ကြားဖြတ်သတင်း

“တစ်ပတ်အတွင်း ရခိုင်သတင်းများ”

မောင်တောမြို့နယ်၊ ကျီးကန်းပြင်ဌာနချုပ်အနီးရှိ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသော အဝေးသင်ကျောင်းသားနှင့် ဆိုင်ကယ်ကယ်ရီမောင်းသူတို့မှာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂) ဖြင့် အမှုဖွင့်ခံထားရသည်။ ၎င်းတို့သည် နိုဝင်ဘာလ ၁ ရက်နေ့က မောင်တောမြို့မှ ခမောင်းဆိပ်ကျေးရွာသို့သွားရာတွင် ကျီးကန်ပြင်ဌာနချုပ်အနီး စစ်ဆေးရေးဂိတ်၌ စစ်ဆေးမေးမြန်းမှုခံယူစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

Admin 16 Dec 2022

ဒီဇင်ဘာ (၈) ရက်

၁) မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ရခိုင်ပြည်နှင့် ပလက်ဝဒေသတို့တွင် ယခုနှစ် သြဂုတ်လမှ နိုဝင်ဘာလကုန်အထိ လက်နက်ကြီး၊ မြေမြုပ်မိုင်း၊ ဒရုန်း၊ သေနတ်ကျည်ဆံများကြောင့် သေဆုံးသူ ၅၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၄၃ ဦးအထိ ရှိခဲ့ကြောင်း DMG မှ ကောက်ယူထားသည့် စာရင်းအချက်အလက်များအရ သိရသည်။

၂) ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး တက္ကသိုလ်ဆက်တက်ရန် အခက်အခဲရှိနေသည့် ရခိုင်က ကျောင်းသား/သူများအတွက် ရခိုင်သဟာယအသင်း(ရန်ကုန်)က ပညာသင်ဆု ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ လျှောက်ထားလိုသူများအနေဖြင့် အသင်း၏ သက်ဆိုင်ရာ မြို့နယ်ကိုယ်စားလှယ်များထံတွင် လျှောက်လွှာပုံစံတောင်းခံကာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ မကုန်မီ လျှောက်ထားရမည်ဖြစ်သည်။

၃) မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ ယာယီ အပစ်ရပ်ပြီးနောက် ရခိုင်ပြည်ရှိ ကုန်းလမ်းရေလမ်းအချို့ကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ပုဏ္ဏားကျွန်း - ရသေ့တောင်ကားလမ်းနှင့် မင်းပြား - မြေပုံကားလမ်းတို့ကို စစ်ကောင်စီက ပိတ်ထားဆဲ ဖြစ်သည်။ ပုဏ္ဏားကျွန်း- ရသေ့တောင် ကားလမ်းကို ပိတ်ထားသည်မှာ ခြောက်လထိ ကြာမြင့်လာပြီးဖြစ်ပြီး မင်းပြား- မြေပုံ ကားလမ်းကိုလည်း ပိတ်ထားသည်မှာလည်း နှစ်လ‌ကျော် ကြာမြင့်လာပြီဖြစ်သည်။

၄) နိုဝင်ဘာလအတွင်းက စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် အမ်းမြို့နယ်၊ လုံးကောက်ကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာမှ သမဝါယမဥက္ကဋ္ဌဖြစ်သူကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဒီဇင်ဘာ (၉) ရက်

၁) မောင်တောမြို့နယ်၊ ကျီးကန်းပြင်ဌာနချုပ်အနီးရှိ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသော အဝေးသင်ကျောင်းသားနှင့် ဆိုင်ကယ်ကယ်ရီမောင်းသူတို့မှာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂) ဖြင့် အမှုဖွင့်ခံထားရသည်။ ၎င်းတို့သည် နိုဝင်ဘာလ ၁ ရက်နေ့က မောင်တောမြို့မှ ခမောင်းဆိပ်ကျေးရွာသို့သွားရာတွင် ကျီးကန်ပြင်ဌာနချုပ်အနီး စစ်ဆေးရေးဂိတ်၌ စစ်ဆေးမေးမြန်းမှုခံယူစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

၂) ဆောက်လုပ်ရေးလုပ်ငန်းသုံး အုတ်၊ သဲနှင့် ကျောက်စရစ်များမှာ ရခိုင်ပြည်အတွင်းက ထွက်ရှိသော်လည်း စစ်ကောင်စီမှ လမ်းပိတ်ဆို့မှုများကြောင့် ဈေးမြင့်တက်နေသည့်အပြင် ပြည်မဘက်က မှာယူသုံးစွဲရသည့် ဘိလပ်မြေနှင့် သံထည်ပစ္စည်းများမှာလည်း ယခင်ထက် ဈေးနှုန်းနှစ်ဆခန့် မြင့်တက်လျက်ရှိနေခြင်းကြောင့် ရခိုင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်အချို့ကို ယာယီရပ်နားထားရသည်။

၃) ရခိုင်တွင် စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့်ကို ကန့်သတ်ခဲ့ခြင်းကြောင့် အချို့ဆေးဝါးများမှာ ပြတ်တောက်သွားခဲ့ပြီး ရရှိနိုင်သည့် ဆေးဝါးများမှာလည်း ဈေးကြီးပေးကာ ဝယ်ယူသုံးစွဲနေကြရသည်။

၄) ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု၊ မီးရှို့ခံရမှုတို့ကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးသွားသူများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတရာကူညီဆောင်ရွက်ပေးခြင်း မရှိသေးပေ။ တကျော့ပြန် တိုက်ပွဲကာလအတွင်း လက်နက်ကြီးကျရောက်မှု၊ မီးရှို့ခံရမှုတို့ကြောင့် နေအိမ် ၂၃ ဆောင် ပျက်စီးဆုံးရှုံးသွားကြောင်း DMG မှ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

ဒီဇင်ဘာ (၁၀) ရက်

၁) ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များအတွက် အဓိက စားနပ်ရိက္ခာထောက်ပံ့ပေးနေကြသည့် NGO/INGO နှင့် လူမှုအဖွဲ့အစည်းများအား လွပ်လပ်စွာကူညီခွင့်ပြုရန် ယနေ့ ကျရောက်သည့် (၇၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။ မြန်မာစစ်တပ်နှင့် AA တို့ကြား လူသားချင်းစာနာမှုကိုအခြခံ၍ အပစ်အခတ်ရပ်စဲထားသော်လည်း NGO/INGO နှင့် လူမှုအဖွဲ့အစည်းများအား ရခိုင်ပြည်အတွင်း ခရီးသွားလာခွင့်ကန့်သတ်ထားဆဲဖြစ်သဖြင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး အခက်အခဲရှိနေကြသည်။

၂) ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်နေချိန် စစ်ကောင်စီဘက်မှ နှစ်လနီးပါး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားခဲ့သည့် မင်းပြား-မြေပုံကားလမ်းရှိ ကြပ်စင်တံတားကို ဒီဇင်ဘာလ ၁၀ ရက်နေ့ကစပြီး ဖြတ်သန်းသွားလာခွင့် ပေးလိုက်ပြီဖြစ်သည်။

၃) ရခိုင်ပြည်အတွင်းမှ မြို့နယ်အချို့တွင် မွေးမြူရောင်းချနေကြသည့် ကမာကောင်များကို ယခင်က တစ်ရက်လျှင် ပြည်မဘက်သို့ ကမာကောင် ၃၀၀၀ ထောင်ခန့် တင်ပို့နိုင်ခဲ့သော်လည်း လက်ရှိတွင် ဝယ်ယူသူနည်းပါးလာသဖြင့် တစ်ရက်လျှင် ကမာကောင် ၂၀၀ ကျော်လောက်သာ တင်ပို့နေရသည့်အတွက် ကမာကောင် ရောင်းအားနှင့်ဈေးနှုန်းများ ကျဆင်းလာနေသည်။

၄) စစ်ကောင်စီတပ်နှင့် AA တို့ လူသားချင်းစာနာထောက်ထားမှုဖြင့် နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး အပစ်ရပ်စဲထားသော်လည်း အမ်းမြို့နယ်၊ ဒလက်ချောင်းအတွင်းက ကျေးရွာများထံ ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ယူခွင့် ဆက်လက်ကန့်သတ်ထားမှုကြောင့် ဒေသခံများမှာ များစွာအခက်ကြုံနေကြရသည်။

ဒီဇင်ဘာ (၁၁) ရက်

၁) တောင်ကုတ်မြို့နယ်ရှိ နေပူတောင်မှ မာဘယ် အလှဆင်ကျောက် ထုတ်လုပ်မှုစီမံကိန်းကို NLD အစိုးရလက်ထက်က ရပ်တန့်ထားခဲ့သော်လည်း လက်ရှိ စစ်ကောင်စီက ပြန်လည်စတင်ရန် သဘောတူလိုက်သည့်အပေါ် ရခိုင်ပြည်သူများက နေပူတောင်စီမံကိန်းမှာ ဒေသခံများအတွက် တစ်စုံတစ်ရာ အကျိုးခံစားခွင့် ရှိလာမည်မဟုတ်ဘဲ သဘာဝအလှတရားများသာ ပျက်စီးဆုံးရှုံမှုသာဖြစ်မည်ဖြစ်သည်လို့ ဝေဖန်ပြောဆိုနေကြသည်။

၂) မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်ခဲ့ချိန်က မြောက်ဦ၊ မင်းပြား၊ ကျောက်တော်၊ မောင်တော၊ ပုဏ္ဏားကျွန်းနှင့် မြေပုံတို့မှာ ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်ကို ယခု အပစ်ရပ်ကာလတွင် ရုတ်သိမ်းပေးရန် ဒေသခံများက လိုလားနေကြသည်။

၃) တကျော့ပြန် တိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည့် သံသယဖြင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်း၊ ကျောင်းသား၊ အရပ်သား စသည်ဖြင့် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ၊ ရာဇ သတ်ကြီး ဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူမှာ လေးလအတွင်း ၄၆ ဦး အထိရှိခဲ့ကြောင်း နိုဝင်ဘာ ၃၀ ရက်နေ့အထိ DMG က ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

၄) ရခိုင်တွင် စပါးစိုက်ရာသီ၌ ရာသီဥတုဖောက်ပြန်ခြင်း၊ စရိတ်စကကြီးမားခြင်း၊ စပါးဈေးကောင်းမရခြင်း၊ စစ်ရေးပဋိပက္ခ စသည်တို့ကြောင့် ယခုနှစ် စပါးပေါ်ရာသီ၌ စပါးအထွက်နှုန်းကျဆင်းနေပြီး လယ်သမားများမှာ အရှုံးပေါ်နေကြရသည်။

ဒီဇင်ဘာ (၁၂) ရက်

၁) ရခိုင်တွင် တိုက်ပွဲရပ်တန့်ထားသော်လည်း လမ်းခရီးတွင် စစ်ဆေးမှုများရှိနေသောကြောင့် စီးပွားရေးလုပ်ငန်းရှင်များမှာ လွတ်လပ်စွာကုန်သွယ်ခွင့် မရသေးခြင်း၊ ပြည်မဘက်မှတင်သွင်းသည့် ကွမ်းသီးများကို ဝယ်ယူအသုံးပြုလာခြင်းတို့ကြောင့် ရခိုင်က ကွမ်းသီးစိုက်ခင်းလုပ်ငန်းရှင်များမှာ အရောင်းထိုင်းလျက်ရှိနေပြီး အခက်အခဲဖြစ်နေကြသည်။

၂) ယနေ့နံနက်က ဘူးသီးတောင်မြို့မှထွက်ခွာလာသည့် ရွှေပြည်တန်အမြန်ရေယာဉ်နှင့် စစ်ကောင်စီစစ်ရေယာဉ်တစ်စီးတို့ မေယုမြစ်အတွင်း မတော်တဆတိုက်မိရာမှ ခရီးသည် ၃ ဦး အနည်းငယ်စီ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

၃) ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် တို့ကြား နိုဝင်ဘာ ၂၆ ရက်နေ့က စပြီး အပစ်ခတ်ရပ်စဲထားသည့် ကာလတွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့မှုများကို ပိုမိုလုပ်ဆောင်လာနေသည်ကို တွေ့ရကြောင်း မျက်မြင်ဒေသခံများက ပြောသည်။ ထိုသို့ စစ်ကောင်စီဘက်က စစ်အင်အားများ ပြန်လည်ဖြည့်တင်းနေမှုမှာ တစ်နေ့ထက်တစ်နေ့ ပိုများပြားလာမှုကြောင့် ဒေသခံများမှာလည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။

၄) ဒီဇင်ဘာလ ၁၂ ရက်နေ့က ဘူးသီးတောင်မြို့နယ် ၊ အလယ်ချောင်းကျေးရွာတွင် ကြက်ဥကြော်ရာမှ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၅ လုံး ပျက်စီးဆုံးရှုံးသွားခဲ့သည်။

၅) စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးများအိမ်ရာနောက်ဖက် ဘာဆာကျေးရွာအနောက်ဖက် ကမ်းခြေရှိ သဲသောင်ပြင်တွင် သေဆုံးနေသည့် အမျိုးသား ၂ ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

၆) မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ကျောက်တော်မြို့နယ်မှ ဒေသခံနှစ်ဦးကို AA နှင့် ပတ်သက် ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ထားသည်။ ၎င်းတို့မှာ ကျောက်တော်မြို့နယ် ကာဒီရွာ (ခ)သဇင်ရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း( အသက် ၄၃ နှစ်) နှင့် အပေါက်ဝကျေးရွာမှ စစ်တွေ- ကျောက်တော်ကား ပြေးဆွဲနေသူ ကိုမောင်ချေ (အသက် ၃၉ နှစ်) တို့ ဖြစ်သည်။

ဒီဇင်ဘာ (၁၃) ရက်

၁) ရခိုင်ပြည်အတွင်း ရေငံပုစွန်သားဖောက်လုပ်ငန်းကို လုပ်ကိုင်နေသော်လည်း နည်းပညာအားနည်းချက်ကြောင့် ပုစွန်သားပေါက်များကို ပြည်တွင်းမွေးမြူရေးအတွက် ဖူလုံအောင်မထုတ်ပေးနိုင်သေးပေ။ လက်ရှိလုပ်ဆောင်နေသော ရေငံပုစွန်သားဖောက်လုပ်ငန်းမှာ သဘာဝအတိုင်း ရေသွင်း၊ရေထုတ်နည်းစနစ်ကို အဓိကအသုံးပြုကာ လုပ်ဆောင်နေခြင်းဖြစ်ပြီး အခြားဂျပန်နှင့် အမေရိကန် နည်းပညာများကို အသုံးပြုကာ သားဖောက်ခြင်းများလုပ်ဆောင်ရန် လိုအပ်နေခြင်းဖြစ်သည်။

၂) စစ်တွေမြို့မဈေးကြီးတွင် သုံးဘီးယာဉ်နှင့် ဘေးတွဲဆိုင်ကယ်များမှာ ဈေးလမ်းထဲတွင် စည်းကမ်းမဲ့ ရပ်နားထားမှုများရှိနေသဖြင့် သွားလာရာတွင် လမ်းပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရသည့်အတွက် စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြသည်။

၃) ရာသီဥတုဖောက်ပြန်မှုနှင့် ငှက်မျိုးစိတ်များ ကျက်စားရာဒေသ ရှားပါးလာသည့်အတွက် ယခုနှစ် ဆောင်းဦးရာသီမှာ ရခိုင်သို့ ဆောင်းခိုငှက်မျိုးစိတ်များ ဝင်ရောက်ကျက်စားမှု နည်းပါးလာကြောင်း မြန်မာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပြောသည်။ ပြီးခဲ့သည့် နှစ်များက ဆောင်းဦးကာလတွင် ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၅၀ နှင့် ၁၀၀ ကြားတွင် ဝင်ရောက်ကျက်စားခဲ့ကြသော်လည်း ယခုနှစ် ဆောင်းရာသီမှာ ငှက်မျိုးစိတ် ၃၀ ဝန်းကျင်ခန့်သာ တွေ့ရသေးသည်။

၄) ရခိုင်တွင် တကျော့ပြန်စစ်ပွဲဖြစ်ပွားချိန်မှစပြီး သုံးလခန့်ကြာ ပိတ်ထားခဲ့သည့် ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကို စစ်ကောင်စီက ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ဒေသခံတို့၏ အခြေခံလိုအပ်ချက်များဖြစ်သည့် ဆန်၊ ဆေးဝါး၊ ဓာတ်မြေဩဇာ၊ ဘိလပ်မြေ၊ လောင်စာဆီနှင့် သံထည်ပစ္စည်းတို့ကို လွတ်လပ်စွာ သယ်ယူခွင့်မရသေးပေ။

ဒီဇင်ဘာ (၁၄) ရက်

၁) စစ်ကောင်စီက ကျင်းပရန်စီစဉ်နေသည့် လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ရခိုင်ပြည်အတွင်းရှိ ပါတီများ ငြိမ်သက်နေသော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က မြို့နယ်အချို့တွင် ပါတီဝင်များနှင့် တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်လာနေသည်ကို တွေ့ရသည်။ USDP ပါတီအနေဖြင့် ရခိုင်ပြည်အတွင်းက သံတွဲ၊ မာန်အောင်၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ စသည့် မြို့နယ်အချို့တွင် ပါတီဝင်ဟောင်းများနှင့် တွေ့ဆုံဆွေးနွေးမှုများကို ယခု ဒီဇင်ဘာလအတွင်းတွင် ဆက်တိုက်လုပ်ဆောင်နေခြင်း ဖြစ်သည်။

၂) အောက်တိုဘာလအတွင်း စစ်ကောင်စီက ဖမ်းဆီးသွားသည့် မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်အုပ်ချုပ်‌‌ရေးမှူးကို AA နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) (၂) ဖြင့် အမှုဖွင့်ထားသည်။

၃) အောက်တိုဘာလအတွင်းက နေအိမ်အတွင်း ဖမ်းဆီးခံရကာ စစ်တပ်က တရားလိုလုပ်ပြီး တရားစွဲဆိုထားသည့် ပလက်မြို့ခံ ညီအစ်ကိုနှစ်ဦးကို ပလက်ဝမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ နှစ်ကျစီ အမိန့်ချမှတ်လိုက်သည်။ ဒီဇင်ဘာလ ၁၂ ရက်တွင် အစ်ကိုဖြစ်သူ ဦးစောလှကို နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ၅၀၅ (က) ဖြင့်လည်းကောင်း ဒီဇင်ဘာ ၁၄ ရက်တွင် ညီဖြစ်သူ ကိုခိုင်ဆန်းဖြိုးကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့်လည်းကောင်း ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

၄) ၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့တွင် သုံးရက်တိုင်တိုင် ပြုလုပ်နေသည့် ဒေသထွက်ကုန်စည်ပြပွဲမှတစ်ဆင့် ဈေးကွက်အခွင့်အလမ်းများရရှိအောင် ကြိုးပမ်းကြရန် ရခိုင်ပြည်တွင်း အသေးစား၊ အလတ်စား၊ အငယ်စား (MSME) လုပ်ငန်းရှင်များအား ပြည်နယ်စစ်ကောင်စီက တိုက်တွန်းပြောဆိုလိုက်သည်။

၅) ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်း ငါးဖမ်းရန် မျှောပိုက်၊ ကျားပိုက်ဧရိယာများ သီးခြား သတ်မှတ်ပေးထားသော်လည်း လက်ရှိတွင် ငါးဖမ်းလုပ်ကွက်ရှားပါးလာမှု၊ ငါးသယံဇာတ ရှားပါးလာမှုကြောင့် သတ်မှတ်နေရာများထက် ကျူးကျော်ဝင်ရောက်ကာ ငါးဖမ်းလာနေမှုကြောင့် ရေလုပ်သားများအချင်းချင်း အငြင်းပွားနေကြသည်။

ဗီဒီယိုများ