- ပုဏ္ဏားကျွန်းတွင် မြန်မာစစ်တပ်နှင့် AA တို့ စစ်သုံ့ပန်းများ ထပ်မံလှဲလှယ်
- အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်) ဖွဲ့စည်းထားမှုကို အသိအမှတ်ပြုပေးရန် တောင်းဆို
- ရခိုင်နှင့် ပလက်ဝတွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် တစ်နှစ်အတွင်း သေဆုံး၊ ဒဏ်ရာရသူ ၂၂၀ ကျော်ရှိခဲ့
- မြောက်ဦးက စစ်ဘေးရှောင်များအတွက် ရိက္ခာထောက်ပံ့သည့် အစီအစဉ်ကို ICRC မှ WFP သို့ လွှဲပြောင်း
- စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်သွားကြသော စစ်ဘေးရှောင်များ ဘ၀ရပ်တည်ရေး ခက်ခဲနေ
- ဘူးသီးတောင်တွင် မြေမြှုပ်မိုင်းပေါက်ကွဲပြီး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
- ၂၀၂၂ တွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ဧက တစ်သိန်းနီးပါးအထိ မြင့်တက်ခဲ့ကြောင်း ကုလထုတ်ပြန်
- မင်းပြားတွင် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး သေဆုံး
စစ်တပ်က ဖမ်းဆီးထားသည့် ကိုဇေယျကျော်ကို တစ်လကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရ
မြန်မာစစ်တပ်က ဖမ်းဆီးခံထားသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ အသက် (၄၇)အရွယ် ကိုဇေယျကျော်မှာ လက်ရှိတွင် အချိန်တစ်လအထိ ကြာမြင့်လာနေပြီဖြစ်သော်လည်း မိသားစုဝင်များနှင့် တစ်စုံတစ်ရာ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။
16 Dec 2022

DMG | ဒီဇင်ဘာ ၁၆
မြန်မာစစ်တပ်က ဖမ်းဆီးခံထားသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ အသက် (၄၇)အရွယ် ကိုဇေယျကျော်မှာ လက်ရှိတွင် အချိန်တစ်လအထိ ကြာမြင့်လာနေပြီဖြစ်သော်လည်း မိသားစုဝင်များနှင့် တစ်စုံတစ်ရာ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။
ကိုဇေယျကျော်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က တောင်ကုတ်မြို့ ဦးဥတ္တမပန်းခြံအနီး ရှိနေစဉ် အိမ်စီးကား အဖြူရောင်တစ်စီးဖြင့် မြန်မာစစ်တပ် တပ်ဖွဲ့ဝင် (၄) ဦးက လာရောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့အထိ သတင်းအစအန မရသေးကြောင်း ကိုဇေယျကျော်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာလည်း မသိရသေးဘူး။ မိသားစုတွေကတော့ လိုက်ရှာကြတာပေါ့။ ဒါပေမယ့် ဘယ်မှာထိန်းသိမ်းထားလဲ၊ ဘယ်ကိုခေါ်သွားလဲဆိုတာ မသိရသေးဘူး။ ဖုန်းနဲ့ အကြောင်းကြားလာတာလည်း မရှိဘူး” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့၊ ည ၁၁ နာရီအချိန်တွင် ကိုဇေယျကျော်၏ ညီဖြစ်သူ ကိုစည်သူကျော်ဇံ(ခ) ကိုမိုက်ကယ်ကိုလည်း မြန်မာစစ်တပ်က စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားပြီး သုံးရက်အကြာမှာ ကိုဇေယျကျော်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယင်းနောက်ပိုင်း နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကိုစည်သူကျော်ဇံ(ခ) ကိုမိုက်ကယ်ကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ကိုဇေယျကျော်မှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်သည်။
“ မိသားစုတွေ အရမ်းစိုးရိမ်နေကြပါတယ်။ သူ့မိန်းမဆိုရင် စိတ်နဲ့လူနဲ့မကပ်ဘူး ဖြစ်နေတယ်။ အခုဆိုရင် သူ့ယောက်ျားကိုဖမ်းသွားတာ ၁ လကျော်ကြာသွားပြီးလေ။ သူ့မှာက မူလတန်းအရွယ်ကလေး နှစ်ယောက်ရှိတယ်” ဟု ၎င်းက ဆိုသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲကာလအတွင်း သံသယဖြင့် ဖမ်းဆီးခံရသူအများ အပြားရှိခဲ့ပြီး DMG မှ လက်လှမ်းမီ သလောက် ကောက်ယူထားသောစာရင်းအရ ၂၀၂၂ ခုနှစ် ဇွန်လမှ စက်တင်ဘာလအထိ ဖမ်းဆီးခံရသူ ၁၄၀ ဦးအထိရှိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ မတရားအသင်းဆက်သွယ်မှု ဥပေဒပုဒ်မ၊ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မတို့ဖြင့် အမှုဖွင့်ခံထားရကာ ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်များနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံး နေသူများလည်း အပြားအများရှိနေသေးသည်။