ကြားဖြတ်သတင်း

စစ်တွေမြို့အတွင်း လမ်းဘေးစက်သုံးဆီအရောင်းဆိုင် များလာသည့်အတွက် မီးဘေးအန္တရာယ်ဖြစ်လာမည်ကို ဒေသခံများစိုးရိမ်နေ

ရခိုင်ပြည်၊ စစ်တွေမြို့အတွင်း လမ်းမကြီးများတွင် လမ်းဘေးစက်သုံးဆီဆိုင်ငယ်များဖွင့်၍ ရောင်းချနေကြသည်မှာ ယခုနောက်ပိုင်း တဖြည်းဖြည်းများလာနေသည့်အတွက် မီးဘေးအန္တရာယ်ကြုံတွေရမည်ကို ဒေသခံတွေက စိုးရိမ်နေကြသည်။

Admin 16 Dec 2022

စစ်တွေမြို့တွင်း ရောင်းချနေကြသည့် လမ်းဘေးစက်သုံးဆီဆိုင်ငယ်များကို တွေ့ရစဉ်

DMG | ဒီဇင်ဘာ ၁၆

ရခိုင်ပြည်၊ စစ်တွေမြို့အတွင်း လမ်းမကြီးများတွင် လမ်းဘေးစက်သုံးဆီဆိုင်ငယ်များဖွင့်၍ ရောင်းချနေကြသည်မှာ ယခုနောက်ပိုင်း တဖြည်းဖြည်းများလာနေသည့်အတွက် မီးဘေးအန္တရာယ်ကြုံတွေရမည်ကို ဒေသခံတွေက စိုးရိမ်နေကြသည်။

စစ်တွေမြို့အတွင်းတွင် အဓိကရောင်းချနေကြသည့် စက်သုံးဆီဆိုင်ကြီးများတွင် မကြာခဏ ဆီပြတ်လပ်မှုများ ဖြစ်ပေါ်လာပြီးနောက် မြို့အတွင်းက ‌နေရာအနှံ့အပြားမှာ လမ်းဘေးစက်သုံးဆီဆိုင်ငယ်များ အများအပြား ရှိလာနေခြင်းဖြစ်သည်။

လမ်းဘေးစက်သုံးဆီဆိုင်များသည် ရပ်ကွက်များ၊ နေအိမ်ရှေ့လမ်းမများတွင် ဖွင့်လှစ်ရောင်းချမှု များလာနေသောကြောင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ တစ်မြို့လုံးအတွက် စိုးရိမ်ရကြောင်း စစ်တွေမြို့ဒေသခံ ဦးမောင်သာစိန်က DMG ကို ပြောသည်။

“ အခုအနေအထားအရဆိုရင် ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းမှာ ဆိုင်တွေရှိနေတယ်။ ဆိုတော့ တစ်ရပ်ကွက်က စလောင်လိုက်လို့ရှိရင် တစ်မြို့လုံးပြာကျသွားနိုင်တာပေါ့။ ဒါကြောင့် ဘယ်ရပ်ကွက်မှာမှ မရောင်းရဘူးဆိုတာကို လုပ်သင့်တယ် ”ဟု ၎င်းက ထောက်ပြပြောဆိုထားသည်။

အာဏာသိမ်းမှုဖြစ်ပွားပြီးသည့်အချိန်နောက်ပိုင်း နေရာဒေသအနှံ့အပြား၌ စက်သုံးဆီပြတ်လပ်ခြင်း၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုဒဏ်များကို ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရခြင်းကို ယခုအချိန်ထိ ခံစားနေကြရသည်။

ယင်းကဲ့သို့ အခြေအနေများကြောင့် ရခိုင်က စက်သုံးဆီဆိုင်ကြီးများတွင်လည်း စက်သုံးဆီ မကြာခဏပြတ်လပ်မှုများ၊ အချိန်အကြာကြီး တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူရခြင်းများ ရှိလာနေသည့်အတွက် ပြည်သူများသည် လျင်မြန်စွာ ဝယ်ယူ၍ရနိုင်သည့် လမ်းဘေးဆီဆိုင်ငယ်လေးများက ဝယ်ယူနေကြခြင်းဖြစ်သည်။

“ဆီဆိုင်တွေမှာက တန်းစီပြီး ထိုင်စောင့်နေရတာပေါ့။ လမ်းဘေးက ထည့်လိုက်လို့ရှိရင် ၂၅၀၀၊ ၂၆၀၀၊ အဲလို အမျိုးမျိုး ရောင်းနေကြတာပေါ့။ အဲဒါထည့်လိုက်ရင် အချိန်ကုန်သက်သာတယ်။ ပိုက်ဆံရှာဖို့လဲ အချိန်ရတယ်။ ဟိုမှာကျ ပိုက်ဆံရှာဖို့လည်း အချိန်မရတော့ဘူးလေ။ တစ်မနက်ကုန်တယ်။ ဆီ ၁၀၀၀၀ ဖိုး ရဖို့အတွက် တန်းစီရတာက ပိုက်ဆံရှာဖို့ အချိန်မရတော့ဘူး”ဟု သုံးဘီးဆိုင်ကယ်မောင်းနှင်သူ စစ်တွေမြို့ဒေသခံ ကိုအောင်ဆန်းဝင်းက ဆိုသည်။

စက်သုံးဆီကို အဓိကအသုံးပြုပြီး လုပ်ကိုင်စားသောက်နေကြသူများသည် လမ်းဘေးဆီဆိုင်များကို အဓိက အားထားနေကြရသော်လည်း တစ်ဘက်တွင်လည်း မီးဘေးအန္တရာယ်သည် ဒေသခံများအတွက် စိုးရိမ်စရာဖြစ်နေသည်ကို သတိပြုကြရမည်ဖြစ်ကြောင်း ထောက်ပြမှုပြောဆိုမှုများ ရှိနေသည်။

လက်ရှိတွင် လမ်းဘေးစက်သုံးဆိုင်ရောင်းချမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်နေကြောင်း အမည်မဖော်လိုတဲ့ စစ်တွေမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

“သက်ဆိုင်ရာတွေရဲ့ ကြီးကြပ်မှုအားနည်းနေတာတွေ့ရတယ်။ နောက်တစ်ခုက ဒီရာသီဟာ ခြောက်သွေ့ရာသီ ရောက်လာပြီ ဖြစ်တဲ့အတွက် မီးဘေးအန္တရာယ်အတွက်လည်း အများကြီး စိုးရိမ်ပူပန်ရတယ်။ ဒီဓာတ်ဆီဆိုင်တွေရဲ့ ဆီသိုလှောင်မှု အပိုင်းမှာရော၊ ရောင်းချတဲ့စနစ်တွေမှာရော မီးဘေးအန္တရာယ်ကာကွယ်ဖို့ အများကြီးလိုအပ်နေတာကို တွေ့ရတယ်။ အဲလိုဖြစ်နေတာကလည်း သက်ဆိုင်ရာရဲ့ အထိန်းကျောင်းအားနည်းမှုလည်း ဖြစ်နိုင်ပါတယ်။ ဆိုတော့ခါ ဒေသခံတစ်ယောက်အနေနဲ့က အဲဒီလမ်းဘေး ဓာတ်ဆီဆိုင်တွေကို သက်ဆိုင်ရာက အမြန်ဆုံးကြီးကြပ်ပေးပါ။ သူတိုရဲ့ ဓာတ်ဆီသိုလှောင်မှု စနစ်တွေကို ကြီးကြပ်စေချင်ပါတယ်”ဟု ၎င်းက ပြောဆိုထားသည်။

စစ်တွေမြို့တွင်း ရောင်းချနေကြသည့် လမ်းဘေးစက်သုံးဆီဆိုင်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ရေနံနဲ့ ရေနံထွက်ပစ္စည်းဆိုင်ရာထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီကို DMG မေးမြန်းရာ လတ်တလောတွင် အဆိုပါကိစ္စတွေများကို မဖြေရှင်းနိုင်သေးကြောင်း တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

“တရားဝင်ဖြစ်အောင်လုပ်ဖို့ ပညာပေးအစီအစီအစဉ်တွေတော့ရှိပါတယ်။ အခုတော့ မလုပ်နိုင်သေးလို့ပါ။ အခုက ကျနော်တို့အလုပ်များနေသေးတယ်။ ကျနော်တို့ အလုပ်ကိစ္စတွေပြီးလို့ အဆင်ပြေတဲ့အခါ လုပ်ဖို့ရှိပါတယ်”ဟု ၎င်းက ဖြေကြားထားသည်။

ယင်းအပြင် စစ်တွေမြို့အတွင်း လမ်းဘေးစက်သုံးဆီဆိုင် များပြားလာနေချိန်မှာ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်နေသည်ကို သိရှိနိုင်ဖို့အတွက် စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာ၏ ဦးစီးမှူး ဦးကျော်လင်းကို DMG က မေးမြန်းရာ“မီးသတ်အနေနဲ့ကတော့ အရေးယူနိုင်တယ်လို့ သတ်မှတ်ထားတာ မရှိပါဘူး။ ကျနော်တို့မှာ ပြဌာန်းထားတာက မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်တာပါ။ ဒီလုပ်ငန်းမှာဆိုရင်တော့ မီးကြိုတင်ကာကွယ်ရေး ပစ္စည်းတွေဆောင်ထားပါဆိုပြီး ညွှန်ကြားလို့ရတာတော့ ရှိပါတယ်။ တကယ်လို့ ညွှန်ကြားတာတွေကို မလိုက်နာဘူးဆိုရင်တော့ မီးသတ်တပ်ဖွဲ့ဥပဒေနဲ့ အရေးယူလို့ရတဲ့ကိစ္စလေးတော့ ရှိတာပေါ့။ ဒါပေမယ့် အမှုက သေးတာပေါ့”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင်လိုင်စင်ဆိုင်ရာ အမိန့်အရ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်၏ မြေဧရိယာအကျယ်အဝန်းသည် အနည်းဆုံး စတုရန်းပေ ၂၀၀၀နှင့် မျက်နှာစာအဖွင့်အကျယ်အနည်းဆုံး ပေ ၄၀ ရှိရမည်ဖြစ်သည်။

စက်သုံးဆီအရောင်းဆိုင် ဧရိယာနယ်နိမိတ်ကိုလည်း အလွယ်တကူမီးမလောင်နိုင်သည့် ပစ္စည်းများအသုံးပြုပြီး ခြံစည်းရိုးကာရံကာ ဆိုင်ခန်းမျက်နှာစာကို ချန်လှပ်ထားရမည်ဖြစ်ကြောင်း ဥပဒေတွင် ပြဌာန်းထားသည်။

ယင်းအပြင် ဘက်ထရီပန့်များနှင့် ဖြန့်ဖြူးရောင်းချမှုများကိုလည်း မပြုလုပ်ရကြောင်း ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင် လိုင်စင်ဆိုင်ရာအမိန့် ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဗီဒီယိုများ