မမေ့ထိုက်သည့် ၃၁

သမိုင်းဟူသည် အတိတ်ကာလများက ဖြစ်ပျက်ခဲ့သည့် အမှန်တရား။ ထိုအမှန်တရားများကို ပြန်လည်တူးဆွခြင်းသည် အနာဟောင်းကို အပ်ဖြင့်ဆွသလို တစ်ဖက်နှင့်တစ်ဘက် အမုန်းပွားကြရန်လည်း မဟုတ်ပေ။ အတိတ်၌ဖြစ် ပျက်ခဲ့သမျှ အကောင်းဖြစ်စဉ်များကို အတုယူကြနိုင်ရန်နှင့် အဆိုးဖြစ်စဉ်များကို သင်ခန်းစာယူကာ  လက်ရှိအချိန်တွင် မိမိတို့၏ တိုင်းပြည်နိုင်ငံအတွက် အကောင်းဆုံးသော အကျိုးများကို သယ်ပိုးနိုင်ကြရန်ပင် ဖြစ်သည်။

By ဧကရာဇ် 02 Jan 2019

Written by ; ဧကရာဇ် / DMG

သမိုင်းဟူသည် အတိတ်ကာလများက ဖြစ်ပျက်ခဲ့သည့် အမှန်တရား။ ထိုအမှန်တရားများကို ပြန်လည်တူးဆွခြင်းသည် အနာဟောင်းကို အပ်ဖြင့်ဆွသလို တစ်ဖက်နှင့်တစ်ဘက် အမုန်းပွားကြရန်လည်း မဟုတ်ပေ။ အတိတ်၌ဖြစ် ပျက်ခဲ့သမျှ အကောင်းဖြစ်စဉ်များကို အတုယူကြနိုင်ရန်နှင့် အဆိုးဖြစ်စဉ်များကို သင်ခန်းစာယူကာ  လက်ရှိအချိန်တွင် မိမိတို့၏ တိုင်းပြည်နိုင်ငံအတွက် အကောင်းဆုံးသော အကျိုးများကို သယ်ပိုးနိုင်ကြရန်ပင် ဖြစ်သည်။

ရခိုင်သမိုင်းထဲတွင် အတိတ်က အမှားများကို  သင်ခန်းစာယူကာ မိမိကိုယ်ကို ပြန်လည်တည်ဆောက်ခဲ့သည့် မင်းစောမွန်ဆိုလျှင် မြောက်ဦးမြို့တည် နန်းတည်ဘုရင်တစ်ပါးပင် ဖြစ်သည်။ မင်းစောမွန် မြောက်ဦးမြို့ကို စတင်တည်ထောင်စဉ် မြောက်ဦးသည် ချုံနွယ်ပိတ်ပေါင်းများနှင့်ပင် ရှိသေးသည်။ သို့သော် တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်း တစ်ဦးပီပီ  တည်ဆောက်နိုင်ခဲ့သဖြင့် မြောက်ဦးသည် ရခိုင်သမိုင်းထဲတွင် အထင်ရှားဆုံး ဘုရင့်နိုင်ငံတစ်ခုသို့ ရောက်ရှိခဲ့ပြီး ပထမမြောက်ဦးခေတ်တွင် မင်းဆက်(၁၂)ဆက်၊ ဒုတိယ မြောက်ဦးခေတ်တွင် မင်းဆက်(၉)ဆက်နှင့် တတိယမြောက်ဦးခေတ်တွင် (၂၈)ဆက်ခန့် အုပ်ချုပ်နိုင်ခဲ့ကာ နှစ်ပေါင်း( ၃၃၅) နှစ် အထိ အဓွန့်ရှည်တည်တံ့ခဲ့သည်။

သို့သော်  တတိယမြောက်ဦးခေတ်သို့ ရောက်သောအခါ မြောက်ဦးသည် အကျဘက်သို့ ဦးတည်လာခဲ့သည်။ အဓိကအကြောင်းအရင်း တစ်ခုမှာ တိုင်းပြည်အုပ်ချုပ်သည့် ဘုရင်များသည် ညီညွတ်မှုကို မတည်ဆောက်နိုင်ခဲ့ကြ။ ဘုရင်၏ လက်အောက်ခံ ခေါင်းဆောင်များသည်လည်း မိမိတို့၏ အဖွဲ့အစည်းများအလိုက် ပုန်ကန်ခဲ့ကြသည်။ ဤအကြောင်းအရာများသည် မြောက်ဦးကျဆုံးရခြင်း၏ အဓိက အကြောင်းအရင်းများပင် ဖြစ်ခဲ့သည်။ မြောက်ဦး၏ နောက်ဆုံးနေ့ရက်များဟု ဆိုရမည့် မဟာသမ္မတရာဇာမင်း လက်ထက်သို့ ရောက်သောအခါ မာန်အောင်ကျွန်းတွင် သတိုးဖြူမင်း၊ ကြပ်စင်ကျွန်းတွင် ငသံတွေမင်း၊ ငကြဉ်းတောင်တွင် ဓားမနိုင်မင်း၊ ပိန္နဲချောင်းကျွန်းတွင် ကောင်းညွန့်ရန်တိုင်မင်း၊ တောင်ကုတ်- တန်းလွှဲတွင် ကျော်ထွီးမင်း၊ ရိုးကျွန်းတွင် ရွှေစာမင်းစသည်ဖြင့် မဟာသမ္မတရာဇာ အပါဝင် စုစုပေါင်း (၈)မင်းခန့်တောင် ရှိခဲ့သည်။

မဟာသမ္မတရာဇာမင်းအပြင် ကျန်မင်း (၇)မင်းသည် မဟာသမ္မတရာဇာ ဘုရင်အား လုပ်ကြံချင်ကြသည်။ ဘုရင်လုပ်ချင်ကြသည်။ ထို (၇)မင်းတို့သည်လည်း တစ်မင်းနှင့်တစ်မင်း ညီညွတ်မှုကို မတည်ဆောက်နိုင်ခဲ့ကြပေ။ အကယ်၍သာ သက္ကရာဇ် ၁၁၄၆ ခုနှစ် ဗမာဘုရင်၏ ကျုးကျော်တပ်များအား ဤမင်း (၇) မင်းသာ ညီညီညွတ်ညွတ်ဖြင့် တိုက်ခိုက်ခဲ့ပါက မြောက်ဦးသည် ယနေ့တိုင် အသက်ရှင် ကျန်ရစ်နေပေမည်။ ဗမာဘုရင်၏ ကျုးကျော်စစ်ကို ပထမဆုံးတိုက်ခိုက်ခဲ့သူမှာ တန်းလွှဲတွင် မင်းလုပ်နေသည့် တောင်မင်းကျော်ထွီးပင် ဖြစ်သည်။ သို့သော် တောင်မင်းကျော်ထွီးသည် အမတ် (၂) ဦးအား မြောက်ဦးသို့ စေလွှတ်၍ မဟာသမ္မတရာဇာမင်းထံမှ စစ်ကူတောင်းသည်။ သို့သော် မဟာသမ္မတရာဇာသည် တောင်မင်းကျော်ထွီးအား မယုံကြည်သောကြောင့် စစ်ကူ မပေးခဲ့ပေ။

တောင်မင်းကျော်ထွီးသည် မိမိ၏ စစ်သည်များဖြင့် ကြိုးစားတိုက်ခိုက်ခဲ့သော်လည်း အင်အားမမျှတသောအခါ “ရခိုင်ပြည်တွင် ငါတစ်ဦးသာမင်းမဟုတ် တစ်ခြားမင်းများလည်း ရှိသည်။ သို့သော် ထိုသူတို့ကား ကျုးကျော်လာသူများကို လက်ပိုက်ကြည့်နေကြသည်” ဆိုသည့် အတွေးများ ဝင်လာသောအခါ တောင်ကုတ် - တန်းလွှဲခံတပ်သည်လည်း ကျိုးပျက်ခဲ့ရသည်။ ရန်သူအင်အား များပြားကြောင်းကို မဟာသမ္မတရာဇာမင်း သိသောကြောင့် နန်းတွင်း၌ တိုင်ပင်လေသောအခါ ဓားပိုင်ကြီးကျော်ပုံ တစ်ဦးသာ တိုင်းပြည်အတွက် သမီးကညှာနှင့် လက်ဆောင်ဘဏ္ဍာများ ဆက်သကာ ငြိမ်းချမ်းရေးကို တည်ဆောက်ပါဟု လျှောက်ထားခဲ့သည်။ သို့သော်လည်း ဘုရင်ဖြစ်သူက လက်မခံခဲ့ပေ။ နောက်ဆုံးတွင် ဓားပိုင်ကြီး ကျော်ပုံသည်လည်း မိမိ၏ မိသားစုနှင့်အတူ မြောက်ဦးမှ  ထွက်ခွာသွားလေတော့သည်။

မဟာသမ္မတရာဇာမင်းသည်လည်း မိမိအကြံများ မအောင်မြင်သောအခါတွင် မြောက်ဦးနန်းတော်မှ ထွက်ခွာလေတော့သည်။ သို့သော် ဘုရင်ထွက်ပြေးသည်ကို တိုင်းသူပြည်သားအများစုက စိတ်မကောင်း မဖြစ်ခဲ့ကြဘဲ မိမိတို့၏ ဘုရင်ကိုပင်လျှင် ကျုးကျော်လာသူများထံ သို့ ဖမ်းဆီးပေးမည့်သူများသာ ရှိခဲ့သည်။ ထို့ကြောင့် မဟာသမ္မတရာဇာမှာ အခြေအနေ  မလှသောကြောင့် မိမိ၏ဇာတိ ရမ်းဗြဲကျွန်းသို့ ပြန်လည်ထွက်ခွာသော အခါ၌ ၁၁၄၆ ခု ပြာသိုလဆုတ် ၇ ရက်နေ့တွင် မြောက်ဦးမြို့တော်သည် ရန်သူ့လက်အောက်သို့ ကျရောက်ခဲ့ကာ ၁၁၄၆ ခု ပြာသိုလကွယ် တနင်္ဂနွေနေ့တွင် မဟာသမ္မတရာဇာမင်းမှာ ကျုးကျော်လာသူများထံတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။

ဖမ်းဆီးခံရသည်တွင် မဟုတ်သေး။ မဟာသမ္မတရာဇာ၏ အခြွေအရံများ၊ မင်းဆွေမင်းမျိုးများ၊ ပညာရှိမျိုးရိုးများ စသည်တို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်းများကို ပြုလုပ်ခြင်း ခံခဲ့ကြရသည်။ မဟာသမ္မတရာဇာ၏ မိဘုရားဖြစ်သော မြသန္တာအား ဗမာမင်း ဘိုးတော်မောင်ဝိုင်း၏ အတင်းအဓမ္မ သိမ်းပိုက်ခြင်းကိုလည်း ခံခဲ့ရသည်။ မဟာမြတ်မုနိဘုရားနှင့်တကွ တခြားသော တန်းဖိုးကြီးမားသည့် ပစ္စည်းများအပါအဝင် ရခိုင့်နိုင်ငံတော်၏ အချုပ်အခြာအာဏာသည်လည်း ထိုအချိန်မှစ၍ ဆိတ်သုံးခဲ့ရသည်။ ပြည်သူပြည်သားများမှာလည်း ကျီးလန့်စာစား ဘဝဖြင့် နေကြရကာ သုံ့ပန်းအဖြစ်လည်း အများအပြား ခေါ်ဆောင်ခြင်းကို ခံခဲ့ ကြရသည်။

ထိုသို့သော နာကျဉ်းဖွယ်ရာ သမိုင်းသင်ခန်းစာများကို ယနေ့ အများအကျိုးအတွက် ဆောင်ရွက်နေကြသည့် ရခိုင်ခေါင်းဆောင်များ အနေဖြင့် သံဝေဂယူကာ သတိရှိစွာဖြင့် အချင်းချင်း ညီညွှတ်မှုကို တည်ဆောက်ကြရန် လိုသည်။ ယင်ခင်က (၇)ကျွန်းရှိခဲ့၍ (၇)မင်းဆိုလျှင် ယခု ၁၇ မြို့နယ်တွင် (၁၇)မင်း ဖြစ်နေပါက ရခိုင်ပြည်နယ်၏ အနာဂတ်သည် မည်သို့ ရေရာပါတော့မည်နည်း။ ခေါင်းဆောင်များ အချင်းချင်း မသင့်မြတ်ဘဲ မိမိတို့ အကျိုးစီးပွားနှင့် အုပ်စုကို အခြေခံ၍သာ သွားနေမည်ဆိုလျှင် ရခိုင်ပြည်နယ်၏ အမျိုးသားညီညွှတ်ရေးနှင့် အမျိုးသားသင့်မြတ်ရေးတို့သည် ထာဝရဝေးနေမည်သာ ဖြစ်သည်။

ယနေ့အချိန်တွင် ရခိုင်အချင်းချင်း အပြန်အလှန်လေးစားမှု၊ ရခိုင်အချင်းချင်း ကိုယ်ချင်းစာနာမှု၊ ရခိုင်အချင်းချင်း တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုကို တည်ဆောက်ကြရမည့် အချိန်လည်း ဖြစ်သည်။ ဗမာမင်းများ လက်အောက်တွင်ရှိစဉ်က ဗိုလ်ချင်းပျံသည် ရခိုင်ပြည်နယ် ပြန်လည်လွှတ်မြောက်ရေးအတွက် တစ်စုံတစ်ခုအထိ ခရီးရောက်ခဲ့သည်။ သို့သော် ဗိုလ်ချင်းပျံသည် ရခိုင်ပြည်အား ပြည်လည်ရရှိပါက လူပေါင်း(၃၇၀၀)ကို သတ်ပစ်မည်ဟူသည့် လျို့ဝှက်ဆွေးနွေးမှု တစ်ခုအား ပြုလုပ်ခဲ့သည်။ ထိုလျို့ဝှက်ချက် ပေါက်ကြားသွားသောအခါ၌ အောင်မြင်ချိန်နီးနေပါလျက် ဗိုလ်ချင်းပျံ၏ တပ်များမှာ ရှုံးနိမ့်ခဲ့ကြရသည်။ စင်စစ်အားဖြင့် ဗိုလ်ချင်းပျံသည် မြောက်ဦးမြို့မှအပ ကျန်သည့်နေရာအများစုကို သိမ်းပိုက်ထားနိုင်ခဲ့သူ ဖြစ်သည်။ ခေါင်းဆောင်တစ်ယောက်၏ အတွေးတစ်ချက် မှားခြင်းသည် ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသည် ဖြစ်သောကြောင့် ခေါင်းဆောင်များအနေဖြင့် အမှားနည်းစွာ လုပ်ကိုင်တတ်ရန်လည်း လိုအပ်လာသည်။

တစ်ဖန် ၁၈၂၆ တွင် ရခိုင်ပြည် အင်္ဂလိပ်လက်အောက်သို့ ရောက်ရှိခဲ့ပြန် သည်။ ဤအချိန်တွင်လည်း မင်းသားကြီး ရွှီဘန်း၊ ဒေးဝန်းကြီး အောင်ကျော်ရွှီ နှင့် မြို့သူကြီး အောင်ကျော်ဇံတို့သည် အင်္ဂလိပ်တို့အား တိုက်ထုတ်ရန် စီစဉ်ခဲ့ကြသည်။ သို့သော် သူတို့အထဲမှ ခေါင်းဆောင်တစ်ဦးဖြစ်သော စံရဖွေဆိုသူ၏ သစ္စာဖောက်မှုကြောင့် လွတ်လပ်ရေးမှာ ဝေးခဲ့ရသည်။

ထို့ကြောင့် အနာဂတ်ရခိုင်ပြည်နယ် တည်ဆောက်ရာတွင် ခေါင်းဆောင်အချင်းချင်း သင့်မြတ်ခြင်း အပါအဝင် ရခိုင်ပြည်ထဲတွင် အတူတကွ နေထိုင်လာကြသည့် တိုင်းရင်းသားများမှာလည်း သွေးစည်းညီညွှတ်ရန် လိုအပ်လာသည်။ အထူးသဖြင့် လက်ရှိ ရခိုင်လူငယ်များအနေဖြင့် မိမိတို့၏ အနာဂတ် ရခိုင်ပြည်နယ်အတွက် ညီညွတ်သော ခေါင်းဆောင်ကောင်းများဖြစ်ရန်နှင့် အနာဂတ် ရခိုင်ပြည်နယ်၏ အမျိုးသားအကျိုးစီးပွားကို တည်ဆောက်နိုင်ရန် ကြိုးစားကြရမည်လည်း ဖြစ်သည်။

ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော သမိုင်းဆိုးကြီးတစ်ရပ်သည် ရခိုင်နိုင်ငံရေး ရှေ့ခရီးများကို ပြေး၍ ရောက်နှင့်နေခဲ့သည့်အတွက် ရခိုင်ဟူသည် ကိုလိုနီဘဝဖြင့်သာ နေလာခဲ့ရသည်။ ထီးသုန်း၊ နန်းသုန်း၊ မြို့သုန်းကာ လူမျိုးလည်း သုန်းခဲ့ရသည်။ ထို့ကြောင့် ရခိုင်ခေါင်းဆောင်များ အချင်းချင်း ညီညွှတ်မှုကို တည်ဆောက်နိုင်ခြင်းသည် ရခိုင်လူမျိုးနှင့် ရခိုင်သမိုင်းသစ်အတွက် မဟာအောင်ပွဲတစ်ခုလည်း ဖြစ်ပေမည်။ ပဒေသရာဇ်စနစ်မှသည် ပြိုကွဲလာသော ညီညွှတ်မှုကို ယခုလည်း မတည်ဆောက်နိုင်ပါက သူများ ရယ်စရာတစ်ခုပင် ဖြစ်နေလိမ့်မည်။

သို့ဖြစ်ပါသောကြောင့် ဒီဇင်ဘာ ၃၁ ရက် ရခိုင်နိုင်ငံတော် ကျဆုံးခြင်းနေ့တွင် မိမိတို့၏ ဘိုး၊ဘေးများ၏ ဝိဉာဉ်များကို ကိုယ်ချင်းစာနာတတ်သော ခေတ်လူငယ်များ ဖြစ်ပေါ်လာစေရန် အနာဂတ် ရခိုင်ပြည်နယ်ကြီးအတွက် အမျိုးချစ်သော၊ သီလစောင့်သော၊ ညီညွှတ်သော လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ရန်  အချိန် ကျရောက်နေပြီဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် သမိုင်းမူကွဲများအရ ရခိုင်နိုင်ငံကျဆုံးခြင်းနေ့မှာ ကွဲလွဲမှုတချို့ရှိသော်လည်း ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၇၈၄ ခု ဒီဇင်ဘာလ ၃၁ ရက်နေ့ကို ရခိုင်ပြည်နယ်၏ အချုပ်အခြာအာဏာ ကျဆုံးသောနေ့ဟု ယနေ့မှတ်ယူနေကြကာ မြို့ပြများတွင်သာမက ကျေးလက်တောရွာများ၌ပင် ဆီးမီးထွန်းခြင်း၊ ဆွမ်းကျွေးခြင်း၊ ဟောပြောပွဲများကို ပြုလုပ်လျက်ရှိကြသည်မှာ လေးစားဖွယ်ပင် ဖြစ်သည်။

သို့သော်လည်း အတိတ်မှ သမိုင်းအနာတရများကို ဒေါသမာန်မာန မထားဘဲ သင်ခန်းစာတစ်ခုအနေဖြင့် အောက်မေ့နိုင်ကြရန်ဖြစ်ကာ ရခိုင်တစ်မျိုးသားလုံးဘ အနေဖြင့်လည်း ယင်းနေ့တွင်ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများ အားလုံးကို အောက်မေ့ကြလျက် အနာဂတ်တွင် ညီညွတ်သော ရခိုင်ပြည်နယ်၏ ရှေ့ခရီးများကို ဆက်လက်ချီတက်ကြနှင့် မမေ့ထိုက်သည့် ဒီဇင်လ ၃၁ ရက်နေ့ကို အစဉ်အောက်မေ့လျက် ရေးသားလိုက်ရသည်။

 

ကိုးကား

- ရခိုင်သမိုင်းထဲက ဘဝသင်္ခန်းစာများ (မင်းပြားမင်းသိန်းဇံ)

- သားကြီးဘားသို့ အိတ်ဖွင့်ပီးစာများ (ရိုးမလူ)

ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ထုတ် Development News Journal အမှတ်(၁၀၀) တွင်လည်း ဖတ်ရှုနိုင်သည်။