီးဖြစ်သည်။

ထို့အပြင် ယနေ့ ဒီဇင်ဘာ ၁၀ ရက် ညနေ ၃ နာရီ အထိ မန်လုံ၊ တာလိုင်၊ ဟူးမန်းနှင့် ဆာမ်ငန်း ကျေးရွာတို့မှ ဒေသခံ ၁၀၀၀ ကျော်မှာ ထွက်ပြေးနေရပြီး ရာဇယန်းကြီး၊ မန်ဖတ်၊ ကယားကြီးစသည့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေရကြောင်း သိရသည်။

“ အခုနေ့လည်အထိ ကုန်းသာက လွဲပြီးတော့ ရွာလေးရွာက ဒေသခံတွေကို ရွှေ့လာတယ်။ ကျေးရွာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ဒေသခံ ၁၀၀၀ ကျော်ဝန်းကျင်ရှိနေပြီ ” ဟု ဇယန်းကြီးကျေးရွာ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင်လည်း စစ်ကောင်စီ တပ်မှ TNLA စခန်းရှိရာ ကျေးရွာများအနီးသို့ စစ်ကြောင်းထိုးမှုများ ဆက်တိုက် ပြုလုပ်နေပြီး လက်နက်ကြီးအပါအဝင် လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခိုက်နေကြောင်း မြေပြင်ရှိ TNLA သတင်းအရင်းအမြစ်ထံက သိရသည်။

“တိုက်ပွဲက အခုထိဖြစ်နေပါတယ်။ ရဟတ်ယာဥ်တွေနဲ့ လေယာဥ်တွေသုံးပြီး ဗုံးကြဲနေတာရှိတယ်။ စစ်ကောင်စီဘက်က စစ်ကြောင်းထပ်ထိုးလာတာတွေ ရှိနေတယ် ” ဟု မြေပြင်ရှိ TNLA နှင့် နီးစပ်သူ တစ်ဉီးက ပြောသည်။

ယင်းတိုက်ပွဲဖြစ်စဉ်နှင့် ပက်သက်ပြီး TNLA ပြောခွင့်ရသူ ဗိုလ်မှူးကြီး တာအိုက်ကျော်နှင့် စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ် ဇော်မင်းထွန်းထံသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

ဗီဒီယိုများ