ဒုက္ခသည်စခန်း ပိတ်သိမ်းခြင်းက ဘင်္ဂလီအရေးကို ဖြေရှင်းနိုင်မည်လော

၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကြောင့် နေအိမ်၊ အဆောက်အဦး အမြောက်အများ ပျက်စီးပြီး ရခိုင်လူမျိုးများ၊ ဟိန္ဒူဘာသာဝင်များအပါအဝင် ဘင်္ဂလီလူမျိုးများစွာလည်း ဒုက္ခသည်စခန်းများတွင် ခိုလှုံခဲ့ရသည်။ ယင်းစခန်းများတွင် ခိုလှုံနေထိုင်နေသည့် ဒုက္ခသည်များသည် စိတ်မွန်းကျပ်မှုများ၊ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်း လုံလောက်စွာ မရရှိမှုများနှင့်ဖြတ်သန်းနေကြသည်။

06 Jan 2018

(စစ်တွေမြို့နယ်ရှိ ဘင်္ဂလီဒုက္ခသည်စခန်းတစ်ခုအား တွေ့ရစဉ်။ ဓါတ်ပုံ - DMG)

ဇန်နဝါရီလ ၆ ရက်၊ ၂၀၁၇ ခုနှစ် ။     ။    ၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကြောင့် နေအိမ်၊ အဆောက်အဦး အမြောက်အများ ပျက်စီးပြီး ရခိုင်လူမျိုးများ၊ ဟိန္ဒူဘာသာဝင်များအပါအဝင် ဘင်္ဂလီလူမျိုးများစွာလည်း ဒုက္ခသည်စခန်းများတွင် ခိုလှုံခဲ့ရသည်။ ယင်းစခန်းများတွင် ခိုလှုံနေထိုင်နေသည့် ဒုက္ခသည်များသည် စိတ်မွန်းကျပ်မှုများ၊ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်း လုံလောက်စွာ မရရှိမှုများနှင့်ဖြတ်သန်းနေကြသည်။

ယင်းကြောင့် နိုင်ငံတကာကလည်း ဒုက္ခသည်စခန်းများ ပိတ်သိမ်းရေးနှင့် မူလနေရာများတွင် နေထိုင်ရေး၊ နေရာသစ်များနေရာချထားနိုင်ရန် တောင်းဆိုမှုများပြုလုပ်လာခဲ့သည်။ ၂၀၁၂ ခုနှစ်ကစတင်ခဲ့သည့် ဒုက္ခသည် စခန်းများကို ယခင်ဦးသိန်းစိန်အစိုးရကမူ ဒုက္ခသည်စခန်းပိတ်သိမ်းရေး စွမ်းဆောင်နိုင်မှုမရှိခဲ့ပေ။

ယခင်အစိုးရ၏ ကောင်းမွေဆိုးမွေများကို ဆက်ခံရသည့် ယခု NLD အစိုးရသစ်အတွက် ထိုပြဿနာသည်လည်း ခေါင်းခဲစရာကိစ္စကြီးတစ်ခုအဖြစ် နေရာယူခဲ့သည်။

ဒေသတွင်း နှစ်ဖက်အုပ်စုကြား ယုံကြည်မှုပပျောက်နေမှုကို ယခင်ကကဲ့သို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် အစိုးရသစ်တက်စကတည်းကပင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့သည်။

နိုင်ငံတကာဖိအားများကြား အဓိကစိန်ခေါ်မှုကြီး တစ်ခုဖြစ်နေသည့် ရခိုင်ပြဿနာကို ဖြေရှင်းရန် အစိုးရသစ် ပြုလုပ်နေစဉ်ကာလတွင်းမှာ မောင်တောဒေသမှာ ဘင်္ဂလီအကြမ်းဖက်မှုများပေါ်ပေါက်လာခဲ့သည်။ ယင်းကြောင့်အစိုးရမှာ ယခင်ရည်မှန်းထားခဲ့သည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ခွင့်မရတော့ဘဲ အကြမ်းဖက်မှု အား အာရုံစိုက်ခဲ့ရသည်။

သို့သော်လည်း ဒုက္ခသည် စခန်းပိတ်သိမ်းရေးကိစ္စကား ဆောင်ရွက်ရမယ့်ကိစ္စတစ်ခုဖြစ်လာသည်။ ကိုဖီအာနန် ကော်မရှင်က ဒုက္ခသည်စခန်းပိတ်သိမ်းရေး အချက်များပါဝင်သည့် ကြားဖြတ်အစီရင်ခံစာတစ်ခုအား ပြီးခဲ့သည့်နှစ် မတ်လအတွင်းက ထုတ်ပြန်ခဲ့ရာကစပြီး ယင်းကိစ္စများ အကောင်အထည်ပေါ်လာခဲ့သည်။

ပထမဦးစွာအနေဖြင့် ရခိုင်နှင့်ကမန် ဒုက္ခစခန်းများအား အစိုးရက ပိတ်သိမ်းနိုင်ခဲ့သည်။ ရခိုင်ဒုက္ခသည်များ အား သတ်မှတ်ထားသည့်နေရာများသို့ အောင်မြင်စွာပြောင်းရွှေ့နိုင်ခဲ့ပြီး ကမန်ဒုက္ခသည်များကမူ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့သည်။

ဘင်္ဂလီဒုက္ခသည်စခန်းများသည် မြေပုံ၊ စစ်တွေ၊ ပေါက်တောမြို့နယ်များတွင်ရှိပြီး ဘင်္ဂလီ (၁) သန်းကျော် ခိုလှုံလျက် ရှိကြသည်။ ၎င်းတို့မှာ လွတ်လပ်စွာသွားလာမှု ကန့်သတ်ခံထားရသည်။ အရေးကြီးသည့် ကိစ္စရပ်များ ပေါ်ပေါက်လျှင်ပင် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ရသည်။

(၆)နှစ်ခန့်ပင် ပိတ်လောင်ခံထားရသည့် ဘင်္ဂလီဒုက္ခသည်များပြဿနာဖြေရှင်းရန် အလွန်အရေးကြီးလှသည်။ ယင်းကဲ့သို့ ဒုက္ခသည်စခန်းတွင် နေရာချထားခြင်းသည် ကြာလာလျှင် ပို၍ဖြေရှင်းရန် ခက်ခဲမည်ဖြစ်ကာ အချိန်မရွေးထပ်မံပေါက်ကွဲနိုင်လာနိုင်သည်ဟု ဘင်္ဂလီအရေးလေ့လာသူများက သုံးသပ်ထားကြသည်။

" ဒီစခန်းထဲမှာပဲ ရာသက်ပန်ထားလို့ရတာမဟုတ်ဘူး။ အဲတော့ ဒါက ဖြေရှင်းရမယ့် ပြဿနာ တစ်ခုဖြစ်တယ်။ ပထဆုံးလိုအပ်တာက နိုင်ငံသားပြဿနာဖြစ်တာပေါ့။ ၈၂ ဥပဒေနဲ့အညီ သူတို့ကို နိုင်ငံသား၊ ဟုတ်မဟုတ်ဆိုတာကို ပထမဆုံး စစ်ဆေးဖို့လိုတယ်။ အဲဒါစစ်ဆေးလို့ ထွက်လာရင်တော့သူတို့ကို နိုင်ငံသားဖြစ်တယ်ဆိုရင် သူတို့ပြန်လည် နေရာချထားလို့ ရတာပေါ့။ ဘယ်သူမှ မပြောသေးတဲ့ ကိစ္စတစ်ခုကတော့ ၈၂ ဥပဒေအရ မညီဘူး၊ နိုင်ငံသားမဟုတ်ဘူးဆိုရင် ဘယ်လိုလုပ်မလဲဆိုတာ အစိုးရလည်း မပြောဘူး။ ဘယ်သူမှမပြောကြသေးဘူး။ ပြဿနာကတော့ ဒုက္ခသည်စခန်းအဖြစ် ဒီအတိုင်းဆက်ထားမယ်ဆိုရင်တော့ နိုင်ငံတကာက လက်ခံနိုင်တဲ့ ကိစ္စမဟုတ်တဲ့အတွက် နိုင်ငံတကာနဲ့ စကားများနေမှာပဲလေ။ " ဟု တိုင်းရင်းသားရေးရာ လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုသည်။

မြန်မာအစိုးရက ဖွဲ့စည်းပေးလိုက်သည့် ကိုဖီအာနန်ကော်မရှင်သည် စစ်တွေ၊ မြောက်ဦး၊ မြေပုံ၊ မောင်တော၊ ရန်ကုန် စသည့် ဒေသများသို့ သွားရောက်ခဲ့ကာ ဆွေးနွေးမှု ၁၀၀ ကျော်ပြုလုပ်ခဲ့ပြီး အပြီးသတ်အစီရင်ခံစာကို ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ထုတ်ပြန်ခဲ့သည်။

ယင်းအစီအရင်ခံစာမှာ ယခင်ကြားဖြတ်အစီအရင်ခံစာကဲ့သို့ ဒုက္ခသည်စခန်း ပိတ်သိမ်းရေးကိစ္စ တိုက်တွန်းထား သည်။ အစိုးရကမူ အကြံပြုချက်များအား အလေးအနက် ထားကြိုဆိုပြီး မြေပြင်အခြေအနေအပေါ် မူတည်၍ အမြန်ဆုံးအကောင်ဖော်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အထည်ဖော်ရေးဆိုင်ရာကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။

ယင်းကော်မတီအနေဖြင့် ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်ဖြစ်သော ဒုက္ခသည်စခန်းကိစ္စနှင့် လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်လာသည်ကို တွေ့ရသည်။ ဇန်နဝါရီလ ၁ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရရုံးတွင် ယင်းကိစ္စရပ်များနှင့် ပတ်သတ်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးဆိုင်ရာကော်မတီက အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့သည်။

ဒုက္ခသည်စခန်းများသည် ခေတ္တနေထိုင်ရာ စခန်းများသာဖြစ်ပြီး ဒုက္ခသည်စခန်းတွင် နေထိုင်သူများက လက်ရှိစခန်းကို ပိတ်သိမ်းပြီး သင့်တော်သောနေရာများတွင် ပြန်လည်နေရာချထားရန် သဘောတူမှုများရရှိခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ 

" ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က တည်ရှိခဲ့သော IDP စခန်းများသည် ဘေးဖြစ်စဉ်များကြောင့် ခေတ္တ နေထိုင်ရာ စခန်းများသာဖြစ်သင့်သော်လည်း ယခုအခါ (၅)နှစ်ကျော် ကြာတည်ရှိခဲ့ပြီဖြစ်ကြောင်း၊ IDP စခန်းတွင် နေထိုင်ကြရသူများ သွားလာခွင့်နှင့် အသက်မွေးကြောင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့မှုများကို ရေရှည်မှီခိုခြင်းထက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခြင်း၊ ပညာရေး၊ ကျန်းမာရေး လက်လှမ်းမီခြင်းသည် ၎င်းတို့အတွက် ပိုမို၍ အကျိုးဖြစ်ထွန်းစေမည် " ဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ရေးဆိုင်ရာ ကော်မတီ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုခဲ့သည်။

လက်ရှိမှာ အစိုးရအနေနှင့် စစ်တွေမှာ အကြီးဆုံးဒုက္ခသည်စခန်းဖြစ်သည့် သက္ကယ်ပြင်ကယ်ဆယ်ရေးစခန်းကို ပိတ်သိမ်းရန် စီစဉ်လျက်ရှိသည်။ သို့သော် ၎င်းတို့အား မည်သည့်နေရာတွင် နေရာချပေးမည်ဟူသည့်ကိစ္စကို အသေးစိတ်သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဘင်္ဂလီများအား ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာသွားလာခြင်းပေးလိုက်လျှင် ရခိုင်လူမျိုးများနှင့် ထိတွေ့ ဆက်ဆံမှုများများပြုလုပ်ရမည်ဖြစ်သည်။ လူမျိုးမတူ ဘာသာမတူသည့် လူ့အဖွဲ့အစည်းနှစ်ခုသည် ယခင်က ဆက်ဆံရေးပြေလည်ခဲ့သော်လည်း ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ယခင်ကဲ့သို့ ပြန်လည်နေထိုင်နိုင်ရေး အဆင်မပြေတော့ပေ။ ယုံကြည်မှု မရှိတော့သောကြောင့် ၂၀၁၂ ခုနှစ်က ကဲ့သို့ ပြဿနာများ ပြန်လည်ပေါ်ပေါက်လာမည်ကို ရခိုင်လူမျိုးတို့က စိုးရိမ်ကြသည်။

နိုင်ငံတကာအသိုင်းအဝန်းဘက်ကမူ ယနေ့ ကမ္ဘာတွင် မည်သည့် နိုင်ငံမှာမှ လူမျိုးတစ်မျိုးတည်း မနေကြဟူသည့် အချက်ကို စွဲကိုင်ပြီး " အတူတကွ ယှဉ်တွဲနေထိုင်ရေး" ဆိုသည့် ခေါင်းစဉ်ကအောက်က သွားကြသည်။ ရခိုင်တို့ဘက်ကမူ ပြည်နယ်အတွင်း တိုင်းရင်းသားများစွာရှိသော်လည်း တစ်စုံတစ်ရာ ပြဿနာ ဖြစ်ပွားခြင်းမရှိဘဲ ဘင်္ဂလီများနှင့်သာ ပြဿနာများပေါ်ပေါက်ရသည်ဟု ပြောဆိုကြသည်။

"စစ်တွေမှာလည်း သူတို့ကို နေရာချထားပေးထားတာပဲ။ နဂိုမူလနေရာကို ပေးလို့တော့ မဖြစ်နိုင်ဘူး။ နဂိုမူလနေရာဟာ ရခိုင်သားတွေနဲ့ နီးစပ်တယ်။ စစ်တွေမြို့မှာ လူပေါင်းစုံရှိနေတယ်။ နောက်ပြီးတော့ ဆိုးဆိုးရွားရွား ကုလားတွေလည်း စစ်တွေမြို့မှာ စုနေတာတွေ ရှိတယ်။ ဒါကြောင့် နဂိုမူလနေရာမှာ ပေးဖို့ကတော့ လုံးဝဖြစ်နိုင်စရာမရှိ " ဟု မြေပုံမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောကြားသည်။

ဘင်္ဂလီများနှင့် ရခိုင်လူမျိုးများသည် အတူအတွယှဉ်တွဲနေထိုင်ရေးကိစ္စမှာ ဖြစ်နိုင်စရာ မရှိတော့ပြီ ဖြစ်ကြောင်း နှင့် နောက်တစ်ကြိမ် ပြဿနာဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့ကို ရခိုင်လူမျိုးများနှင့်ဝေးကွာသည့် နေရာများတွင်သာ နေရာချထားပေးသင့်သည်ဟု ဦးအောင်ဝင်းက အကြံပြုပြောဆိုသည်။

" နဂိုမူလနေရာပေးလိုက်ရင် ဒီနေ့ပေးရင် မနက်ဖန် ပြဿနာဖြစ်ကြမှာ။ နောက်တစ်ခုက အတူယှဉ်တွဲနေ ထိုင်ရေးကိစ္စက လုံးဝမဖြစ်နိုင်တော့ဘူး။ မဖြစ်နိုင်တာဆိုတာ သမိုင်းသက်သေတွေ ရှိတယ်မလား။ ၁၉၄၂ နှစ်မှာ တစ်ကြိမ်၊၂၀၁၆ ခုမှာ တစ်ကြိမ်နဲ့ ၂၀၁၂ ခုနှစ်မှာ တစ်ကြိမ် ဖြစ်ခဲ့ပြီးပြီ။ပြိုပြီးပြီး။မီးလောင် ပြီးပြီ။သေပြီးပြီ။ အတူယှဉ်တွဲနေထိုင်ရေး မဖြစ်နိုင်တော့ဘူး။ သူတို့ကို သီးသန့်ထားရမယ် " ဟု ၎င်းက ပြောကြားသည်။

ဘင်္ဂလီများအနေဖြင့် နိုင်ငံ၏ အခွင့်အရေးများနှင့် လွတ်လပ်စွာ သွားလာခွင့် ရရှိရန်မှာ နိုင်ငံသားဖြစ်မှုက အဓိက ကျသည်။  အစိုးရ အနေဖြင့် ဘင်္ဂလီစခန်းများသွားရောက်၍ နိုင်ငံဖြစ်မှုပြုလုပ်သော်လည်း ပူးပေါင်းပါဝင်မှုအားနည်းသည်။ ယင်းကဲ့သို့ပင် နိုင်ငံတကာအဖွဲ့အစည်းများကလည်း တရားဥပဒေနှင့်အညီ နိုင်ငံသားလျှောက်ထားခွင့်အား အလေးထားအသိအမှတ်ပြုခြင်းများ မရှိပေ။

လက်ရှိ အစိုးရအနေဖြင့် ဘင်္ဂလီများအား နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card ) ကိုင်ဆိုင်နိုင်ရန် လုပ်ဆောင်ပေးနေပြီး ယင်းကတ်ပြားကိုင်ဆောင်သူများသည် မြန်မာနိုင်ငံအတွင်း နေထိုင်သူအဖြစ် သက်သေခနိုင်ခြင်း၊ မြန်မာနိုင်ငံဥပဒေနှင့်အညီ နိုင်ငံသားစိစစ်မှုခံယူရန် လျှောက်ထားပိုင်ခွင့်ရှိခြင်း၊ ယင်းကတ်ပြား ကိုင်ဆောင်သူ မိဘများမှ မွေးဖွားလာသော သားသမီးများသည် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသား စိစစ်မှုခံယူရန် လျှောက်ထားပိုင်ခွင့်ရှိခြင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ မည်သည့်အရပ်ဒေသကိုမဆို သွားလိုပါက သက်ဆိုင်ရာ  တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ဒေသန္တရအမိန့်နှင် ညွှန်ကြားချက်များနှင့် ခရီးသွားလာခွင့်ရှိကြောင်း အစိုးရကဘက် ထုတ်ပြန်ထားသည်။

ဘင်္ဂလီပြဿနာဖြေရှင်းရာတွင် နိုင်ငံသားစိစစ်ရေးလုပ်ငန်းသည် အဓိက ကျသည်ဟု ရခိုင်လူမျိုးများနှင့် ဘင်္ဂလီအရေးလေ့လာသုံးသပ်သူများကထောက်ပြကြသည်။

" ၁၉၈၂ ခု ဥပဒေနဲ့ စိစစ်လို့ နိုင်ငံသားဖြစ်တဲ့သူတွေကို မြန်မာတစ်နိုင်ငံလုံးမှာ လွတ်လွတ်လပ်လပ် သွားခွင့်ပေးရမယ်။ ရခိုင်ပြည်နယ်မှာချည်း လှောင်ထားလို့ မရဘူး။ နိုင်ငံဖြစ်တယ်သူတွေကို နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးတွေကို အပြည့်အဝပေးရမယ်။ ရှမ်း၊ ကချင်၊ ဗမာပြည်နယ်ကို သွားသွား သွားချင်တဲ့နေရာကို လမ်းဖွင့်ပေးရမယ်။ ဒါပေမယ့် နိုင်ငံသား မဖြစ်တဲ့သူတွေကိုတော့ မပေးသင့်ဘူး။ " ဟု ဦးအောင်ဝင်းကပြောသည်။

 

ဖဒူ ထွန်းအောင်

၅/၁/၂၀၁၈

(စစ်တွေမြို့နယ်ရှိ ဘင်္ဂလီဒုက္ခသည်စခန်းတစ်ခုအား တွေ့ရစဉ်။ ဓါတ်ပုံ - DMG)